ရန်ကုန် လမ်းဘေးစျေးသည် ပိတ်ပင်၊ ထောင်ချမည်ဟု စည်ပင် ထုတ်ပြန်

ရန်ကုန် လမ်းဘေးစျေးသည် ပိတ်ပင်၊ ထောင်ချမည်ဟု စည်ပင် ထုတ်ပြန်
by -
ညိမ်းသူ
မြို့တော်ဟောင်း ရန်ကုန်၏ စည်ပင်သာယာ နယ်နမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်လုံးတွင် ယနေ့မှ စတင်၍ လမ်းဘေးစျေးသည်များ ရောင်းချခွင့် မပြုရန် စည်ပင်သာယာက ...

မြို့တော်ဟောင်း ရန်ကုန်၏ စည်ပင်သာယာ နယ်နမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်လုံးတွင် ယနေ့မှ စတင်၍ လမ်းဘေးစျေးသည်များ ရောင်းချခွင့် မပြုရန် စည်ပင်သာယာက ပိတ်ပင်လိုက်သည်။

ဇူလိုင်လ ၂ ရက်နေ့ကတည်းက မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူး ရုံးများမှတဆင့် မော်တော်ယာဉ်များဖြင့် လှည့်လည်ကာ တားမြစ်ချက်ကို ကြေညာခဲ့ပြီး ယနေ့မှ စတင်ပြီး ရောင်းချခြင်း မပြုရန်နှင့် တားမြစ်ချက်ကို မလိုက်နာသူသည် ဖမ်းဆီးကာ ထောင်ချအရေးယူခံရမည်ဟု ဆိုသည်။

”ဒီလမ်းပေါ်မှာ လမ်းဘေးစျေးရောင်းသူတွေကို ကြွက်တကောင် ကြောင်တမြီး မမြင်စေရ၊ ယင်း သတိပေးခြင်းကို ဆန့်ကျင်ပြီး ရောင်းချရင် ဖမ်းဆီးမယ်၊ လူကို ထောင်ချသည်ထိ အရေးယူမယ်နဲ့ နောက်ဆုံးမှာ ဆိုင်ကို ရိုက်ချိုးမယ်လို့ ပါတယ်” ဟု စမ်းချောင်းမြို့နယ် ဗဟိုလမ်းမကြီးပေါ်တွင် ၁ဝ နှစ်ကျော်ကြာ စျေးရောင်းချခဲ့သူတဦးက ပြောသည်။

ယခင်က မြို့လယ်ကျသော နေရာများတွင်သာ အချိန့်အကန့်အသတ်ဖြင့် ရောင်းချခွင့် ပြုခဲ့သော်လည်း ယခုအခါ ၃၃ မြို့နယ်လုံးရှိ လမ်းမကြီးများ၏ နံဘေး လူသွားလမ်းများတွင် ရောင်းချမှု ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

”အဓိက လမ်းဆိုတာက ကုန်စည်စီးဆင်းနေတဲ့ လမ်းတွေပေါ့။ အဲဒီလို ယာဉ်တွေ ပြေးနေတဲ့ လမ်းတွေမှာ ရှိတဲ့ လမ်းဘေး ဝဲယာ လမ်းဘေး စျေးသည်တွေကို မရောင်းရဘူးလို့ တားတာ ဖြစ်တယ်” ဟု စည်ပင် အရာရှိတဦးက ပြောသည်။

မြို့တော်ခန်းမတွင် ပြုလုပ်သော မြို့တော်အဆင့်မြှင့်တင်ရေး အစည်းအဝေးမှသည် ဆုံးဖြတ်ချက် ထွက်ပေါ်လာကြောင်း သူက ပြောသည်။

လူဦးရေ ၄ သန်းကျော်ရှိ ရန်ကုန်တမြို့လုံးတွင် လမ်းဘေးဆိုင်ပေါင်း မည်မျှရှိသည်ကို မသိရနိုင်သော်လည်း စည်ပင်သာယာ အငြိမ်းစား အရာရှိတဦး၏ ခန့်မှန်းချက်အရ စမ်းချောင်းမြို့နယ် တခုထဲတွင်ပင် လမ်းဘေးစျေးသည် ၅ဝဝဝ ခန့် ရှိနိုင်ကြောင်း သိရသည်။

”ရန်ကုန်မှာက မိရိုးဖလာ လမ်းဘေးမှာ စျေးရောင်းသူတွေနဲ့ စားဝတ်နေရေးအတွက် ရောင်းနေသူတွေ ရှိတယ်။ ဒါက ရန်ကုန်ရဲ့ ယဉ်ကျေးမှုလည်း ဖြစ်နေပါပြီ။ အောင်မြင့်မယ့် နည်းလမ်းတော့ မဖြစ်နိုင်ဘူး” ဟု သူက ပြောသည်။

ရန်ကုန်မြို့လယ် လမ်းမကြီးများတွင် ယခင်မြင်တွေ့နေကျ လမ်းဘေးဆိုင် အများအပြားကို ယနေ့ မမြင်ရဘဲ ကွမ်းယာသည်အချို့က လက်တွန်းလှည်းများဖြင့် ရောင်းချနေသည်။

”ဒါက အနှေးယာဉ်လေ။ စည်ပင်မှာကို မှတ်ပုံတင်ထားတာ။ တနှစ်စာကို ငွေတသိန်းခွဲ ပေးရတယ်။ ပြီးတော့မှ တနေ့ကို စည်ပင်ကို စျေးကောက် ၂ဝဝ  ကျပ် ပေးရတယ်” ဟု စမ်းချောင်းတွင် ရောင်းချနေသော ကွမ်းယာသည်တဦးက ပြောသည်။

မြို့တော်စည်ပင်သာယာရေး ကော်မတီရုံးအဖွဲ့ အဖွဲ့ဝင်တဦးက စည်ပင်အနေဖြင့် လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ကာ ဆိုင်များကို သိမ်းသည်အထိ အရေးယူနေကြောင်း ပြောဆိုသည်။

ဘုန်းကြီးကျောင်းမီးရှို့ရန်ကြံမှု သံသယဖြင့် ကလေးများ အဖမ်းခံရ

ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ ၀၇ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၀၈ မိနစ်

ချင်းမိုင် (မဇ္စျိမ) ။      ။ စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အထင်ကရ ဘုန်းကြီးကျောင်းများကို မီးတင်ရှို့ရန် ကြံစည်သည်ဟု သံသယဖြင့် ကလေး နှစ်ဦးနှင့် စစ်တပ်ပြေးတဦးကို ဖမ်းဆီးထားကြောင်း မုံံရွာအခြေစိုက် မုံရွာခရိုင် ရဲဝန်ထမ်းများက ပြောသည်။

မုံရွာမြို့ လယ်တီကျောင်း၊ စိတ္တသုခကျောင်း၊ ပေပင်ကျောင်းနှင့် အရှေ့လေးထပ်ကျောင်းများကို ဓာတ်ဆီလောင်း မီးရှို့မည်ဟု သံသယဖြင့် အသက် ၁၄ နှစ်အရွယ် မောင်နေဝင်းအောင်နှင့် မောင်ဇော်ဇော်အောင်တို့ နှစ်ဦးက ဇွန်လ ၃ဝ ရက်နေ့တွင် အဖမ်းခံရခဲ့ရသည်။ ရဲက အသက် ၂၁ အရွယ် ကိုကံကောင်း (ခ) ကိုသန့်ဇင်ကို ဆက်လက်ဖမ်းဆီးပြီး ၃ ဦးလုံးကို အမှတ် ၂ ရဲစခန်းတွင် ထိန်းသိမ်းထားသည်။

“ခေါင်းဆောင်လုပ်တဲ့ အကြီးဆုံးကောင် ကံကောင်းဆိုတဲ့ ကောင်လေးကတော့ တပ်ပြေးလို့ ပြောတယ်။ ဘယ်တပ်က ပြေးလာတာလဲတော့ မသိဘူး။ ကြံုရာခိုးစားလိုက်၊ ကြံုရာထိုးအိပ်လိုက် နေနေတဲ့ ကောင်လေးပေါ့။ တခါတလေကျ တော့ ဘုန်းကြီးအတုလို လျှောက်တောင်းစားနေတာပေါ့။ ကျန်တဲ့ ကလေးတွေကလည်း ပျံကျတောက်တိုလေးတွေ ပေါ့နော” ဟု မုံရွာခရိုင်အဆင့်ရှိ ရဲအရာရှိတဦးက ပြောသည်။

“အခုတော့ အမှုစစ်ကနေ စစ်ဆေးနေပါတယ်။ စစ်ဆေးဆဲကာလဖြစ်တုန်းမို့ တရားတော့ မစွဲတင်ရသေးပါဘူး။ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၄၃၆/၅၁၁ တို့နဲ့ အမှုဖွင့်ထားတာပေါ့နော်။ မီးရှို့ရန် ကြံစည်မှုပဲရတယ်။” ဟု သူက ထပ်ပြောသည်။

ပုဒ်မ ၄၃၆ သည် ကိုးကွယ်ဝတ်ပြုသည့် နေရာ၊ အိမ်၊ ကျောင်း၊ ပစ္စည်းသိုလှောင်ရာအဆောက်အအုံကို မီး သို့မဟုတ် ပေါက်ကွဲစေတတ်သည့်အရာဖြင့် ဖျက်ဆီးရန် ကြံစည်မှုဖြစ်ပြီး ထောင်ဒဏ် ၁ဝ နှစ် သို့မဟုတ် တသက်တကျွန်း ချမှတ်နိုင်သည်။

ယခင်လ ၃ဝ ရက်နေ့ နံနက် အာရုဏ်ဦး အချိန်တွင် ကပ်လျှက်တည်ရှိသော လယ်တီကျောင်းနှင့် စိတ္တသုခကျောင်းတို့ကို မီးရှို့ရန် မောင်နေဝင်းအောင်နှင့် မောင်ဇော်ဇော်အောင်တို့က ဓါတ်ဆီပုလင်း၊ မီးခြစ်များဖြင့် တချိန်ထဲ ဝင်ရောက်သွားချိန်တွင်  သံဃာတော်များက ဖမ်းဆီးမိခဲ့သည်။

အမှုခင်းမဖြစ်မီ တရက်အလို မနက်ပိုင်းတွင် ကျောင်း ၄ ကျောင်းကို မီးရှို့မည်ဟု ဖုန်းဆက် ခြိမ်းခြောက်လာသဖြင့် ည မအိပ်ဘဲ စောင့်ဖမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု သံဃာတော်တပါးက မိန့်သည်။

သို့သော်လည်း သံဃာတော်တပါးက အမှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသူ ၆ ဦးအထိ ရှိပြီဖြစ်သည်ဟု ဆိုသည်။

ခရိုင်ရဲမှူးကမူ မီးရှို့ရန် ကြံစည်သူများကို သံဃာတော်များထံမှ မြို့ခံရဲများနှင့် သက်ဆိုင်ရာ မြို့ခံအာဏာပိုင်များက စိတ္တသုခကျောင်းထဲမှ ခက်ခက်ခဲခဲ တောင်းယူခဲ့ရပြီး ၃ ဦးသာဖြစ်သည်ဟု ဆိုသည်။

တပ်ပြေးကိုကံကောင်း၏ ထွက်ဆိုချက်ကို ကိုးကား၍ ရဲက ပြောကြားရာတွင် ကိုကံကောင်းမှာ ယခင်က စိတ္တသုခကျောင်းတွင် ပစ္စည်းခိုးရန်ကြံစည်ရာ သံဃာတော်များ တွေ့သွားသဖြင့် မောင်းထုတ်ခံရသည်ကို မကျေနပ်၍ ကလေးနှစ်ဦးကို စည်းရုံးပြီး မီးရှို့လက်စားချေရန် ကြံစည်ခြင်းဖြစ်သည်ဟု ဆိုသည်။

သို့သော် အဘယ်ကြောင့် ကျန်ကျောင်း ၃ ကျောင်းကိုပါ မီးရှို့ရန် ကြံစည်ရသည်ကိုမူ မသိရသေးကြောင်း ခရိုင်ရဲမှူးက ဖြေသည်။

အဆိုပါ ဘုန်းကြီးကျောင်း ၄ ကျောင်းသည် စစ်အစိုးရ၏ အကြမ်းဖက် ဖြိုခွင်းခြင်းကို ခံခဲ့ရသော ၂ဝဝ၇ ခုနှစ် သံဃာတော်များဦးဆောင်သော ဆန္ဒပြ ပရိတ်ရွတ် ဆုတောင်းရာတွင် တက်တက်ကြွကြွ ပါဝင်ခဲ့ကြောင်း စုံစမ်းသိရသည်။

Most read this week