ကမ္ဘာလှည့် ခရီးသည်နည်းလာ၍ ကြေးပတ်ကယန်းများ ဌာနေသို့ အလုပ်အကိုင်ပြန်ရှာ

ကမ္ဘာလှည့် ခရီးသည်နည်းလာ၍ ကြေးပတ်ကယန်းများ ဌာနေသို့ အလုပ်အကိုင်ပြန်ရှာ
ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ စိတ်ဝင်းစားရာ ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေး ကန်တော်ကြီး တွင််  မိမိရိုးရာဝတ်စုံကို အလှပြခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုကြသော ကြေးပတ်ကယန်း အမျိုးသမီးများ ယခုမိုးရာသီချိန်တွင် လာရောက် လည်ပတ်သူများ နည်းပါးခြင်းကြောင့် မိမိမွေးရပ်မြေဌာနေသို့ တခြားအလုပ်အကိုင်များ ပြန်လည်ရှာဖွေ...

ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ စိတ်ဝင်းစားရာ ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေး ကန်တော်ကြီး တွင််  မိမိရိုးရာဝတ်စုံကို အလှပြခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုကြသော ကြေးပတ်ကယန်း အမျိုးသမီးများ ယခုမိုးရာသီချိန်တွင် လာရောက် လည်ပတ်သူများ နည်းပါးခြင်းကြောင့် မိမိမွေးရပ်မြေဌာနေသို့ တခြားအလုပ်အကိုင်များ ပြန်လည်ရှာဖွေ လုပ်ကိုင်နေကြရသည်။

“မိုးရာသီ အခုလိုအချိန်ဆ်ိုရင် နိုင်ငံခြားသားဧည့်သည်တွေက သိပ်မလာကြဘူး။ ရွာပြန်ပြီး တခြားအလုပ်တွေ ရှာလုပ်တယ်၊ နောက်ပြီး တောင်ယာနဲ့ တခြားသီးနှံတွေကို ပြန်စိုက်စားတာ” ဟု ကန်တော်ကြီးတွင် ရိုးရာအလှပြသသော ကယန်းအမျိုးသမီး တစ်ဦးက ပြောသည်။

အင်းထဲ၌ ရိုးရာယဉ်ကျေးမှု ပစ္စည်းများ ရောင်းချသော ဆိုင်များတွင် ဆိုင်ပိုင်ရှင်များက ကယန်း (ပဒေါင်လည်ပင်းရှည်) လူမျိုးများ ငှားရမ်းကာ လာရောက် လည်ပတ်သော နိုင်ငံခြား ဧည့်သည်များကို ပြသလျှက်ရှိပြီး တဆက်တည်းမှာပင် မိမိတို့၏ တခြား အရောင်းပစ္စည်များကိုပါ ရောင်းချကြသည်။

ခရီးသွားဧည့်သည်များ ရှားပါးချိန်တွင် ဆိုင်ရှင်များက ၀င်ငွေနှင့်ငှားရမ်းခ မကိုက်သောကြောင့် ပဒေါင်လည်ပင်းရှည် များကို မငှားနိုင်သောအခါ ပဒေါင်တိုင်းရင်းသူများ မိမိတို့၏ ဌာနေသို့ ပြန်ကြခြင်းဖြစ်သည်။ ယခင်က ကန်တော်ကြီးတွင် ကြေးပတ်ကယန်း တဦးစနှစ်ဦးစသာရှိခဲ့ပြီး နိုင်ငံခြား ဧည့်သည်များအား ဆွဲဆောင်ရန် ယခု နောက်ပိုင်း လူဦးရေ တိုးလာခဲ့သည်။

နိုင်ငံခြားဧည့်သည်များ လည်ပတ်မှုများသော ပွင့်လင်းရာသီချိန်ကျမှသာလျှင်် ဆိုင်ရှင်များက ကယန်းအမျိုးသမီး များကို ငှားရန်းကြပြီး ဆိုင်ရှင်များ၏ ကုန်ပစ္စည်း ရောင်းအား အပေါ် မူတည်ပြီး ပဒေါင်တိုင်းရင်သူများကို ငှားရမ်းခ ပေးသည်ဟု သိရသည်။

ကြေးပတ်ကယန်း အမျိုးသမီးများသည် မိမိခန္ခာကိုယ်တွင် ကြေးကွင်းများ တပ်ဆင် ထားခြင်းသည် အလှသက်သက် မဟုတ်ဘဲ ရိုးရာယဉ်ကျေးမှုအရ ၀တ်ဆင် ထားကြောင်း ကယန်းအမျိုးသမီးတို့သည် သာမာန်လူများကဲ့သို့ အလုပ်လုပ်ကိုင်နိုင်ကြောင်း ဖယ်ခံမြို့ခံတဦးဖြစ်သည့် ကယန်းအမျိုးသားဦးက ယခုလိုရှင်းပြသည်။

“သိပ်မအိုတဲ့အပိုင်းက အလုပ်ကောင်းကောင်း လုပ်ကိုင်နိုင်ကြပါတယ်။ အသက်၄၀-၅၀ ကြားပေါ့။ ကြေးပတ် ထားပေမဲ့လို့ သာမန်လူ စပါးတပလိုင်း ထမ်းရင်သူတို့လဲ တပလိုင်းထမ်းနိုင်တယ်။ အသက် ၅၀ ကျော် အရွယ်တွေ တောင်မှ အိမ်အလုပ်ဖြစ်တဲ့ စပါးထောင်း၊ စပါးလှမ်း၊ ငရုပ်သီးချွေစတဲ့ အလုပ်တွေကို လုပ်နိုင်ကြပါတယ်”

ကျန်းမာရေး ပညာပေးအစီအစဉ်များ ၀င်လာသည့် ၂၀၀၀ ခုနှစ်နှောက်ပိုင်း ကြေးပတ်ကယန်းများ မိမိ၀တ်ဆင်ခဲ့သော ကြေးကွင်းများ ချွတ်လာခဲ့ကြသည်။ တဘက် မှာလဲ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရန် လိုအပ်နေသေးသည့်အတွက် ၀တ်ဆင် သူများလဲ ရှိနေသေးကြောင်း သိရပါသည်။

အင်းလေး ကန်တော်ကြီးတွင် ရိုးရာဝတ်စုံကိုပြသသော ကယန်းတိုင်းရင်းသူ အများစုမှာ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် တွင် နေထိုင်ကြသော ပဒေါင် တိုင်းရင်းသူများ ဖြစ်ကြသည်။

Most read this week