နိုင်ငံရေးပါတီများက ရန်ပုံငွေအတွက် စျေးများတွင် အလှူခံရန် ကြိုးစားခဲ့ပြီးနောက် စျေးများတွင် မည်သည့်အလှူခံမှ ဝင်ရောက်အလှူခံခွင့် မပြုတော့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တားမြစ်လိုက်သည်။
စျေးများတွင် စည်ပင်သာယာက လွန်ခဲ့သော ရက်သတ္တပတ်အတွင်းမှစ၍ လိုက်လံကြေညာမှုများ ပြုလုပ်ခဲ့သလို ဆိုင်းဘုတ်များ ချိတ်ဆွဲကာ တားမြစ်လိုက်ခြင်း ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတဦးအဆိုအရ ယခုလဆန်းက ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်မှ မြောက်ဥက္ကလာပမြို့နယ်အတွင်း စျေးတခုတွင် အလှူခံရာ ထိုသို့အလှူခံခြင်းမှာ ရန်ကုန် စည်ပင်သာယာ နည်းဥပဒေချိုးဖောက်ခြင်း ဖြစ်သည့်အတွက် တပြေးညီ ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု ပြောသည်။
”ရန်ကုန် စည်ပင်သာယာရေးကော်မတီမှာ နည်းဥပဒေ ၃၃ ဆိုတာ ရှိတယ်။ အဲဒီ နည်းဥပဒေအရ စျေးထဲမှာ အလှူခံမယ်ဆိုရင် သက်ဆိုင်ရာ စျေးတာဝန်ရှိသူတွေထံမှာ ခွင့်တောင်းပြီးမှ ပြုလုပ်ရတာ ဖြစ်တယ်” ဟု သူက ပြောသည်။
သို့သော် အလှူခံတားမြစ်သော စည်ပင်၏ ဥပဒေကို စျေးသည်များက မဇ္ဈိမက တွေ့ဆုံမေးမြန်းခဲ့သူ စျေးသည်များက မသိရှိကြောင်း တညီတညွတ် ပြောနေကြသည်။
”အခုလိုမျိုး စျေးထဲမှာ အလှူခံတာကို ခွင့်ပြုချက်မယူဘဲ ပြုလုပ်ရင် ဥပဒေနဲ့မညီဘူူးဆိုတာကို သိကိုမသိတာ” ဟု ရန်ကုန်မြို့ အထင်ကရ စျေးတခု ဖြစ်သော ဗိုလ်ချုပ်စျေးတွင် လွန်ခဲ့သည့် နှစ် ၃ဝ ကျော်ကပင် ပန်းချီကားများ ရောင်းချနေသူတဦးက ပြောသည်။
စျေးများအတွင်း အလှူခံခြင်းနှင့် တောင်းရမ်းစားသောက်ခြင်း များပြားလှသောနိုင်ငံတွင် ယခုပိတ်ပင်မှုက သာသနာရေးပုဂ္ဂိုလ်များကို ထိခိုက်မှာ ဖြစ်သည်။
”ကျနော်တို့စျေးမှာ အလှုခံတာ အများဆုံးက သီလရှင်တွေ များတယ်။ အဖိတ်ဥပုသ်နေ့တွေမှာဆိုရင် အပတ်စဉ်လာကြတယ်။ အခု လို အလှူမခံရ ဆိုတော့ သီလရှင်တွေ အတွက်တော့ အခက်အခဲ တွေ့ နိုင်တာပေါ့” ဟု ထီးတန်းစျေးတွင် အဝတ်အထည် ရောင်းသူတဦးက ပြောသည်။
ကြည့်မြင်တိုင်မြို့နယ်ရှိ ထီးတန်းစျေးတွင် အလှူခံမဝင်ရ တားမြစ်သော စာကို လွန်ခဲ့သည့် ၅ ရက်ကပင် လာရောက်ကပ်သွားခဲ့သည်ဟု စျေးသူ စျေးသားများက ပြောသည်။
အင်းစိန်မြို့နယ် ရွှေညောင်ပင် သီလရှင်စာသင်တိုက်မှ သီလရှင်ကြီးတပါးက စာသင်သား ၃ဝ ခန့်မှာ အပတ်စဉ် အဖိတ်နေ့တိုင်း ဆွမ်းဆန်စိမ်း အလှူခံထွက်စေရာတွင် ကြည့်မြင်တိုင်၊ အလုံ၊ ကမာရွတ်၊ မရမ်းကုန်းမြို့နယ်များ ပါဝင်သည်ဟု ပြောသည်။ စျေးများအတွင်း ဝင်ရောက် အလှူခံ ခြင်းမှာ ထုံးစံပင်ဖြစ်သည်ဟု ဆိုသည်။
”ကျမတိို့ကတော့ ဘုန်းကြီးတွေ သီလရှင်တွေကို လှူနေကျသူတွေဆိုတော့ အဲဒီလို ပိတ်ပင်တာကိုတော့ ဘာသာရေးအရ မလုပ်သင့်ဘူးလို့တော့ မြင်ပါတယ်” ဟု ထီးတန်းစျေးတွင် ကုန်ခြောက်ရောင်းနေသူတဦးက ပြောသည်။
မြောက်ဥက္ကလာ ရတနာသိင်္ဂီစျေးအတွင်း ယခုလ ၁ ရက်နေ့တွင် ပါတီရံပုံငွေ ကောက်ခံခဲ့သဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲဝင်မည့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ဗဟိုဦးစီးအဖွဲ့ဝင် ဦးခင်မောင်ဝင်း အပါအဝင် ၅ ဦးနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် UMFMP ဗဟိုဦးစီးအဖွဲ့ဝင် ဦးအောင်မင်းသူ အပါအဝင် ၅ ဦးကို စည်ပင်သာယာက တရားစွဲရန် ပြင်ဆင်လျက်ရှိသည်။
ထို့နောက် စျေးများအတွင်း အလှူခံတားမြစ်ခြင်းလည်း တပါတည်း လိုက်ပါလာတော့သည်။
”အရင်ကတော့ အဲဒီလိုသတင်းတွေ ရန်ကုန်မှာ မရှိပါဘူး။ ဒါတော့ ပထမဆုံးကြားရတဲ့ သတင်းပါ၊ ရန်ကုန်မှာက တောင်းရမ်းစားသောက်သူတွေ ပေါသလို အလှူခံတဲ့ သံဃာတွေ၊ သီလရှင်တွေလည်း များပါတယ်” ဟု ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ်ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။
စစ်အစိုးရနှင့် သင့်မြတ်သောသူဟု လူသိများသော ဦးအေးလွင်နှင့် သူ၏ညီ ဦးရဲထွန်းထုူထောင်ထားသော ပါတီနှစ်ခုအပေါ် စည်ပင်က တရားစွဲရန် ပြင်ဆင်နေခြင်းက အခြားသော ပါတီများ အလှူခံလုပ်လာမှာကို စစ်အစိုးရက တားမြစ်လိုသော သဘောဟု ရန်ကုန်ရှိ အတို်က်အခံလိုလားသော တရားရုံုးချုပ်ရှေ့နေတဦးက ပြောသည်။
”ဒီကိစ္စက တခြားပါတီတွေကို ငွေကြေး အခက်အခဲ တွေ့အောင် လုပ်တာ ဖြစ်နိုင်တယ်။ နိုင်ငံရေးပါတီတွေကို လှူချင်သူတွေအနေနဲ့ လှူနိုင်တယ်၊ အဲဒီ အလှူငွေတွေကို ကောက်ခံခွင့်လည်း ပါတီတွေမှာ ရှိတယ်ဆိုတာ ဥပဒေမှာ ပါပြီးသားလေ” ဟု သူက ပြောသည်။
နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း ဥပေဒေ ပုဒ်မ ၁၅ အပိုဒ်ခွဲ(က)တွင် နိုင်ငံရေး ပါတီများအား အများပြည်သူများက လှူဒါန်းသည်ကို ပါတီများက ကောက်ခံခွင့်ရှိကြောင်း ဖော်ပြထားသည်။
ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းတွင် စည်ပင်ပိုင်စျေးပေါင်း ၁၆ဝ ကျော်ရှိပြီး လက်ရှိစည်ပင်၏ ဥက္ကဋ္ဌမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဘက်မှ တောင်ဥက္ကလာပမြို့နယ်တွင် ဝင်ပြိုင်မည်ဟု သတင်းပြေးနေသော ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်း ဖြစ်သည်။