အပစ်ရပ် ပအို၀်းတပ်ဖွဲ့နှင့် ရှမ်းတပ်ဖွဲ့ တိုက်ပွဲဖြစ်၊ ကျေးရွာသား နှိပ်စက်ခံရ

အပစ်ရပ် ပအို၀်းတပ်ဖွဲ့နှင့် ရှမ်းတပ်ဖွဲ့ တိုက်ပွဲဖြစ်၊ ကျေးရွာသား နှိပ်စက်ခံရ
by -
ခွန်အောင်မြတ်
ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ်အတွင်းတွင် ရှမ်းပြည်တပ်မတော်-တောင်ပိုင်း(SSA-S)နှင့် အပစ်ရပ်အဖွဲ့ ပအို၀်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား ခဲ့ပြီး ထိခိုက်ကျဆုံးမှုရှိခဲ့သည့် ပအိုဝ်းတပ်ဖွဲ့က အနီးဝန်းကျင်ရှိ ကျေးရွာသားများအား ညှင်းပမ်း ရိုက်နှက်...

ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ်အတွင်းတွင် ရှမ်းပြည်တပ်မတော်-တောင်ပိုင်း(SSA-S)နှင့် အပစ်ရပ်အဖွဲ့ ပအို၀်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား ခဲ့ပြီး ထိခိုက်ကျဆုံးမှုရှိခဲ့သည့် ပအိုဝ်းတပ်ဖွဲ့က အနီးဝန်းကျင်ရှိ ကျေးရွာသားများအား ညှင်းပမ်း ရိုက်နှက်မှုများ ပြုလုပ်သည်။

ဗိုလ်မှူးကီးနှင့် ဗိုလ်မှူး ရွှေမန်း ဦးဆောင်သည့် ပီအဲန်အို တပ်ဖွဲ့ဝင် ၁၀၀ ခန့်သည် အနီးဝန်းကျင်ရှိ ကျေးရွာ သားများအား သောင်းကျန်းသူ အဖွဲ့ကို သတင်းပေးသည်ဟု အကြောင်းပြချက်ဖြင့် ဖမ်းဆီး ရိုက်နှက်ခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။

“ပီအဲန်အို ရိုက်တဲ့အထဲမှာ အတိအကျ နာမည်ရထားတာ ကဒူးကြီးရွာသားထဲမှာ ဦးဇော်ပျံဆိုတာ တ ယောက်ပါတယ်။ ဦးဇော်ပျံဆိုတာ အသက် လေးဆယ် အရွယ်ပေါ့ဗျာ။ အဲဒီလို ရိုက်ရယ်၊ နှက်ရယ် လုပ် တဲ့အထဲမှာ ဘာလုပ်လဲဆိုတော့ ဟိုတုန်းက ဖြစ်ခဲ့တဲ့ဟာတွေ ဘာတွေနဲ့ အဲလိုမျိုး နာကျည်းမှုတွေ ကို ပြန်ပြောပြီးတော့မှ မင်းတို့ရှမ်းတွေက ငါတို့ ပအို၀်းရွာတွေကို မီရှို့ထားခဲ့တယ်ပေါ့။ အဲဒါကြောင့် မင်း တို့ ရှမ်းတွေကို ငါတို့ သတ်ပစ်မယ်ပေါ့။ ဆိုပြီးတော့ ရှမ်းတွေကို အဓိကထားပြီး ရိုက်တာနှက်တာတွေ လုပ်နေတယ်။ ရှမ်းရွာတွေကို မီးရှို့တာတွေ သူတို့ အဲလိုမျိုး လုပ်နေတယ်။”

မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသဖက်တွင် ပအို၀်းအမျိုးသားအဖွဲ့(ပီအဲန်အို)နှင့် ရှမ်းပြည် တပ်မတော်-တောင် ပိုင်း တပ်ဖွဲ့တို့ ဇူလိုင် ရ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ယင်းဒေသခံက ပြောသည်။

“ဇူလိုင် ရ ရက်နေ့ ည ၈ နာရီလောက်မှာ မောက်မယ်က နိုင်းရွာအရှေ့ဘက်က လယ်ကွင်းထဲမှာ ပီ အဲန်အိုနဲ့ အက်စ်အက်စ်အေ တိုက်ပွဲဖြစ်တယ်။ အဲဒီတိုက်ပွဲမှာ ပီအဲန်အိုကသုံးယောက်ကျတယ်။ အက်စ် အက်စ်အေကတော့ ထိခိုက်မှု မရှိဘူး။”

ကဒူးကြီးဒေသဘက်တွင် ပီအဲန်အို တပ်ဖွဲ့က ရှမ်းရွာသားများကို ဖမ်းဆီးရိုက်နှက်သည့်အပြင် ပစ္စည်းများလည်း လုယူမှုများ ရှိသည်ဟု SSA တောင်ပိုင်း၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးလောင်ဝ်ဆိုင်း က ပြောသည်။

“ကျနော်တို့ မောက်မယ် ကဒူးကြီးဒေသတဝှိုက်မှာရှိတဲ့ ကျနော်တို့ရှမ်းရွာတွေကိုရွားသားတွေကို ဖမ်း ဆီးတယ်၊ ရိုက်နှက်တယ်၊ ကျေးရွာသူကြီးကို ဖမ်းဆီးရိုက်နှက်တယ်၊ ပစ္စည်းတွေကို ယူတယ်။”

ယင်းဒေသသည် မြန်မာစစ်အစိုးရ၏ လင်းခေး အခြေချစစ်ဗျူဟာ လက်အောက်ခံ ခလရ ၁၃၂ စစ်ကြောင်း ၁နှင့် ၂ က ပီအဲန်အိုတပ်ဖွဲ့၏ နောက်တန်းမှနေ၍ တိုက်ခိုက်ပေးနေသည်ဟု ကြားသိရ သဖြင့် ယခုဖြစ်ရပ်သည် ပအိုဝ်းလူမျိုးနှင့် ရှမ်းလူမျိုးကြား ပဋိပက္ခဖြစ်စေရန် သွေးထိုး လှုံ့ဆော်ခြင်းသာ ဖြစ်သည်ဟု နယ်စပ်အခြေစိုက် ပအို၀်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် အထွေထွေအတွင်း ရေမှူး ဦးခွန်မြင့်ထွန်းက ပြောသည်။

“ရှမ်းနဲ့ ပအို၀်းအကြား ပဋိပက္ခကို သူက ဖန်တီးတာကိုးနော်။ ဒီကိစ္စကို ဘယ်သူပဲဖြစ်ဖြစ် နအဖ အ ကြိုက် လိုက်မလုပ်ဖို့လိုတာကိုး။ ကျနော်တို့ မူမှာက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့နဲ့ ကိုယ့်လူမျိုးကို ကာ ကွယ်ဖို့ဆိုတဲ့ဟာတော့ရှိတယ်။ကိုယ့်အမျိုးသားအချင်းချင်း ပဋိပက္ခဖြစ်မှုကို အတတ်နိုင်ဆုံး ရှောင်ရှား မယ်လို့ ကျနော်တို့ရဲ့ မူရှိတယ်။”

ယခုလိုဖြစ်ရပ်သည် မြန်မာစစ်အစိုးရက သွေးခွဲပြီး လူမျိုးစုအချင်းချင်း တိုက်ခိုက်စေရန် နည်းဗျူဟာ အတွင်း ကျ ရောက်မည့်အပြင် ၎င်းတို့သာ အမြတ်ရသွားမည်ဖြစ်သည်ဟု ရှမ်းပြည်တပ်မတော် တောင်ပိုင်း၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး လောင်ဝ်ဆိုင်က ပြောသည်။

“အဲလိုမျိုး လုပ်ရပ်တွေ ရပ်တန်းကနေ ရပ်ကြပါ။ အချင်းချင်း တွေ့ဆုံဆွေးနွေးကြပါ၊ ကျနော်တို့ ရှမ်း ပြည်သားအချင်းချင်း ပါပဲလို့ ကျနော်တို့ ပြောချင်ပါတယ်။”

မောက်မယ်မြို့နယ် ဒေသတဝှိုက်တွင် မြန်မာစစ်အစိုးရတပ်ဖွဲ့အပြင် လွန်ခဲ့သည့် သုံးနှစ်က တောပြန်ခိုလာပြီး ပြန်လည်ဖွဲ့စည်းခဲ့သည့် ပအို၀်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် တပ်ဖွဲ့နှင့် ရှမ်းပြည်တပ်မတော် တပ်ဖွဲ့များ က လှုပ်ရှားနေသည့် ဒေသဖြစ်သည်။

ယင်းဒေသကို ပီအဲန်အိုနှင့် မြန်မာစစ်အစိုးရ ပူးပေါင်းတပ်တို့ ယခုနှစ် မတ်လ ဆန်းပိုင်းမှ လာရောက် နယ် မြေတိုးချဲ့ အခြေချ လှုပ်ရှားနေပြီး ဇွန်လဆန်းမှ ဇူလိုင်လဆန်းပိုင်းအထိ တိုက်ပွဲ သုံးကြိမ်ထက် မနည်းဖြစ်ပွားရာ ပီအဲန်အိုဘက်မှ အနည်းဆုံး သုံးဦး သေဆုံးပြီး ဒဏ်ရာ အများအပြား ရရှိသည်ဟု ယင်းဒေသတွင် လှုပ်ရှားနေ သည့် လက်နက်တပ်ဖွဲ့များ၏ ပြောပြချက်အရ သိရှိရသည်။