ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မစ္စတာ ဘလက်တာက တနင်္ဂနွေနေ့ ရှုံးထွက်ပွဲ ၂ ပွဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးရဲ့ အမှားအတွက် တောင်းပန်လိုက်ပါတယ်။
အဲဒီအမှားဟာ ၂၀၁၀ ဖီဖာပွဲအတွက် စိတ်ပျက်စရာ အခြေအနေတွေ ဖြစ်ပွားစေခဲ့ပါတယ်။ မစ္စတာ ဘလက်တာက အဖွဲ့ချုပ် ကော်မီတီအနေနဲ့ ဂိုးဝစည်း ဗီဒီယို စောင့်ကြည့်နည်း စနစ်သစ်ကို အသုံးပြုနိုင်ဖို့ စဉ်းစား စည်းဝေးကြမယ်လို့လည်း ပြောပါတယ်။
“ဒါပေမဲ့ ကွင်းလယ်ဒိုင်လူကြီးရဲ့ တခြားဆုံးဖြတ်ချက်တွေ အပေါ်မှာတော့ ဒီ ဗီဒီယိုစောင့်ကြည့်စနစ်ကို အသုံးပြုမှာ မဟုတ်ဘူး။ အခု ၂ဝ၁ဝ ဖီဖာပွဲရဲ့ အတွေ့အကြံုတွေ အရဆိုရင် ဗီဒီယိုစနစ်ကို မလွဲမသွေ အသုံးပြုရတော့မှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ ဇူလိုင်လထဲမှာ Cardiff, Wales မှာ ပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ ဘောလုံးပွဲ ဥပဒေပြု အစည်းအဝေးမှာ ဗီဒီယိုစနစ်ကို အသုံးပြုဖို့ ဆွေးနွေးကြမှာပါ။
အင်္ဂလန်နဲ့ မက္ကဆီကို အသင်းတို့ဟာ ဒီအမှားရဲ့ သားကောင်တွေ ဖြစ်ခဲ့ကြပါတယ်။ မစ္စတာဘလက်တာက အဲဒီအသင်း ၂ သင်းရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေကို စိတ်မကောင်း ဖြစ်မိပါတယ်လို့ ဆိုပါတယ်။
တနင်္ဂနွေနေ့တုန်းက ဘလူဖေါင်တိန်းမြို့မှာ ဂျာမဏီနဲ့ ကစားတဲ့ပွဲမှာ အင်္ဂလန် အလယ်တန်းလူ ဖရဲန့် လဲန်ပါတ် သွင်းလိုက်တဲ့ ဘောလုံးဟာ ဂိုးဘားတိုင်ကိုထိပြီး ဂိုးစည်း အတွင်း ကျသွားတာကို ဗီဒီယိုပြန်အကြည့်မှာ ရှင်းရှင်းကြီး မြင်တွေ့ရပါတယ်။ အဲဒီအချိန်မှာ အင်္ဂလန်အသင်းဟာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနေတာပါ။ အဲဒီဂိုးသာ အင်္ဂလန် ရသွား ခဲ့ရင် ရလဒ်အဖြေလည်း ပြောင်းကောင်းပြောင်းသွားနိုင်ပါတယ်။ ပွဲအပြီးမှာတော့ ဂျာမဏီအသင်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။
အဲဒီနေ့ ဒုတိယပွဲမှာလည်း မက္ကဆီကိုအသင်းဟာ အာဂျင်တီးနားအသင်းနဲ့ အကြိတ်အနယ် ခြေရည်တူ ကစားနေချိန် အာဂျင်တီးနားအသင်းရဲ့ ပထမဂိုးကို ကားလော့စ် တဗက် သွင်းခဲ့စဉ်က ကားလော့စ်ဟာ လူကျွံဘော အနေအထားမှာ အထင်အရှား ရောက်နေတာကို ဗီဒီယိုပြန်အကြည့်မှာ တွေ့ရပါတယ်။ အဲဒီပွဲမှာလည်း နောက်ဆုံး အာဂျင်တီးနားက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။
“ကျနော် အသင်းနှစ်သင်းစလုံးကို တောင်းပန်ခဲ့ပါတယ်။ အင်္ဂလန်အသင်းက ကျေးဇူးတင်ပါတယ်လို့ တုံ့ပြန်ပြီး၊ မက္ကဆီကို အသင်းကတော့ ခေါင်းပဲခါပြပါတယ်။ သူတို့ နှစ်သင်း စလုံး မကျေမနပ် ဖြစ်နေမယ်ဆိုတာကို သဘောပေါက်ပါတယ်” လို့ မစ္စတာ ဘလက်တာက ပြောပါတယ်။
“ကျနော်တို့ (ဖီဖာအဖွဲ့) သေချာစဉ်းစားပြီး အောက်တိုဘာလ သို့မဟုတ် နိုင်ဝင်ဘာလထဲမှာ တစုံတခုကို ကြေညာမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခုခုတော့ ပြင်သင့်ပြီဆိုတာ သေချာနေလို့ပါပဲ” လို့ သူက ဆက်ပြောပါတယ်။ “ဒါပေမဲ့ မက္ကဆီကိုပွဲမှာဖြစ်တဲ့ အမှားမျိုးအတွက်တော့ ဗီဒီယို ဆုံးဖြတ်ချက်ကို သုံးဖို့၊ သူ့အနေနဲ့ မသုံးချင်ဘူးလို့ ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအမှား နှစ်ခုကြောင့် ဖီဖာကမ္ဘာ့ဖလားပွဲဟာ တခြားနိုင်ငံတကာ အားကစားပွဲကြီးတွေ (ရာ့ပ်ဘီ၊ ခရစ်ကက်) နဲ့စာရင် ခေတ်နောက်ကျနေသယောင် ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီပွဲကြီးတွေမှာ ဗီဒီယို ဆုံးဖြတ်ချက်တွေကို သုံးနေကြလို့ပါပဲ” လို့ နောက်ဆုံးပြောကြားခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ ဘောလုံးပွဲ ဒိုင်လူကြီးတွေကလည်း အဲဒီစနစ်ကို ကြိုဆိုလိုက်ကြပါတယ်။ အဲဒီစနစ်ဟာ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို အထောက်အကူပြုမယ့်၊ ဖီဖာ ကလည်း အတည်ပြုမယ်ဆိုရင် လက်ခံဖို့ အသင့်ပါပဲလို့ ပြောကြပါတယ်။ မစ္စတာဘလက်တာက အင်္ဂလန်အသင်းနဲ့ မက္ကဆီကိုအသင်းတို့ကို တောင်းပန်အပြီး ထို ဒိုင်လူကြီးတွေက “ကျနော်တို့က ဖီဖာအဖွဲ့ရဲ့ ဥပဒေအတိုင်း ဆုံးဖြတ်ကြရတာပါ” လို့ ပြောပါတယ်။
ပရီတိုးရီးယား မြို့မှာရှိတဲ့ ဒိုင်လူကြီးတွေ လေ့ကျင့်ရေးကွင်းမှ ဒိုင်လူကြီးတဦးဖြစ်သူ မစ္စတာ ဟောင်းဝပ်ဝက်ဘ်က “ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်တွေကို အထောက်အကူ ပြုမယ့် ပြုပြင်ပြောင်းလဲမှု မှန်သမျှကို ကျနော်တို့ကလည်း အစွမ်းကုန် အသုံးပြုသွားမှာပါ” လို့ ဆိုပါတယ်။
“ကျနော်က ရဲအရာရှိတဦး ဖြစ်ခဲ့တာမို့ ဥပဒေအတိုင်း အတိအကျ ဆောင်ရွက်ပါတယ်။ ဒါပေမဲ့ ကျနော့် သဘောအတိုင်းတော့ ဘယ်တော့မှ မလုပ်ခဲ့ပါဘူး။ အဲဒီပြုပြင်ပြောင်းလဲမှုကိုတော့ စိတ်ဝင်တစား စောင့်ကြည့်ရဦးမှာပါ” လို့ သူက ဆက်ပြောပါတယ်။
အဲဒီ လေ့ကျင့်ကွင်းမှာ သတင်းသမား တအုပ်ကြီး စောင့်နေကြပေမယ့် ဂျာမဏီ-အင်္ဂလန်ပွဲ ဒိုင်လူကြီးနဲ့ အာဂျင်တီးနား-မက္ကဆီကို ပွဲဒိုင်လူကြီး နှစ်ဦးကိုတော့ မတွေ့ကြရကြောင်း ရိုက်တာသတင်းဌာနက ပြောပါတယ်။