ကရင်နီပြည်တွင် ၀န်ထမ်းအလုပ်လျှောက်သူများ ငွေပေးဆောင်နေရ

ကရင်နီပြည်တွင် ၀န်ထမ်းအလုပ်လျှောက်သူများ ငွေပေးဆောင်နေရ
by -
နှောင်းလှိုင်
ကရင်နီပြည် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တွင် ၀န်ထမ်းအလုပ်လျှောက်လိုသူများသည် ငွေကြေးများ ပေးဆောင်၍ လျှောက်နေကြရသည်ဟု အလုပ်လျှောက်နေ သူများက ပြော...

ကရင်နီပြည် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တွင် ၀န်ထမ်းအလုပ်လျှောက်လိုသူများသည် ငွေကြေးများ ပေးဆောင်၍ လျှောက်နေကြရသည်ဟု အလုပ်လျှောက်နေ သူများက ပြောသည်။

ကျောင်း၊ ဆေးရုံနှင့် သူနာပြုသင်တန်း တက်ချင်သူများ အနေဖြင့် ထိုကဲ့သို့ လုပ်ခံနေရခြင်းအပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။ ထိုအဆင့်ဆင့် ချစားမှုကြောင့် ဆင်းရဲပြီး အောက်ခြေလူတန်းစား အနေဖြင့် အများဆုံး ခံနေရပြီး ယခုအချိန်တွင် ကရင်နီပြည်တပြည်နယ် နေရာအနှံ့ ၀န်ထမ်းအလုပ်လျှောက်သူတိုင်း ခံနေရသည်ဟု ဆိုသည်။

“အလုပ်ခေါ်လို့ သွားလျှောက်တော့ နောက်မှာ တိတ်တိတ်လေး နောက်တခေါက် ပြန်တွေ့ရပါတယ် အဲဒီအချိန်မှာ အလုပ်တကယ်လိုချင်ရင် မြန်မာ ကျပ်ငွေ ငါးသိန်း ပေးရင် ရအောင်လုပ်ပေးမယ်လို့ ပြောပါတယ် ပါမစ် ပါရမယ်ပေါ့” ဟု စာရင်းကိုင် အလုပ်လျှောက်ရာတွင် ကျပ်ငွေ ငါးသိန်း မပေးဆောင်နိုင်သည့်အတွက် အလုပ်ကို ရပ်နားထားရသူက ပြောပါသည်။

ကျပ်ငွေ နှစ်သိန်းဖြင့် စာရင်းစစ်ရုံးတွင် အလုပ်ရရှိပြီး တလတွင် အနိမ့်ဆုံး လစာကျပ်ငွေ တစ်သောင်းခွဲ ရရှိသည့် သူငယ်ချင်း အကြောင်းနှင့် ပါတ်သက်၍ သူမက ယခုလို ဆက်ပြောသည်။

“အဲဒါ သူငယ်ချင်းက ငွေကြေး အခက်အခဲ ရှိလို့ ငွေညှိကြပါတယ်။ အဲဒါ မြန်မာကျပ်ငွေ နှစ်သိန်းနဲ့ အဆင်ပြေသွားပါတယ်။ အခု သူက ဒီးမော့ဆိုမှာ အလုပ်ရနေပါတယ်။ အခုမှ ပြန်သိရတာက ပါမစ် မရပါဘူးတဲ့”

အစိုးရ အမှုထမ်းရုံး၊ ပုဂ္ဂလိက အလုပ်ရုံတို့တွင် မိမိဆွေမျိုးများ ရှိနေခြင်း သို့မဟုတ် မိမိသည် ကြံ့ဖွံ့နှင့်နီးစပ်သူ ဖြစ်ပါက အလုပ်ကို ငွေကြေးများ မပေးဘဲ လျှောက်၍ ရနိုင်သည်ဟု သူနာပြုအလုပ်အားရရန် ငွေလိုက်၍ လျှောက်ထားသော သူနှင့် နီးစပ်သူက ပြောသည်။

၎င်းက “သူနာပြုသင်တန်းဆင်းတဲ့ သူတွေပေါ့။ အလုပ်ရဖို့ ၄-၅ နှစ် စောင့်ရတယ်။ ငွေလိုက်ရတယ်။ နေပြည်တော်ထိ လိုက်ရတယ်။ သူနာပြုဝန်ထမ်း ရဖို့ တခါ နှစ်ခါရှိပြီ လိုက်တာ တခါကို အနည်းဆုံး ၃ သိန်း ၄ သိန်း ကုန်တယ်။ အတတ်နိုင်တဲ့ ကြားကနေပြီးတော့ ချေးပြီး လိုက်ရတာပေါ့။ ဒါတောင် မသေချာပါဘူး” ဟု ပြောသည်။

ယခုအချိန်တွင် ၀န်ထမ်းများ ခေါ်ယူအလုပ်ခန့်ထားခြင်းကို ခေတ္တရပ်နားထားပြီး မကြာခင်တက်လာမည့် အစိုးရတွင် ပြန်လည်ခေါ်ယူမည်ဟု သိရသည်။

Most read this week