မွန်နိုင်ငံရေးပါတီသစ်တစ်ခု ဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ဇူလိုင်လ (၁၁) ရက်နေ့ မော်လမြိုင်မြို့ မြိုင်သာယာ ရပ်ကွက် အတွင်းရှိ ပါတီဌာနချုပ်ရုံးသစ်တွင် အစည်းအဝေး ကျင်းပခဲ့ပြီး ဗဟိုအလုပ် အမှုဆောင်သစ်များကို ရွေးချယ်တင်မြှောက်ခဲ့သည်ဟု ပါတီ၏ ဥက္ကဌ ဖြစ်သူ နိုင်ငွေသိမ်း ခေါ် နိုင်ဂျနူမွန်မှ ပြောပါသည်။
ပါတီ ဥက္ကဌ အဖြစ် နိုင်ငွေသိမ်းကို ရွေးချယ်ခဲ့ပြီး ယခင်ဒုတိယခေါင်းဆောင် ဖြစ်သည့် ဒေါက်တာ မင်းလှအောင်ကို ဒုဥက္ကဌ (၁) အဖြစ်၄င်း၊ မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မီတီ ဥက္ကဌဟောင်း နိုင်သိုက်ကို ဒုဥက္ကဌ (၂) အဖြစ်၄င်း၊ အငြိမ်းစား ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာ မင်းနွယ်စိုးကို အထွေထွေအတွင်းရေးမှူးအဖြစ်၄င်း၊ နိုင်စံတင်ကို တွဲဘက်အတွင်းရေးမှူး (၁) အဖြစ်၄င်း၊ မွန်ပြည်သစ်ပါတီမှ အနားယူထားသော ဗဟိုကော်မီတီ ဝင်ဟောင်း နိုင်ခင်အောင်ကို တွဲဘက်အတွင်းရေးမှူး (၂) အဖြစ်၄င်း ရွေးချယ်တင်မြှောက်ခဲ့သည်ဟု ဆိုပါသည်။
ကျန်ရှိနေသော ပါတီအလုပ်အမှု ဆောင်များကို နောင်အစည်းအဝေးတွင် တာဝန်ဆက်လက််ပေးသွားမည် ဖြစ်ပြီး လောလောဆယ်ဆယ် အခြေအနေအရ ဇူလိုင် (၁၅) ရက်နေ့အမီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပါတီအလုပ်မှုဆောင် စာရင်းပေးပို့ထားလိုက်ပြီးဟု ပါတီဥက္ကဌဖြစ်သူ နိုင်ငွေသိန်းမှ ပြောပါသည်။
မွန်ပြည်နယ်ဘက်တွင် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေး ခရီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနှင့် တစညပါတီတို့သာ ပြောင်ပြောင် တင်းတင်း စည်းရုံးခွင့် ရနေသည်ဟု ဝါရင့်နိုင်ငံရေးသမားဟောင်း တစ်ဦးက ပြောပါသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အနေနှင့် မဲဆွယ်စည်းရုံးရေး ခရီးဆင်းသည့် နေရာ၌ ရွေးကောက်ပွဲ ကော်မရှင်၏ ကန့်သတ်ချက် များပြား နေသည့် အပေါ် ပါတီရဲ့ ဥက္ကဌဖြစ်သူ နိုင်ငွေသိမ်းက အခုလို ပြောပါသည်။
“အခက်အခဲတော့ ရှိတာပေါ့။ စည်းရုံးရေးဆင်း ပြည်သူတွေနဲ့ တွေ့မယ်ဆိုရင် ကျွန်တော်တို့ကတော့ ကြိုတင်ပြီးတော့ (၇) ရက် ခွင့်တောင်းရတယ်။ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်ခွဲကို စာတင်ရတယ်။ မြို့နယ်ကော်မရှင်ကလဲဘဲ (၄၈) နာရီ ကြိုတင်ပြီးတော့ သူတို့က အကြောင်းကြားပေးတယ်။ အဲတာနဲ့ ကျွန်တော်တို့က စည်းရုံးရေး ဆင်းနေရတဲ့ အနေအထားမှာ ရှိပါတယ်။ သင့်တော်တဲ့ အိမ်တွေမှာဘဲ လုပ်နေရတယ်။ သတ်မှတ်ချက်နဲ့အညီ ဖြစ်ဖို့ အရေးကြီးတာပေါ့။ အမိန့်မလိုက်နာနိုင်ဘူးဆိုရင် ပါတီ ဖျက်ထုတ်ခံရမှာကိုး။”
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ပါတီအသစ် ဖြစ်နေခြင်းကြောင့် တခြားနိုင်ငံရေး ပါတီများ နည်းတူ ရန်ပုံငွေ အခက်အခဲများနှင့် ရင်ဆိုင် နေရသလို ပါတီဝင်များ စုစည်းထည့်ဝင်ငွေနှင့် လှုပ်ရှားနေရသည်ဟု နိုင်ငွေသိန်းမှ ပြောပါသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို (၂ဝ၁ဝ) ခုနှစ်ဧပြီ (၇) ရက်နေ့တွင် ကော်မီတီဝင် (၁၅) ဦးနှင့် စတင်ဖွဲ့စည်းခဲ့ပြီး မေလ (၂၄) ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပါတီမှတ်ပုံတင်ခွင့် အမှတ် (၅၁)နဲ့ ခွင့်ပြုချက်ကျထားသော မွန်နိုင်ငံရေးပါတီ ဖြစ်သည်။