ရှပ်နီဆန္ဒပြပွဲနှင့် ဆက်စပ်ကာ မြန်မာလုပ်သား ၁၅ ဦး အဖမ်းခံရ

ရှပ်နီဆန္ဒပြပွဲနှင့် ဆက်စပ်ကာ မြန်မာလုပ်သား ၁၅ ဦး အဖမ်းခံရ
by -
ကျော်ခ
ထိုင်းနိုင်ငံ ရှပ်နီဆန္ဒပြပွဲမှုများနှင့် ဆက်စပ်၍ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၅ ဦး အဖမ်းခံခဲ့ရကြောင်း ဘန်ကောက်အခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ TACDB ထံမှ စုံစမ်းသိရှိရ...

ချင်းမိုင် (မဇ္စျိမ)။      ။ ထိုင်းနိုင်ငံ ရှပ်နီဆန္ဒပြပွဲမှုများနှင့် ဆက်စပ်၍ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၅ ဦး အဖမ်းခံခဲ့ရကြောင်း ဘန်ကောက်အခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ TACDB ထံမှ စုံစမ်းသိရှိရသည်။

ထိုင်းအစိုးရက ရှပ်နီအဖွဲ့၏ ဆန္ဒပြမှုကို ဖြိုခွင်းပြီးနောက် ယခုလ ဒုတိယပတ်တွင် ထိုင်းရဲဌာနချုပ်က အရေးအခင်းကာလအတွင်း ဖမ်းဆီးခဲ့သူ ၄၁၇ ဦးအနက်  မြန်မာနိုင်ငံသား ၁၃ ဦး ပါဝင်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း TACDB ၏ နောက်ဆုံး စုံစမ်းသိရှိချက်အရ ၁၅ ဦးရှိကြောင်း သိရခြင်း ဖြစ်သည်။

ထိုဖမ်းဆီးခံရမှုများထဲမှ ၁ဝ ဦး တစုအဖွဲ့သည် ယခင်လ ၁၉ ရက်နေ့တွင် နွန်ထဘူရီခရိုင်အတွင်း သူတို့အလုပ်လုပ်ရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အပြန်လမ်းတွင် ထိုင်းအစိုးရမှ ထုတ်ပြန်သတ်မှတ်သည့် ညမထွက်ရအချိန်ကို ကျော်လွန်သည်ဟုဆိုကာ ထိုင်းရဲနှင့် စစ်တပ်တို့၏ ပူးတွဲဖမ်းဆီးခံခဲ့ရခြင်းလည်း ဖြစ်သည်။

“အားလုံးက ပြစ်ဒဏ်တွေ ချထားပေးပြီးသား ဖြစ်နေတယ်။ ထိုင်းနိုင်ငံရေးကို ဝင်ရောက်စွက်ဖက်နေတော့ အယူခံဝင်ဖို့ကလည်း အခက်အခဲ ဖြစ်နေတာပေါ့ဗျာ။ ရွှေ့ပြောင်းအလုပ်သမားက ထိုင်းနိုင်ငံရေး ပုဒ်မတွေနဲ့ လာငြိနေတယ်ဆိုတော့ အဲဒါကို ဆောင်ရွက်ရတဲ့နေရာမှာ အခက်အခဲတွေလည်း ရှိတယ်ဗျ” ဟု TACDB မြန်မာအပိုင်း ဒါရိုက်တာ ဦးမြင့်ဝေက မဇ္စျိမကို ပြောသည်။

ညမထွက်ရအမိန့်အား ချိုးဖောက်သဖြင့် ဒဏ်ကြေးငွေ ဘတ် ၈ဝဝဝ သို့မဟုတ် ရက် ၄ဝ ထောင်ဒဏ် အပြစ်ပေးခဲ့ရာမှ ၂ ဦးမှာ ဒဏ်ကြေးငွေပေး၍ လွတ်မြောက်သွားပြီး ဒဏ်ငွေမဆောင်နိုင်သည့် ကျန် ၈ ဦးမှာမူ ထန်ယာ့ဘူရီခရိုင် ထိန်းသိမ်းရေးစခန်း၌ ပြစ်ဒဏ် ရက် ၄ဝ အတွက် ဆက်လက်ချုပ်နှောင်ခံနေရသည်။

မတ်လပိုင်းမှစတင်ခဲ့သော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသည့် ရှပ်နီဆန္ဒပြသူများသည် အဆောက်အအုံများကို မီးရှို့ခြင်း၊ လမ်းများပိတ်ဆို့ခြင်းတို့ကို တိုးမြှင့်လုပ်ဆောင်လာခဲ့သဖြင့် ထိုင်းအစိုးရက ယခင်လ ၁၉ ရက် နေ့တွင် အင်အားသုံးဖြိုခွင်းခဲ့ပြီးနောက် ည ၈ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရ ကာဖျူးအမိန့် ထုတ်ခဲ့သည်။ လူ ၅ ဦးထက် ပိုမိုမစုရုံးရန်လည်း အရေးပေါ် ထုတ်ပြန်တားမြစ်ခဲ့သည်။

ထိုသို့ လူ ၅ ဦးထက်ပို၍ မစုရတားမြစ်ချက်နှင့် ထိုင်းနိုင်ငံအတွင်း တရားမဝင် ခိုးဝင်မှုတို့ဖြင့် အသက်၂၇ နှစ်အရွယ် ထိုင်းအမည် နုခွန် ဟုခေါ်သည့် မြန်မာနိုင်ငံသား တဦးလည်း ဘန်ကောက်မြို့ ကောင်းပလန် ဗဟိုထောင်ကြီးတွင် ထောင် ၁ နှစ်နှင့် ၄ လ ကျခံနေရကြောင်း သိရသည်။

ထို့ပြင် ကောင်းပလန်ဗဟိုထောင်၌ပင် ကာဖျူးကာလအတွင်း ဖမ်းမိထားသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား နောက်ထပ် ၄ ဦး ရှိနေသေးသော်လည်း သူတို့ကို TACDB မှ တွေ့ဆုံခွင့် မရရှိသေးသကဲ့သို့ မည်သည့်ပြစ်မှုဖြင့် ပြစ်ဒဏ်မည်မျှ ချထားသည်ကိုလည်း ယခုထိ မသိရသေးကြောင်း ဦးမြင့်ဝေက ပြောသည်။ ထိုသူ ၄ ဦးနှင့် ပတ်သက်၍ TACDB မှ ရှေ့နေက ဆက်လက်စုံစမ်းနေသည်။

ရှပ်နီအဖွဲ့များ ဆန္ဒပြမှုတွင် ရွှေ့ပြောင်း အလုပ်သမားများအနေနှင့် ပါဝင်ပတ်သက်ခြင်းမပြုရန် အဘီဆစ် ထိုင်း အစိုးရက တားမြစ်ထားပြီး ဆန္ဒပြမှုတွင် ပါဝင်မှုဖြင့် ဖမ်းဆီးမိပါက တဦးလျှင် ဘတ်ငွေ ၁ သိန်းနှင့် ထောင်ဒဏ် ၅ နှစ်ကျခံရမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်ဟု အဝေးရောက် ညွှန်ပေါင်းအစိုးရ NCGUB ၏ ရွှေ့ပြောင်း အလုပ်သမားရေးရာဌာန အဆိုအရ သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး အခြေအနေ ယိုယွင်းနေသဖြင့် ထိုင်းနိုင်ငံ၌ ခိုလှုံ အလုပ် လုပ်ကိုင်နေကြရသည့် ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံ၏ ဥပဒေကို လေးစားလိုက်နာသင့်ကြောင်း ယင်းဌာနတာဝန်ခံ ကိုသက်ခိုင်က ပြောသည်။

“အိမ်ရှင်နိုင်ငံ အနှောင့်အယှက်၊ ကသိကအောက်ဖြစ်မယ့် ကိစ္စဆို လုံးလုံးရှောင်သင့်တယ်။ ဘယ်သူပဲ မြှူဆွယ်ဆွယ်၊  ခိုင်းခိုင်း သူများနိုင်ငံရေးမှာ ဝင်ပါလို့ကို မရဘူး” ဟု သူက မဇ္စျိမကို ပြောသည်။

ထိုင်းနိုင်ငံတွင်း တရားဝင် နေထိုင်အလုပ်လုပ်ခွင့် လက်မှတ် မရှိသူများကို အရေးယူရန် ယခုလ ၂ ရက်နေ့က ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝေ့ချ်ချချီဝက လက်မှတ်ထိုး အမိန့်ထုတ်ပြန်ခဲ့သည်။

ယခုအခါ ပထုန်ဌာနီ၊ မဟာချိုင်၊ ချုံဘူရီ၊ စမုတ်ပရာခန်၊ စမွတ်စခွန်၊ ဘန်ကောက်နှင့် ဖူးခတ်ခရိုင်အတွင်း အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၁ သောင်းကျော် ဖမ်းဆီးပြီးသွားပြီ ဖြစ်ကြောင်း NCGUB ရွှေ့ပြောင်းအလုပ်သမားရေးရာဌာန၏ မှတ်တမ်းအရ သိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၂ သန်းကျော်ရှိသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ခန့်မှန်းကြပြီး ၉ သိန်းသည် တရားဝင်နေထိုင်ခွင့် ရှိသူများ ဖြစ်သည်ဟု အလုပ်သမားအဖွဲ့များက ခန့်မှန်းကြသည်။

Most read this week