နိုင်ငံရေးနှင့် နှစ်ပေါင်း ၂၀ ခန့် ကင်းကွာနေသည့် ပြည်သူများကို ပါတီဝင်အဖြစ် စည်းရုံးရန် ခက်ခဲသဖြင့် လွှတ်တော်ကိုယ်စားလှယ် အမတ်လောင်းကို ဦးစွာရှာဖွေပြီးမှ ထိုသူများမှတဆင့် စည်းရုံးနေရကြောင်း ရွေးကောက်ပွဲဝင်မည့် ပါတီအချို့အဆိုအရ သိရသည်။
ပြည်သူလူထုထံ တိုက်ရိုက်စည်းရုံးရန် ခက်ခဲသဖြင့် အမတ်လောင်းများကို ဦးစားပေး စုဆောင်းရကာ ထိုသူများမှတဆင့် စည်းရုံးရေး ဆင်းကြရကြောင်း ကရင်ပြည်သူ့ ပါတီ KPP နှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM တို့က ပြောဆိုခြင်း ဖြစ်သည်။
“ပြည်သူတွေက နိုင်ငံရေးနဲ့ အတော်ကင်းကွာနေတဲ့ အခါကျတော့ ပါတီဝင်ထဲကနေ ကိုယ်စားလှယ်လောင်း ပြန်ရွေးဖို့ အတော်ကို ခက်ခဲပါတယ်။ ဒါကြောင့် ကိုယ်စားလှယ် လောင်းကို အရင်ရှာဖွေပြီးတော့မှ သူ့ကို မဲပေးမယ့် ပါတီဝင်တွေကို ပြန်လည်စုစည်းတဲ့ ပုံစံ သွားနေရတယ်” ဟု KPP ဒုဥက္ကဋ္ဌ (၂) နှင့် ပြောခွင့်ရပုဂ္ဂိုလ် ဦးစောအေးကိုက မဇ္စျိမကို ပြောသည်။
KPP ပါတီသည် ကရင်လူမျိုးများ တည်ရှိရာ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းတို့နှင့် ကရင်ပြည်နယ််၊ မွန်ပြည်နယ်တို့မှနေ၍ ရွေးကောက်ပွဲဝင်မည်ဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်သို့ ပါတီထောင်ခွင့် လျှောက်ခဲ့ရာ မေလ ၂၁ ရက်နေ့တွင် ခွင့်ပြုခဲ့သည်။ အငြိမ်းစား စစ်ဘက်အရာရှိ အများစုဖြင့် ဖွဲ့စည်းထားကာ ပါတီဝင် ၄ဝဝဝ ထက်မနည်း စုဆောင်းရရှိထားပြီး လွှတ်တော်အမတ်လောင်း ၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် သေချာနေသည်။
DPM ဥက္ကဋ္ဌ ဦးသုဝေကလည်း “အခုက အမတ်လောင်းကို အရင်ရွေးရတဲ့ ပုံစံပဲ လုပ်နေရတယ်။ ဘာဖြစ်လို့ဆိုတော့ စည်းရုံးချိန်က အချိန်နည်းနေတယ်။ အဲဒါကြောင့် ကိုယ်စားလှယ်လောင်းကို အရင်ရွေး၊ ပြီးတော့မှ သူ့ကို ကူညီနိုင်မယ့် ပါတီဝင်အချို့ကို စည်းရုံးတဲ့ ပုံစံ လုပ်ပါတယ်” ဟု ပြောသည်။
နိုင်ငံတဝှန်းရှိ လွှတ်တော်အသီးသီးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် DPM ပါတီသည် လက်ရှိတွင် ကချင်၊ ကယား၊ ကရင်နှင့် ချင်းပြည်နယ်တို့မှလွဲ၍ တိုင်း ရ တိုင်းနှင့် ပြည်နယ် ၃ ခုမှ ယှဉ်ပြိုင်ရန် ပြင်ဆင်ထားကာ ကိုယ်စားလှယ်လောင်း ၁ဝဝ ထက်မနည်း ဝင်ရောက်ယှဉ်ပြိုင်မည်။ DPM မှာ ကော်မရှင်သို့ ပြီးခဲ့သည့် မတ်လ ၃ဝ နေ့တွင် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး မေလ ၂ဝ ရက်နေ့တွင် ပါတီအဖြစ် မှတ်ပုံတင်ရန် ခွင့်ပြုခဲ့သည်။
၎င်းပါတီနှစ်ရပ်က ကိုယ်စားလှယ်လောင်းကို အရင်စုဆောင်းနေသော်လည်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး၊ ဝံသာနု NLD နှင့် ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) စသည့် ပါတီများကမူ ပါတီဝင်နှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းတို့ကို တပြိုင်နက်ထဲ စုဆောင်းကြသည်။
“ကျမတို့ ပါတီကတော့ ပါတီဝင်ရော၊ ကိုယ်စားလှယ်လောင်းရော တပြိုင်နက် စုဆောင်းနေတယ်။ ဘာ့လို့လဲဆိုတော့ ပါတီကို ထောက်ခံမယ့် ပါတီဝင်ကလည်း အရေးကြီးသလို ဝင်ရောက်မယ့် ကိုယ်စားလှယ်လောင်းလည်း အရေးကြီးလို့ပါ” ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဒုဥက္ကဋ္ဌ (၁) ဒေါ်စန္ဒာဦးက ပြောသည်။
နိုင်ငံတဝှန်း ဝင်ပြိုင်မည့် ပါတီများသည် ကော်မရှင်က မှတ်ပုံတင်ရန် ခွင့်ပြုသည့်နေ့မှ ရက် ၉ဝ အတွင်း ပါတီဝင် အနည်းဆုံး ၁ဝဝဝ စုဆောင်းရမည်ဖြစ်ပြီး ဒေသဆိုင်ရာ ပါတီမှာ အနည်းဆုံး ပါတီဝင် ၅ဝဝ စုဆောင်းရရှိရန် လိုအပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥပဒေများတွင် ဖော်ပြထားသည်။
ထို့အပြင် ယခုလ ၂၁ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက်အမှတ် ၂/၂ဝ၁ဝ ဖြင့် ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ စည်းရုံးရေးလုပ်ရာတွင် လိုက်နာ ရမည့် စည်းကမ်းချက် ၁၄ ချက်အနက် အချက်အချို့သည် စည်းရုံးကို ပိုမိုခက်ခဲစေကြောင်း ပါတီများက ပြောဆိုကြသည်။
စည်းကမ်းချက်များတွင် ပါတီများသည် အလံများကိုင်ဆောင်၍ စီတန်းလှည့်လည်ခြင်း၊ အော်ဟစ် ကြွေးကြော်ခြင်း မပြုရန်နှင့် ပါတီရုံးပြင်ပတွင် စုဝေးဟောပြောလိုလျှင် ခန့်မှန်းခြေ တက်ရောက်နိုင်သည့် အင်အားကို တင်ပြ၍ ကော်မရှင်ထံ အနည်းဆုံး ရ ရက်ကြိုတင် ခွင့်ပြုချက်တောင်းခံရန် စသည့် အချက်များလည်း ပါဝင်သည်။
၇ ရက်ကြိုတင် အကြောင်းကြားရမည့် စည်းကမ်းချက်သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ချင်းတောင်ဒေသတွင် စည်းရုံးရေးလုပ်ဆောင်ရမည့် မိမိတို့ ပါတီ အတွက် ထိုးနှက်ချက်တခုဖြစ်ကြောင်း ချင်းအမျိုးသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ပူးဇိုဇမ်က ပြောသည်။
“မကြာခင် ကျနော်တို့ ချင်းတောင်တက်ပြီး စည်းရုံးရေးဆင်းမယ်။ မိုးရာသီမှာ သွားရမယ်ဆိုတော့ ရ ရက်လောက်် ကြိုတင် ပြောလို့မှ မရဘဲ။ လမ်းပန်းဆက်သွယ်ရေး ခက်တဲ့ ချင်းတောင်လို နေရာမှာ မိုးရာသီမှာ ရ ရက်ဆိုတော့ များတယ်ဗျာ။ ကျနော့်အတွက်တော့ ရ နာရီလောက်က အကောင်းဆုံးပဲ” ဟု သူက ပြောသည်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက “သူတို့ ထုတ်လိုက်တဲ့ စည်းကမ်းချက်တွေကတော့ ပါတီစည်းရုံးရေးမှာ အကန့်အသတ်တွေ ဖြစ်စေတာပေါ့။ အမှန် ကတော့ ပါတီစည်းရုံးရေးသွားတဲ့အခါမှာ မြို့နယ်တွေက ပါတီအလံတွေ လွှင့်ထူပြီး အားရပါးရ ကြိုဆိုချင်ကြတယ်။ အခုက အဲလိုခွင့်မပြုတော့ အားရပါးရ မရှိဘူးပေါ့ဗျာ” ဟု ဆိုသည်။
၈၈ မျိုးဆက်ကျောင်းသား လူငယ်များအဖွဲ့ ဥက္ကဋ္ဌ ကိုရဲထွန်းကလည်း “တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်မယ်ဆိုရင်တော့ နိုင်ငံရေးပါတီတခုရဲ့ အလံတို့၊ သင်္ကေတတို့၊ သဘောတရားတို့ကို လူတိုင်းသိအောင် လုပ်ဖို့ လိုအပ်လာပြီ။ အလံကို လမ်းပေါ် မထောင်နဲ့လို့ ပြောတယ်။ ဟုတ်ပြီ ပါတီရုံးမှာ ထောင်မယ်ဗျာ။ တနိုင်ငံလုံး သိအောင် ကျတော့ ဘယ်လိုလုပ်မလဲ” ဟု ပြောသည်။
ပါတီစည်းရုံးရေး စည်းကမ်းချက်များနှင့် ပတ်သက်၍ ကော်မရှင်နှင့် ဆွေးနွေးညှိနှိုင်းသွားရန် ရှိကြောင်း ဝံသာနု NLD နှင့် ၈၈ မျိုးဆက် ကျောင်းသားလူငယ် ပါတီ ခေါင်းဆောင်များ အဆိုအရ သိရသည်။
ဝံသာနု NLD အထွေထွေ အတွင်းရေးမှူး ဒေါ်နန်းရွှေကြာက “အခုအခြေအနေက ကော်မရှင်ကို ကိုယ်လုပ်ချင်တဲ့ အခြေအနေမျိုး တင်ပြတောင်းခံရမယ့် အနေအထား ဖြစ်နေပြီ။ သဘောထားချင်းတူတဲ့ ပါတီတွေ စုပြီး ကော်မရှင်နဲ့ ဆွေးနွေးသွားမယ်။ ဘာလို့လဲဆိုတော့ အခုဟာက လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်၊ လွတ်လပ်စွာ စည်းရုံးဟောပြောခွင့်ကို ကန့်သတ်ထားတဲ့ အခြေအနေ ဖြစ်နေတယ်လေ” ဟု ပြောသည်။
စစ်အစိုးရသည် ရွေးကောက်ပွဲကို ယခုနှစ်အတွင်း ကျင်းပသွားမည်ဟု ပြောဆိုထားသော်လည်း ကျင်းပမည့် နေ့ရက်ကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။ ယနေ့အထိ ပါတီမှတ်ပုံတင် လျှောက်ထားသော ပါတီပေါင်း ၄၂ ပါတီအနက် ၃၃ ပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။