ကရင်နီပြည်နယ် မော်ချီးမှ တောင်ငူသို့ သွားသော ကားလမ်းဟောင်းကို ပြန်လည်ဖောက်လုပ်ရန် အပစ်ရပ် ကရင်နီသွေးစည်းညီညွတ်ရေး အဖွဲ့နှင့် မြန်မာစစ်အစိုးရတပ်တို့ ပူးပေါင်းပြီး စီမံကိန်း ချထားကြောင်း သိရသည်။
မော်ချီး-တောင်ငူ ကားလမ်း ဖောက်လုပ်ရေး ကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့က ကရင်နီအပစ်ရပ်အဖွဲ့ ဖြစ်သည့် (ကေအဲန် အက်စ်အို ခေါ် ကြယ်ဖြူ)မှ ဗိုလ်မှူး ထိုကားရီးနှင့် ဗိုလ်မှူး တယ်နယ်တို့သည် မော်ချီးဒေသရှိ ကျေးရွာကြီး ၈ ရွာနှင့် ရွာငယ် ၄ ရွာတို့အား အစည်းအဝေး ခေါ်ယူပြုလုပ်ပြီး အသိပေးမှာကြားလိုက်ခြင်း ဖြစ်သည်။
ယင်းစီမံကိန်းအား လာမည့် နွေရာသီကာလမှ စတင်အကောင်အထည် ဖော်သွားနိုင်မည်ဖြစ်ကြောင်း၊ အကယ်၍ လက်နက်ကိုင် တော်လှန်ရေး ကရင်နီတပ်ဖွဲ့တို့ နှောင့်ယှက်တိုက်ခိုက်မှု ပြုလုပ်လာပါက စစ်တပ်အင်းအား အလုံးအရင်း သုံးရမည်ဖြစ်ကြောင်း၊ ဒေသခံရွာသူ၊သားများလည်း မိမိတို့အား ထောက်ခံကြရန် အစည်းအဝေး၌ ပြောကြားသွားကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သော ဒေသခံရွာသားတဦးက ပြန်လည် ပြောပြသည်။
ကားလမ်း ဖောက်လုပ်ရန် အပစ်ရပ်အဖွဲ့နှင့် စစ်အစိုးရတပ်တို့ ပူးပေါင်းစီစဉ်နေခြင်းသည် လွယ်ကူသော အလုပ်ဖြစ်စေမည် မဟုတ်ကြောင်း မော်ချီးဒေသ၌ လှုပ်ရှားနေသော ကရင်နီတပ်ဖွဲ့ဝင်တဦးက ပြောသည်။
“ဒီလမ်းဖောက်ဖို့ လွယ်မယ်လို့ မထင်ဘူးလေ။ ဘာဖြစ်လဲဆိုတော့ တောင်ကြီး နတ်တောင်ရဲ့ ခြေခြင်တွေ တောင်ခြေတွေ သိပ်များနေတယ်။ အဲဒါ အကွေ့အကောက်တွေ များတော့့ သူတို့ စီးပွားရေးအတွက် အရင်းအနှီး များရင်တော့ ကိစ္စ မရှိဘူး အောင်မြင်မှာပေါ့နော်။ ဒါမဲ့ သိပ်မရှိဘူးဆိုတော့ အောင်မြင်မှာ မဟုတ်ဘူး” ဟု သူက ပြောသည်။
၎င်းစီမံကိန်း၏ ရည်ရွယ်ချက်သည် လမ်းပမ်းဆယ်သွယ်ရေးနှင့် ခရီးသွားလာရေးအတွက် ဖြစ်နိုင်သည်ဟု ကရင်နီပြည်နယ် နိုင်ငံရေး လေ့လာ စောင့်ကြည့်သူ တဦးကလည်း ပြောသည်။
၎င်းက “ဖာဆောင်းမှာ ရေဒါ စခန်း ဖြစ်လာရင် လမ်းနှစ်သွယ်ကနေ စစ်အစိုးရတပ်တွေ သွားလာနိုင်အောင် ကြိုးပမ်းတဲ့ သဘောပါ။ ၁။ တောင်ငူကနေ တိုက်ရိုက်သွားနိုင်အောင် ၂။ လွိုင်ကော်ကနေ သွားနိုင်အောင်ပါ ” ဟု ပြောပါသည်။
မော်ချီး-တောင်ငူ ကားလမ်းဟောင်းကို ပြန်လည်ဖောက်လုပ်ရန်အတွက် ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့က စစ်အစိုးရတပ်များမှ တပ်ရင်းမှူး ရဲထွန်း ဦးဆောင်သော ခမရ (၃၃၇)နှင့် ခလရ (၇၂) စစ်ကြောင်းတို့သည် ကရင်နီအပစ်ရပ် ကြယ်ဖြူ အဖွဲ့တို့နှင့် ပူးပေါင်းပြီး မော်ချီးဒေသရှိ ပွါဒို၊ ဟိုးဆာခီး၊ မဲဝါကျေးရွာများသို့ သွားရောက်လှည့်လှည်ကြည့်ရူခဲ့သေးကြောင်း သိရသည်။