ရန်ကုန်တိုင်းအတွင်း သွေးလွန်တုပ်ကွေး ကူးစက်ရောဂါ ဖြစ်ပွားသူ ဦးရေ ၉ဝဝ ကျော်အနက် ၆ ဦး သေဆုံးသွားခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဝှာသတင်းဌာနနှင့် ရန်ကုန်ရှိ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့မှ တာဝန်ရှိသူတဦး အဆိုအရ သိရသည်။
လူဦးရေ ၉၁ဝ အနက် ၆ ဦးသေဆုံးကာ ယင်းကိန်းဂဏန်းသည် ယခုနှစ် ဇန်နဝါရီလမှ မေလအထိ ၅ လတာအတွက်ဖြစ်ပြီး ယခုလ ပထမပတ်အတွင်း၌ပင် ရောဂါ ကူးစက်သူ ၈ဝ ကျော်ရှိခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်မှ ရရှိသည့် အချက်အလက်များကို ကိုးကား၍ ယနေ့ထုတ် ဆင်ဝှာသတင်းတွင် ဖော်ပြထားသည်။ သို့သော် လည်း အသေးစိတ်ကိုမူ ဖော်ပြခြင်း မရှိပါ။
ရန်ကုန်အခြေစိုက် အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့မှ တာဝန်ရှိသူတဦးကလည်း “ဒီနှစ်ပေါ့နော်၊ သွေးလွန်တုပ်ကွေး ကူးစက်ရောဂါဖြစ်တဲ့ လူ ၉ဝဝ ကျော်ရှိတဲ့ အထဲက ၆ ယောက် သေသွားတယ်ဆိုတဲ့ ဆေးရုံ Data (အချက်အလက်) တွေကတော့ ကိုယ်တို့အသိုင်းအဝိုင်းက သိရတာပေါ့လေ” ဟု မဇ္စျိမကို ပြောသည်။
ယခုရောဂါကူးစက်ပျံ့ပွားနေသည့် မြို့နယ်များကို အတိအကျ မပြောနိုင်သော်လည်း ရန်တိုင်းအတွင်း၌ သွေးလွန်တုပ်ကွေး အများဆုံး ဖြစ်တတ်သည့် မြို့နယ်များမှာ ဒေါပုံ၊ သာကေတ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒလ၊ တွံတေး၊ သံလျင်၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်း၊ ဖော့ကန်နှင့် အင်းစိန်မြို့နယ်များ ဖြစ်သည် ဟု သူက ဆိုသည်။
အလုံမြို့နယ်ရှိ ရန်ကုန်ကလေးဆေးရုံ၌ သွေးလွန်တုတ်ကွေး ရောဂါဖြစ်ပွားနေသည့် ကလေးများကို ကုသပေးနေကြောင်း သိရသည်။
ယင်းဆေးရုံ တာဝန်ကျဝန်ထမ်းတဦးက “အခု ဒီမှာ သွေးလွန်တုပ်ကွေးဖြစ်နေတဲ့ ကလေးတွေကို ကုပေးနေတာတော့ ရှိပါတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေအနေနဲ့ ဘယ်လောက် ရှိတယ်ဆိုတာ ပြောခွင့်မရှိပါဘူး။ ဆေးရုံအုပ်ဆီမှာ ကိုယ်တိုင်လာမေးပါ။ ဖုန်းနံပါတ်တွေကို လည်းပေးခွင့် မရှိပါဘူး” ဟု မဇ္စျိမကို ပြောသည်။
သွေးလွန်တုပ်ကွေးရောဂါကို ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီ၊ မန္တလေးတိုင်းများနှင့် မွန်ပြည်နယ်တို့တွင် အဖြစ်များပြီး ဇွန်၊ ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလ များအတွင်း ဖြစ်လေ့ရှိသည်။
မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်ရှိ ကလေးဆေးရုံ၌လည်း သွေးလွန်တုပ်ကွေးဖြစ်နေသူ ကလေးများကို ကုသနေသည်။
“အဲဒါဖြစ်ပြီး လာကုနေတဲ့ လူတွေကတော့ ရှိတယ်။ ဒါပေမဲ့ ဆရာဝန်တွေကို မေးမှ ရမှာရှင့်။ ကျမတို့မှာ ဖြေခွင့် မရှိပါဘူး” ဟု ယင်းဆေးရုံ တာဝန်ကျ ဝန်ထမ်းတဦးက ပြောသည်။
ယင်းဆေးရုံအုပ် အမျိုးသမီးကို ဆက်လက်မေးမြန်းသော်လည်း လူနာ လူဦးရေစာရင်းကို ထုတ်ဖော်ခွင့်မရှိကြောင်းသာ ဖြေဆိုခဲ့သည်။
သွေးလွန်တုပ်ကွေး ကူးစက်ရောဂါကို ကလေးငယ်များဖြစ်လေ့ရှိပြီး အသက် ၄-၅ နှစ်မှ ၁၅ နှစ်အရွယ် အများဆုံးဖြစ်၍ မြောင်းပုပ်များ၊ အမှိုက်ပုံများ၊ ရေအိုင်များတွင် ပေါက်ဖွားသည့် ခြင်ကိုက်ခံရခြင်းကြောင့်ဟု အမည်မဖော်လိုသူ ရန်ကုန်မြို့ခံ အထွေထွေရောဂါကု ဆရာဝန်တဦးက ပြောသည်။
“ခြင်တွေကနေတဆင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်စေတဲ့ ပိုးတွေ ပါလာတာပေါ့။ ဒီခြင်တွေ အကိုက်ခံရခြင်းကနေ တယောက်ပြီး တယောက် ကူးစက်သွားတာပေါ့။ ဒီရောဂါက ပထမတော့ ရိုးရိုးတုပ်ကွေးလိုလိုပဲ နောက် ၃ ရက်နဲ့ ၅ ရက်လောက်မှာ သွေးလန့်တဲ့ လက္ခဏာတွေ ပေါ်လာတာပေါ့” ဟု သူက ပြောသည်။
ရန်ကုန်တိုင်းရှိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူများကို ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ အလုံကလေးဆေးရုံ၊ သင်္ဃန်းကျွန်း ကလေးဆေးရုံ၊ မြောက်ဥက္ကလာပ ကလေး ဆေးရုံတို့တွင် ကုသပေးလေ့ရှိသည်။
ယင်းရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် အဓိကအားဖြင့် ခြင်ကိုက်မခံကြရန်နှင့် အိမ်တွင်း အိမ်ပြင် ပတ်ဝန်းကျင်အား သန့်သန့်ရှင်းရှင်းထားရန် ဆရာဝန်များက အကြံပေးသည်။
ထို့ပြင် ဗွက်အိုင်များ၊ ရေတွင်းရေကန်ပျက်များ၊ တူးမြောင်းများ၊ အမှိုက်ပုံများတွင် ခြင်အဖြစ်သို့ ပြောင်းလဲလာမည့် ပိုးလောက်လန်းများကို ပိုးသတ်ဆေးဖြင့် ထိရောက်စွာ ပက်ဖျန်း၍ နှိမ်နင်းမှသာ အဆိုပါရောဂါတိုးပွားမှု ရပ်တံ့နိုင်မည်ဟု သိရသည်။
ယခုအခါ ရန်ကုန်တိုင်းရှိ သက်ဆိုင်ရာမြို့နယ်အလိုက် ကျန်းမာရေးဌာနများမှ သွေးလွန်တုပ်ကွေး အသိပညာပေးလုပ်ငန်းများ စတင်လုပ်ကိုင်နေကြပြီဖြစ်သော်လည်း ရောဂါဖြစ်လျှင် ဆေးသုံးစွဲရန်နှင့် မဖြစ်အောင် နေထိုင်ရမည့်ပုံများကိုသာ ညွှန်ကြားနေကြပြီး ရပ်ကွက်အတွင်းရှိ မြောင်းပုပ်များ၊ ရေအိုင်များ၊ အမှိုက်ပုံများကို ပိုးသတ် ဆေးဖျန်းမည့် အစီအစဉ် မပါဝင်ကြောင်း သိရသည်။
၂ဝဝ၉ ခုနှစ်အတွင်း ယင်းရောဂါကူးစက်ပြန့်ပွားခံရသူ အရေအတွက်မှာ ၃၁၂၉ ဦးရှိပြီး ၃၇ ဦးသေဆုံးကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။