ကျူရှင် မတက်နိုင်သော ကျောင်းသူ၊သားများ ကျောင်းပြောင်းရ

ကျူရှင် မတက်နိုင်သော ကျောင်းသူ၊သားများ ကျောင်းပြောင်းရ
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ အမှတ် (၄) အထက်တန်းကျောင်းတွင် ကျူရှင်ချိန်သာ ကျောင်းသားများကို စာသင်ပြကောင်းသောကြောင့် ကျူရှင် မတက်နိုင်သော ကျောင်းသူ၊သားများအချို့ ကျောင်းပြောင်းကြရ...

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ အမှတ် (၄) အထက်တန်းကျောင်းတွင် ကျူရှင်ချိန်သာ ကျောင်းသားများကို စာသင်ပြကောင်းသောကြောင့် ကျူရှင် မတက်နိုင်သော ကျောင်းသူ၊သားများအချို့ ကျောင်းပြောင်းကြရသည်။

ကျောင်းတွင် ဆရာမများက စာကောင်းမွန်စွာ သင်ကြားမှု မရှိ၍ စာမလိုက်နိုင်ကာ ကျောင်းထွက်၊ ကျောင်းပြောင်းရခြင်း ဖြစ်သည်ဟု ကျောင်းသား မိဘနှင့် နီးစပ်သော တောင်သူဦးကြီး တစ်ဦးက ပြောသည်။

“စာမလိုက်နိုင်ရင် လပတ်စာမေးပွဲ ဖြေရင်လည်း ကျခဲ့မယ်ဆိုရင် စာမေးပွဲကြီး ပေးမဖြေဘူး ပြောတယ်လေ၊ ကျူရှင် မတတ်နိုင်တဲ့ ကျနော်တို့ ရွာက တောင်သူလယ်သမား သားသမီးတွေ အဲဒီမှာ ကျောင်းဆက်လည်း မတက်ချင်တော့ဘူး၊ ထွက်တဲ့ သူလည်း ထွက်တယ်၊ ကျောင်းပြောင်းတဲ့ သူလည်း ပြောင်းတယ်” ဟု ပြောသည်။

ထိုသို့ ကြံုတွေ့နေကြရသော ကျောင်းသူများသည် ကြောက်ရွံ့အားငယ်စိတ်များ ၀င်ကာ ကျောင်းအုပ်ကြီးနှင့် အုပ်ထိန်းသူများကို မတိုင်ပင်ရဲတော့ပဲ ကျောင်းပြောင်းရန် ဆန္ဒပြင်းပြနေကြသဖြင့် မိမိရပ်ရွာသို့ ပြန်ပြေးကြသည်ဟု လွိုင်ကော်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ကျောင်းသူတွေ ဘော်ဒါဆောင်ကနေ လူကြီးတွေ မသိအောင် မနက်အစောကြီးး ထွက်ပြေးပြန်ကြတယ်” ဟု ဆက်ပြောသည်။

လွိုင်ကော်မြိုမှ ဒေသခံဝါရင့် ကျောင်းဆရာတစ်ဦးက “ဆရာ၊မတွေက ကျောင်းသူ၊သားတွေကို ကျောင်းထွက်နိုင်လောက်တဲ့ အပြောအဆိုတွေ မပြောသင့်ပါဘူး၊ အဲဒီလိုပြောတာဟာ ကျောင်းတစ်ကျောင်းရဲ့ အောင်ချက် ရာခိုင်နှုန်း တိုးတက်စေတဲ့ အပြောအဆို မဟုတ်ပဲ ကျောင်းသူ၊သားတွေ စိတ်ဓာတ်ကျဆင်းစေပါတယ်။ စာမလိုက်နိုင်တဲ့ ကျောင်းသားတွေကိုလည်း တဖြည်းဖြည်း ဆွဲခေါ်သွားရမှာပါ။ သင်ခန်းစာ သင်ကြားတဲ့ အခါလည်း ကျူရှင် မတက်နိုင်တဲ့ ကျောင်းသားတွေကို တန်းတူထားပြီး သင်ကြားရမှာပါ” ဟု ပြောပါသည်။

ကျူရှင် မတက်နိုင်သော အမှတ် (၄) အထက်တန်း ကျောင်းသူ၊သား အများစုမှာ ကျေးရွာတောင်သူလယ်သမား သားသမီးများ ဖြစ်ကြပြီး ဘော်ဒါဆောင် များတွင် နေထိုင်ပြီး ကျောင်းတက်ကြရခြင်း ဖြစ်သည်။