နှစ်နှစ်အတွင်း အင်းလေးကန်ကြီး ထက်ဝက်ခန့် ရေခမ်း

နှစ်နှစ်အတွင်း အင်းလေးကန်ကြီး ထက်ဝက်ခန့် ရေခမ်း
by -
ခွန်အောင်မြတ်
ရှမ်းပြည်တောင်ပိုင်း သဘာဝ အင်းလေးကန်ကြီးသည် နှစ်နှစ်အတွင်း ရေထက်ဝက်ခန့် လျော့ပါးလာခဲ့သည့်ပြီး ထိန်းသိမ်းမှုများ မပြုလုပ်ပါက လွင်ပြင်ကြီးအဖြစ် တိမ်ကော ခမ်းခြောက် သွားနိုင်...

ရှမ်းပြည်တောင်ပိုင်း သဘာဝ အင်းလေးကန်ကြီးသည် နှစ်နှစ်အတွင်း ရေထက်ဝက်ခန့် လျော့ပါးလာခဲ့သည့်ပြီး ထိန်းသိမ်းမှုများ မပြုလုပ်ပါက လွင်ပြင်ကြီးအဖြစ် တိမ်ကော ခမ်းခြောက် သွားနိုင်သည်ဟု အင်းလေးကန်ကို စောင့်ကြည့်လေ့လာနေသည့် သုတေသီ ပညာရှင်များက ပြောသည်။

မြန်မာပြည်၏ ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ် နိုင်ငံတကာကပါ စိတ်ဝင်စားပြီး ထင်ရှားသည့် အင်းလေး ကန်ကြီးသည် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်က ရေပြင်ဧရိယာ ၄၀ စတုရန်းမိုင် ရှိခဲ့ရာ ယခု ၂၀၁၀ ခုနှစ်တွင် ရေပြင် ၂၇ စတုရန်းမိုင် သာ ရှိသည်ဟု ယင်းဒေသတွင် အခြေစိုက်သည့် သစ်တောနှင့် သဘာဝပတ်ဝန်းကျင် စောင့် ကြည့်လေ့လာရေးအဖွဲ့က သုတေသီ ပညာရှင်တဦးက ပြောသည်။

“အခုလက်ရှိကတော့ တော်တော်လေး ရေခမ်းသွားပြီပေါ့နော်။ ရေခမ်းသွားပြီဆိုတဲ့ဟာက ရေထု ညစ် ညမ်းမှုကလည်းများတယ်၊ ဒီ အငွေ့ပြန်တဲ့ နှုန်းကလည်းများတယ်၊ နောက် သူ့ထဲကို စီးဝင်လာတဲ့ ရေ က မရှိဘူးပေါ့။ အဲလိုမျိုးအခြေအနေဆိုတော့ တအားကြီးကို ခမ်းသွားတယ်။ ဖောင်တော်ဦး ဘက်ဆို လို့ရှိရင် လမ်းတော်တော်လျှောက်ရတယ်။ နှစ်မိုင်လောက် လျှောက်ရတယ်။ အရင်တုန်းက ဆိုရင် ဖောင်တော်ဦးနားကို လှေနဲ့သွားလို့ရတယ်လေ။ အခု အဲဒီကို ရောက်ဖို့ကို နှစ်မိုင်လောက် လမ်း လျှောက်ရတယ်။”

အင်းလေးကန် ရေခမ်းခြောက်ရခြင်းသည် ရာသီဥတုဖောက်ပြန်မှုကြောင့် အပူရှိန်ပြင်းခြင်း၊ ရေထုညစ် ညမ်းမှု ကြောင့် နှုံးများ အနယ်ကျခြင်း၊ ညစ်ညမ်းသည့်ရေများကို ပြန်လည်သန့်စင်မှု မပြုလုပ်ခြင်း၊ သီးနှံစိုက်ပျိုးခြံများ စိုက်ပျိုးမှု၊ ချဲ့ထွင်မှု များပြားလာခြင်းနှင့် အခြား ရေကြောမှ စီးဝင်လာသည့် ရေမရှိခြင်းကြောင့် ဖြစ်သည်ဟု အင်း လေးကန်ကို စောင့်ကြည့်လေ့လာရေးအဖွဲ့များက ပြောသည်။

ရေခမ်းခြောက်မှုကြောင့် ဒေသခံများသည် သောက်သုံးရေ လုံလောက်မှုမရှိသည့်အပြင်၊ စိုုက်ပျိုးရေး အတွက် ရေ လိုအပ်ပြီး၊ ဒေသခံနှင့် နိုင်ငံခြားသား၊ ခရီးသွားဧည့်သည်များ ခရီးသွားလည်ရေးအတွက် အခက်အခဲနှင့် ရင် ဆိုင်နေကြရသည်ဟု ယင်း ပညာရှင်က ပြောသည်။

“စိုုက်ပျိုးရေးကတော့ ပိုထိတာပေါ့နော်။ လက်မှုကတော့ ဒုတိယဖြစ်ချင်ဖြစ်မယ်။ (တိုရစင်) ခရီးသွား ဧည့်သည် ကတော့ တတိယ ဖြစ်ချင်ဖြစ်မယ် ပေါ့။ အဓိကကတော့ လက်မှုပစ္စည်းကတော့ နည်းနည်း အဝတ်အစားကတော့ ယက်ကန်းနဲ့ဆိုတော့ နည်းနည်းထိန်းလို့ ရသေးတာပေါ့။ စိုုက်ပျိုးရေး ကတော့ ရေလိုနေတာလေ။ နောက် သူတို့ရဲ့ အဓိက သောက်သုံးရေပေါ့။ သောက်သုံးရေရယ်၊ စိုက်ပျိုးရေး အတွက် ရေရယ်၊ ဒီရေကိုပဲ သူတို့ပြန်ပြီးသောက်တယ်။ တခြားရေအရင်းအမြစ် မရှိဘူးဆိုရင်လည်း ကျန်း မာရေးအတွက်က နောက်ဆက်တွဲ ရှိလာနိုင်တယ်လေ။ တဖြည်းဖြည်းနဲ့ ကောသွားမယ်ဆိုရင် ဟို သိန္နီ လွင်ပြင်တို့၊ ဟဲဟိုးလွင်ပြင်တို့ အဲလိုမျိုး ပလိန်းကြီး ဖြစ်သွားနိုင်တာ ပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ သူကကျတော့ ရေသေလိုဖြစ်နေတာကိုး။ ပတ်ဝန်းကျင်ရဲ့ အခြေအနေရဲ့ သဘောတရားက အဲလိုဖြစ် နေတာ။ မိုးထပ်မရွာဘူးဆိုရင်တော့ ပိုပြီးတော့ ဆိုးနိုင်တာ ပေါ့နော်။”

အင်းလေးကန်တွင်းသို့ ရေဝင်ရေလဲရာတွင် အဓိက ပတ်ဝန်းကျင်ရှိ ဒေသစိုက်ပျိုးရေးနှင့်လည်း သက်ဆိုင်သည် ဟု ယင်းဒေသတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို လုပ်ကိုင် နေသည့် ဒေသခံ တဦးက ပြောသည်။

“အဲဒီအင်းလေးကန်ကို ရေဝင်ရေလဲတဲ့ ဧရိယာ စတုရန်းမိုင်ပေါင်း ၁၄၂၂ မိုင် အဲဒီပတ်ဝန်းကျင်မှာ ပေါ့နော်။ အဲလိုမျိုးတွက်မယ်ဆိုရင် ဒီ ပင်လောင်း မြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းရော၊ ကလောမြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းရော၊ ဖယ်ခုံမြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းရော၊ ပင်းတယ မြို့နယ်ရဲ့တောင်ဘက်ခြမ်း၊ နောက် ရပ်စောက်မြို့နယ်ရဲ့ တောင်ဘက်ခြမ်းနဲ့ တောင်ကြီးမြို့နယ် အနောက်ဘက်ခြမ်းမှာ အကုန်လုံး အကြံုးဝင် တာပေါ့နော်။ အဲဒီဒေသမှာ တခြား ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်တာလည်း ရှိတယ်၊ တခြား ဒီတောင်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်နေတာလည်း ရှိတယ်။ နောက် လူဦးရေ တိုးလာတာက တ ဘက်ပေါ့နော်။ လူတွေက စိုက်ပျိုးရေးလုပ်ငန်းကိုပဲ မှီခိုကြတော့ စိုက်ပျိုးရေး လုပ်ငန်းကို ချဲ့လိုက်တာ ပေါ့။ ချဲ့လိုက်တော့ သစ်ပင်တွေလည်း တဖြည်းဖြည်း လျှော့နည်းသွားတယ်။ အဲဒီ မြေကြီး ကို ထိန်းပေးမယ့် အဲဒီအပင်တွေလည်း သိပ်မရှိတော့ အဲဒီမှာ ရေတွေက မိုးရွာတိုင်း အဲဒီမြေကြီး တွေကရေထဲပါပြီးမှ အင်းလေးကန်ထဲစီးဝင်ပြီးမှ အနည်ထိုင်ပြီးတော့မှ အဲဒါလည်းရေပေါက်ကိုပိတ်စေ တာပေါ့နော်။”

အင်းလေးကန် ရေလျော့နည်းမှုကို ပြုပြင်ထိန်းသိမ်းရန်အတွက် ဒေသခံများကို ပညာပေးရန်၊ သဘာဝ ပတ် ၀န်းကျင် ထိန်းသိမ်းရေးအဖွဲ့များကို လုပ်ပိုင်ခွင့်ပေးရန်၊ ဒေသခံအာဏာပိုင်များအနေဖြင့် ဒေသခံနှင့် အစိုးရ အဖွဲ့အစည်းမဟုတ်သည့် အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခွင့်ပေးရန် လိုအပ်သည် ဟု သုတေသီပညာရှင်က ပြောသည်။

“အဓိကကတော့ ဒါကို များများသိသင့်တယ်လို့ ထင်တယ်။ များများသိသင့်တယ်ဆိုတာက နိုင်ငံ အ တွက်ကော၊ အဲဒီမှာ မှီခိုနေတဲ့ ဒေသခံတွေ အတွက်ကော၊ နောက် ဒီလာမယ့် တိုးရစ်(နိုင်ငံခြားသား ဧည့်သည်) အတွက်ပေါ့။ ဒါကြီးပျောက်သွားတယ်ဆိုရင် ကျမတို့က ကိုယ်ပြနိုင်တဲ့ အလှတရားက မရှိ တော့ဘူးလေ။ အဓိကက ဒီအင်းလေးဆိုတဲ့ဟာက တိုးရစ်တော်တော်များများကို ဆွဲဆောင်ထားတယ် ဆိုတော့ အဲဒါကြီး မပျောက်ကွယ်အောင်ရယ်၊ နောက် ဒေသခံတွေရဲ့ စီးပွားရေး၊ နိုင်ငံ့စီးပွားရေး ပေါ့ နော် အဲဒါတွေကို ပိုပြီးတော့ မြင့်တင်နိုင်အောင်ပေါ့လေ။ များများတော့ အင်ဖော်မေးရှင်း ပေးသင့် တယ်လို့ ထင်တယ်။”

အင်းလေးကန်သည် လွန်ခဲ့သည့် နှစ် ၁၀၀ ကျော်က ရှိခဲ့သည့် ရေပြင် ဧရိယာ စတုရန်းမိုင်ပေါင်း ၁၀၀ မိုင်သည် ယခု ရေပြင် ဧရိယာ စတုရန်း မိုင်ပေါင်း ၂၇ မိုင်ကျော်အထိသာ ကျန်ရှိနေသဖြင့် များစွာ လျော့နည်းလာရာ ပြည် တွင်း ပြည်ပရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စောင့်ကြည့် လေ့လာ သူများက စိုးရိမ်လျှက်ရှိသည်။

လွန်ခဲ့သည့်အပတ်အတွင်းက နေပြည်တော်တွင် အင်းလေးကန်ပြန်လည်ထိန်းသိမ်းရေးအတွက် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ကျွမ်းကျင် ပညာရှင်များပူးပေါင်းကာ ဆွေးနွေးခဲ့ကြပြီး အင်းလေးကန်ကို မူလအတိုင်း ပြန် လည်ထိန်းသိမ်းရန်အတွက် အနည်းဆုံး ၁၀ နှစ်ခန့်ကြာမြင့် နိုင်ကြောင်း ခန့်မှန်းထားသည်။