ကချင်ပါတီအား ကော်မရှင်မှ လက်မခံသေးမှုပေါ် လူထုရှင်းလင်းပွဲပြုလုပ်

ကချင်ပါတီအား ကော်မရှင်မှ လက်မခံသေးမှုပေါ် လူထုရှင်းလင်းပွဲပြုလုပ်
ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) ဗဟိုရုံးတွင် ပါတီအား မြန်မာစစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်မှ ယခုထိ လက်မခံ သေးသည့် ကိစ္စပေါ် လူထုရှင်းလင်းပွဲ...

ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) ဗဟိုရုံးတွင် ပါတီအား မြန်မာစစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်မှ ယခုထိ လက်မခံ သေးသည့် ကိစ္စပေါ် လူထုရှင်းလင်းပွဲ တစ်ခုကို ဇူလိုင် ၃ ရက် ပြီးခဲ့အပတ်စနေနေ့က ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

အစည်းဝေးသို့ တက်ရောက်သူများကို KSPP ပါတီ ဥက္ကဌ ဒေါက်တာတူးဂျာ က ကချင်ပါတီ အား ကော်မရှင်မှ အဘယ်ကြောင့်တရားဝင်ပါတီအဖြစ် လက်မခံနိုင် သေးသည့် ကိစ္စကို အဓိကထားရှင်းလင်းခဲ့ကြောင်း အစည်းဝေးတက်ရောက်သူများပြောပါသည်။

ယခုချိန်ထိ KSPP ပါတီအား ကော်မရှင်မှ လက်မခံသေးသည့် အဓိက အကြောင်းရင်းကတော့ ပါတီသည် စစ်အစိုးရတင်ပြုသည့် နယ်ခြားစောင့်တပ် အသွင် ကူးပြောင်းရေးကို လက်မခံသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ဆက်စပ်နေသည်ဟု သတ်မှတ်ခံရမှုကြောင့် ဖြစ်သည်။

“ကျွန်တော်တို ့ပါတီ က KIO နဲ့ ပတ်သက်မှုမရှိဘူး အကယ်လို ပါတီတည်ထောင်ခွင့်မချပေးဘူးဆိုရင် သူတို့မချပေးချင်လို့ မချပေးတာပဲဖြစ်မယ်လို့ သတ်မှတ် ရပါလိမ့်မည်” ဟု ဒေါက်တာတူးဂျာ ပြောသည်။

ထိုအစည်းဝေးသို့ မြစ်ကြီးနားမြို့မှ ဒေသခံပြည်သူများ၊ ပါတီဝင်များအပြင် ကချင်ပြည်နယ် အနယ်နယ် အရပ်ရပ်မှ ပါတီအဖွဲ့ဝင်ပေါင်း ၃၀၀ ကျော်တက်ရောက် ခဲ့ကြသည်။

မြန်မာစစ်အစိုးရ၏ ယခုနှစ် နှစ်ကုန်ပိုင်းတွင်ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ ကို ကချင်ပါတီ တစ်ရပ် အနေနဲ့ ပါ၀င်ခွင့် မရရအောင်ကြိုးစားပြုလုပ်သွားမည်ဖြစ်ပြီး အခက်အခဲများရှိရင် စိတ်ရှည်သည်းခံပြီး စောင့်ဆိုင်းပေးရန် ပြည်သူများအားပန်ကြားထားကြောင်း ပါတီအရာရှိတစ်ဦးပြောသည်။

“အကယ်၍ ကျွန်တော်တို့ပါတီ ကို ပါတီတည်ထောင်ခွင့် လက်မခံဘူးဆိုရင် ကျွန်တော်တို ့အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုဆန့်ကျင့်ရမှာဖြစ်တယ်” ဟု ကချင်ပါတီ ဗဟိုအလုပ်မှုဆောင်တစ်ဦးပြောသည်။

ပါတီတည်ထောင်ခွင့်ရရှိရေးအတွက် ပါတီအရာရှိများ အကြီးအကဲများ ဆက်လက်ကြိုးပမ်းသွားရန် အစည်းဝေးတက်ရောက်သူများမှ KSPP ပါတီခေါင်းဆောင်များကို တိုက်တွန်းခဲ့ကြသည်ဟု မြစ်ကြီးနား မြို့့ခံတစ်ဦးပြောသည်။

ကျွန်တော်တို ့အနေနဲ့ ယခုကချင်ပါတီ အသစ်ထွက်လာတဲ့ ပါတီတွေက ကျွန်တော်တို ့နဲ့မဆိုင်ဘူး” ဟု သူက ထမ်မံပြောသည်။

ကချင်ပါတီ အသစ်အနေနဲ့ ကြံ့ဖွ့ံမှခွဲထွက်သော ဒူဝါ ခက်ထိန်နန် ဦးဆောင်သော “စည်းလုံးညီညွတ်ရေး နှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) (UNITY AND DEMOCRACY PARTY OF KACHIN STATE -UDPKS) အဖွဲ့” ၏ ပါတီမှတ်ပုံတင် လျှောက်ထားချက်ကို ရွေးကောက်ပွဲကော်မရှင်မှ လက်ခံရရှိကြောင်းကို ဇူလိုင် ၂ ရက်နေ့ထုတ် စစ်အစိုးရပိုင် မြန်မာအလင်းသတင်းစာတွင် ဖေါ်ပြခဲ့သည်။

UDPKS ပါတီ ကို ဇွန်လ ၂၆ နေ့က ကြံ့ဖွ့ံပါတီမှ ခွဲထွက်၍ ကချင်ပါတီအသစ်တည်ထောင်ရန် ကြံ့ဖွ့ံပါတီ အတွင်းရေးမှုး နှစ်ဦးဖြစ်သည့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော် နှင့် စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း တို့ တိုက်တွန်းချက်အရ ဖွဲ့စည်းခြင်းလည်း ဖြစ်သည်။

ကချင်ပြည်နယ်တွင် အကြီးဆုံးပါတီ ဖြစ်နိုင်သည့် KSPP ပါတီကို ကချင်အဖွဲ့အစည်းကြီး ၃ ဖွဲ့ဖြစ်သည့် KIO၊ ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ (WMR) နှင့် ယခင် ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) (အခုနယ်ခြားစောင့်တပ်ဖွဲ့) တို့၏ ထောက်ခံမှုဖြင့် ဖွဲ့စည်းခဲ့သည်။

ပါတီ တရားဝင်လက်ခံပေးရေးကိစ္စ သတိယအကြိမ် (သို့မဟုတ်) နောက်ဆုံးအကြိမ်ကြိုးပမ်းမှုအနေဖြင့် KSPP ပါတီ အရာရှိများ နေပြည်တော် အခြေစိုက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် သို့ ယခုလ ၁၆ ရက်နေ့ ထပ်မံသွားရောက်ရန်ရှိကြောင်း ပါတီခေါင်းဆောင်များ ပြောပါသည်။

ပြီးခဲ့သည့် မေ ရ ရက်နေ့တွင် ပထမအကြိမ် နှင့် ဇွန် ၁၅ ရက်နေ့တွင် ဒုတိယအကြိမ်အားဖြင့် KSPP အရာရှိများ ရွေးကောက်ပွဲကော်မရှင် သို့ သွားရောက်ပြီး ပါတီအား လက်ခံအတည်ပြုပေးပါရန် တင်ပြခဲ့ပြီးဖြစ်သည်၊

ကော်မရှင်မှ ကချင်ပါတီအား တရားဝင်ပါတီအဖြစ် လက်ခံ လက်မခံကြောင်း အဖြေကို ယခုလ လယ်ပိုင်းတွင် အသိပေးလိမ့်မည်ဟု ပါတီခေါင်းဆောင် ဒေါက်တာတူးဂျာ က ပြောပါသည်။