တောင်သူလယ်သမားများ အနားယူသော နေဝင်ချိန် ဖြစ်၍ တီဗွီရှေ့တွင် လူကြီးလူငယ် စုဝေးပြီး အပန်းဖြေ ကြည့်ရှု့နေကြသည်။
ထိုင်ကြည့်ရင်း “အာမို” “သြဘာ” စသည်ဖြင့် မြေသြဇာ ကြော်ငြာဝင်လာသည်။
မြေသြဇာ ကြော်ငြာနေသည်ကို လယ်သမား ဖြစ်ကြသည့် ရှားရယ်၊ ပို့ရယ်နှင့် သူငယ်ချင်းတစ်စု ကြည့်ပြီး၊ ပြောဆိုသံများကို ကြားနေရသည်။
“ပို့ရယ် ဟိုမှာတွေ့လား၊ မင်းလယ်ကို ကြော်ငြာထဲက မြေသြဇာနဲ့ ထည့်လိုက်ရင်၊ နောက်နှစ် မင်းစပါးကတော့ စပါးကျီနဲ့ မဆန့်တော့ဘူး” ဟု ရှားရယ်က ပြောလိုက်သည်။
ပိုးရယ်က “ရှားရယ် မင်းပြောတဲ့ ကြော်ငြာထဲက မြေသြဇာထက် ကောင်းတဲ့ မြေသြဇာ ရှိပါတယ်။”
“ထေးအီဆိုကူး” “ခူလီဆိုကူး” တဲ့။ “လင်းနို့ချေး အကုန်အသုံးပြုမယ်ဆိုရင် စျေးတောင် သက်သက်သေးတယ်” ဟု ပြန်ပြောသည်။
ဘေးနားထိုင်နေသော အဘိုး ဦးတရီးက “မင်းတို့ လင်းနို့ချေး ယူဖို့ နေနေသာ အကောင်တောင် မရှိတော့ဘူး” ဟု ပြန်ပြောသည်။
ဦးတရီး ပြောသည်မှာ မှန်ပါသည်။ အကြောင်းမှာ သဘာဝတရားကို မထိန်းသိမ်းတတ်သော ကျနော်တို့သည် အရာရာ ပျောက်ကွယ်လုနီးပါး ဖြစ်ကုန် ပါပြီ။ လင်းနို့ကောင်များကို ပိုက်ထောင်ဖမ်းဆီးစားသောက်ခြင်းဖြင့် တဖြည်းဖြည်း မျိုးသုန်းကုန်တော့သည်။
တန်ဖိုးရှိလှသော လင်းနို့်ချေးကို စိုက်ပျိုးရေး လုပ်ငန်းတွင် တွင်တွင်ကျယ်ကျယ် အသုံးမပြုနိုင်တော့ပါ။ လင်းနို့ငှက်သည် သဘာဝအားဖြင့် ညအချိန် အစာရှာထွက်ကြသည်။
နေထိုင်တတ်သော နေရာမှာ သဘာဝလိုင်ဂူများ၊ နေ့အချိန် အမှောင်ထုလွမ်းမိုးသော နေရာများ နေထိုင်အိပ်စက်ကြပါသည်။ လိုင်ဂူများတွင် အုပ်လိုက်များ ပြားစွာနေပါသည်။ ထိုနေရာများတွင် နှစ်ပေါင်း ကြာရှည်နေသောကြောင့် လင်းနို့ချေး များစွာ စွန့်ပုံလျက်ရှိပါသည်။
အနှံ့အသက် ဆိုးလှပါသည်။ ယခု တန်ဖိုးရှိလာသော သဘာဝ လင်းနို့ချေးကို အများဆုံး အသုံးပြုသည့် ရှမ်းပြည်နယ်၊ အင်းလေးဒေသအရပ်တွင်ပင် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲနယ်အထိ တစ်ပုံးကို (၁၀၀၀) ကျပ် ၀ယ်ယူကြပါသည်။
ဒီးမော့ဆိုနယ် ကျေးရွာများမှာတော့ လှည်းတစ်စီး တိုက်ရဖို့ ခက်ခဲလှပါသည်။ ဘောလခဲနယ် ကျေးရွာများသို့ သွားရောက်ဝယ်ယူရသဖြင့် သယ်ယူစရိတ် ကြီးမားပါသည်။ သစ်တောဌာနကလည်း ကင်းလွှတ်ခွင့် သိပ်မပေးသောကြောင့် အခွန်အခ ပေးဆောင်ရပါသည်။
ရှေးအခါက ကယားလူမျိုးတို့သည် လင်းနို့ချေး စစ်စစ်ကို ချက်လုပ်ပြီး ယမ်းထုတ်လုပ်ပါသည်။ တူမီးသေနတ်တွင် အသုံးပြုသော ယမ်းကို လင်းနို့ချေးက ချက်လုပ်ရရှိပါသည်။
လင်းနို့ချေး စစ်စစ်မှာ ပေါ့ပေါ့လေး ရှိပြီး၊ နှစ်ကြာလျှင် မြေကြီးနှင့် ရောနှောကာ မြေသြဇာအတွက် အလွန်ကောင်းပါသည်။
လယ်တွင် အသုံးပြုလျှင် ကန်သင်းများ မြေဖွယ်ပြီး ကန်သင်းရိုးတစ်လျှောက် ပျက်စီးတတ်ပါသည်။ ထို့ကြောင့် အချိန်အဆ အသင့်သင့် ထည့်ပေး ရပါသည်။ ပျိုးခင်းတွင် အသုံးပြုပါက ပျိုးပင်သန်မာကြီးထွားပြီး နှုတ်ယူသည့်အခါ လွယ်ကူစေပါသည်။
လွန်ခဲ့သော နှစ်အနည်းငယ်တွင် ဒေါလော်ခူ၊ တဖိုဘိုးလျား ကျေးရွာများတွင် လင်းနို့ချေးများကို ဂူထဲသွားယူလို့ ရရှိပါသည်။
သို့သော် ယခု ရွာသားများ ပြောကြသည်မှာ “လင်းနို့အကောင်ကို ပိုက်ကွန်နဲ့ ထောင်ထောင်ဖမ်းဆီးစားကြတော့ လင်းနို့ မရှိတော့ဘူး၊ လင်းနို့ချေး ဘယ်ရှိတော့မလဲ၊ အကောင်ကို ဖမ်းဆီးစားသောက်လိုက်တော့ တန်ဖိုးရှိတဲ့ လင်းနို့ချေး ပျောက်ကုန်ရောပေါ့” ဟု ပြောဆိုနေကြသည်။
ဤအတိုင်းသာ ဆက်ပြီး ဖမ်းစားနေခြင်းကြောင့် ရွာသားများ ဖြစ်ကြသော ရှားရယ်နှင့် ပို့ရယ်တို့ နှစ်ဦး ဘယ်လိုအကြောင်းကြောင့်ပင် ပို့ရယ်သည် လယ်ကောင်း ရရှိပြီး စပါးအထွက်တိုးရန် တီဗွိီထဲမှ ကြော်ငြာနေသော မြေသြဇာများကို စျေးကြီးကြီးဖြင့် ဆက်လက်အားပေးမှ ဖြစ်တော့မည်ဟု ယုံကြည်နေမိကြပါတော့သည်။