ရွေးကောက်ပွဲတွင် ပြိုင်ဘက်ပါတီများအပေါ်ကျော်ဖြတ် အနို်င်ရရေးအတွက် နိုင်ငံရေးပါတီငါးခု မဟာမိတ်အဖြစ် ပူးပေါင်းပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရန် ပြင်ဆင်လျှက် ရှိကြသည်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)၊ ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် ပါတီတို့နှင့် ပြည်ထောင်စု ဒီမိုကရေစီပါတီတို့ ရန်ကုန်တွင် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နေခြင်းဖြစ်သည်။
“ကျနော်တို့ Target (ပစ်မှတ်) က ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အောင်နိုင်ရေး ဖြစ်တဲ့အတွက် မူဝါဒတွေ ကိုက်ညီတဲ့ သူတွေနဲ့ ပူးပေါင်းမှာပါ။ အဲဒီအခါ ဘယ်လိုပူးပေါင်းမယ် ဆိုတာမျိုးကိုတော့ လောလောဆယ် မစီစဉ်ရသေးပါဘူး။ ဒါပေမဲ့ ဆွေးနွေးနေကြပါတယ်” ဟု ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိမ်းက မဇ္စျိမကို ပြောသည်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ပါတီဥက္ကဋ္ဌ ဦးသုဝေက ၎င်းတို့ပါတီအနေဖြင့် ရွေးကောက်ပွဲ နီးလာသောအခါ အခြားပါတီများနှင့် ညှိနှိုင်းမှုများ ပြုလုပ်ကာ၊ အချင်းချင်း မိတ်ဆက်ပြီး ယုံကြည်မှု တည်ဆောက်မည်ဖြစ်ကြောင်းနှင့် ယင်းအတွက် ပြည်ထောင်စု ဒီမိုကရေစီပါတီနှင့်လည်း အဆက်အသွယ်ရှိကြောင်း ပြောသည်။
သူက “ပါတီအချင်းချင်း ဆက်သွယ်ရေးတွေ လုပ်နေတယ်၊ ရင်းနှီးအောင်လုပ်နေတယ်၊ အချင်းချင်း ပေါင်းတယ်ဆိုတာ ဆန္ဒတူမှ ဖြစ်မှာလေ။ ...ပါတီတွေ ပူးပေါင်းကြမယ်ဟေ့ဆိုရင် ပေါင်းလုပ်လို့ ရနိုင်သရွေ့ ပေါင်းလုပ်ချင်တယ်’’ ဟု ဆိုသည်။
အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေကလည်း တိုင်းရင်းသား ဒေသများတွင် ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်သောကြောင့် လက်တွဲ ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ကမ်းလှမ်းလိုက်သည်။
သူက “တိုင်းရင်းသားတွေ ရှိတဲ့နေရာတွေမှာ နေရာဝင်မယူဘူး။ တိုင်းရင်းသား ရဲဘော်တွေကို ကျနော်တို့ NDF နဲ့ လက်တွဲလိုတယ်ဆိုရင် လက်တွဲနိုင် ပါတယ်” ဟု ပြောသည်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ NDF တို့သည် နိုင်ငံတဝှမ်းတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီများ ဖြစ်သည်။
အဆိုပါ ပါတီခေါင်းဆောင်များက ၎င်းတို့၏ အဓိက ပြိုင်ဘက်မှာ စစ်အစိုးရထူထောင်ထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် စစ်အစိုးရလိုလားသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ဖြစ်ကြောင်း ပြောဆိုကြသည်။
“ကျနော်တို့ နားလည်တာက ကြံ့ဖွံ့ဆိုတာ လက်ရှိအာဏာရ အစိုးရအဖွဲ့ရဲ့ အထောက်အပံ့တွေနဲ့ လုပ်နေတဲ့ အဖွဲဲ့ပဲလေ။ တစည ပါတီကလည်း ကြာရှည်တည်ထားတဲ့ အထောက်အထားတွေရှိတယ်။ ငွေကြေး၊ အဆောက်အဦးပေါ့။ ပြီးတော့ အာဏာ၊ ငွေ ရှိတဲ့ သူတွေ ရှိတယ်။ အခွင့်အရေး ရှိတယ်၊ ကျနော်တို့မှာလည်း အားသာချက်တော့ ရှိတာပေါ့။ ပြည်သူတွေက မှန်တာကို ကြိုက်တယ်၊ မမှန်တာကို မကြိုက်ဘူး။ တရားတာကို ကြိုက်တယ်၊ မတရားတာကို မကြိုက်ဘူး။ ပြည်သူကို အမှန်အတိုင်း ပြောပြမယ်၊ ရိုးရိုးသားသားနဲ့ လုပ်မယ်ဆိုရင် ပြည်သူတွေက တခဲနက် အားပေးထောက်ခံလိမ့်မယ်လို့ ယုံကြည်တယ်” ဟု ဦးသုဝေက ပြောသည်။
၎င်းတို့ကဲ့သို့ပင် ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီကလည်း သူတို့့၏ ပြိုင်ဘက်မှာ လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန်ဦးစီးသော ကြံ့ဖွံ့ ပါတီဟု ဆိုသည်။
ပါတီအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က “ကျနော်တို့က ရခိုင် ၁၇ မြို့နယ်လုံးမှာ ပြိုင်မယ်။ မန္တလေး၊ ဖားကန့်၊ လပွတ္တာ၊ ဟိုင်းကြီးမှာလည်း ပြိုင်ဖို့ လုပ်ထားတယ်။ ရန်ကုန်မှာတော့ ရုံးးဖွင့် ပြီးပြီ၊ ပြိုင်မှာပါ။ စိတ်တူကိုယ်တူတွေကိုလည်း ပေါင်းဖို့ ရှိပါတယ်” ဟု မဇ္စျိမကို ပြောသည်။
ယနေ့နံနက် ၉ နာရီတွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဗဟိုဌာနချုပ် ဆိုင်းဘုတ်တင်ပွဲကို ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့ ၅၂ လမ်းရှိ အမှတ် ၄၃ တွင် ပြုလုပ်ခဲ့သည်။
ဆိုင်းဘုတ်တင်ပွဲသို့ ပါတီ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုနှင့် အတွင်းရေးမှူးများဖြစ်သော ဒေါ်နေရည်ဗဆွေ၊ ဒေါ်ချိုချိုကျော်ငြိမ်းတို့က နံ့သာရည် နှင့် ပက်ဖျန်းပေးကာ အခမ်းအနား ဖွင့်လှစ်ပေးခဲ့သည်။
ဆက်စပ်ဖြစ်ရပ်တခုမှာ စစ်အစိုးရက လူမှုရေးအသင်းအဖွဲ့ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ဖျက်သိမ်းကာ အသင်းသစ် တခုကို ထူထောင်ရန်ပြင်ဆင်နေသည်ဟု နေပြည်တော်ရှိ သတင်းရပ်ကွက်တခုက ပြောသည်။
ရွေးကောက်ပွဲမဝင်ရန် ဆုံးဖြတ်သော အဓိကတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူမှုရေး လုပ်ငန်းများလုပ်ကိုင်၍ ဆက်လက် ရပ်တည် သွားမည်ဟု ဆုံးဖြတ်ခဲ့ပြီးနောက် စစ်အစိုးရအနေဖြင့် လူမှုရေးကြံ့ဖွံ့ကို ဆက်လက်ထားရမည်၊ မထားရမည်ကို ကာလအတန်ကြာ ဝေခွဲမရ ဖြစ်နေ ခဲ့ပြီး မကြာသေးခင်ကမှ အမည်သစ်ဖြင့် လူမှုရေးအသင်းအဖွဲ့တခုကို အမာခံထားရှိရန် ဆုံးဖြတ်ခဲ့သည်ဟု အဆိုပါ သတင်းရပ်ကွက်ကပြောသည်။