ကရင်နီပြည် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်မှ ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်ကြသော တောင်သူများသည် ယခုနှစ်အတွင်း မိုးရေ လုံလောက်မှု မရှိ၍ ရပ်ဝေး နယ်ဝေးသို့ ရွှေ့ပြောင်းအလုပ်လုပ်ကြခြင်း များပြားလာပါသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နွေရာသီကာလအတွင်းက အပူချိန် မြင့်မားမှုနှင့် မုတ်သုံမိုး အဝင်နောက်ကျမှုတို့ကြောင့် မိုးခေါင်ရေရှားမှုများ ဖြစ်ပေါ်စေခဲ့သည့်အတွက် ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်သော တောင်သူများအတွက် အခက်ကြံုရခြင်း ဖြစ်သည်။
တောင်သူများသည် တောင်ယာ လုပ်ကိုင်ရာတွင် လုပ်ငန်းခွင်၌ အချိန်ကုန်ခဲ့ရခြင်း၊ မိုးတွင်း ရောက်သော်လည်း မိုးမရွာသွန်းခြင်း၊ နှစ်ပေါင်းများစွား တောင်ယာ စိုက်ခြင်းဖြင့် စိုက်ပျိုးမြေများ ရှားပါးလာခြင်းတို့ကြောင့် အခြားရပ်ဝေးသို့ အလုပ်အကိုင်များကို သွားရောက်ရှာဖွေလုပ်ကိုင်ရခြင်း ဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နိုးဆော်မှုများ လှုပ်ရှားနေသော အဖွဲ့မှ ဒေသခံလူငယ်တဦးက ပြောသည်။
“တောင်သူတွေက တစ်နှစ်ပတ်လုံး တောင်ယာ ခုတ်တယ်၊ မီးရှို့တယ်၊ ရှင်းတယ်၊ အချိန်ကုန်ခဲ့ကြတယ်။ အခု မိုးတွင်းကာလချိန် ပြန်ရောက်ပြန်တော့လည်း မိုးကမကောင်းပြန်တော့ စပါးကောင်းကောင်း မစိုက်ဖြစ်နိုင်ပြန်ဘူး။ တောင်ယာ တနေရာပြီးတနေရာ စိုက်နေကြတာလဲ မြေဆီလွှာ၊ သစ်တော သံယံဇာတတွေ ပျက်စီဆုံးရှုံးစေခဲ့တယ်။ နောက်တော့ စိုက်ပျိုးမြေတွေက ရှားလာပြီ။ အလုပ်က မရှိတော့ အဝေးကိုပဲ အလုပ်သွားရှာလုပ်ကြရတာပေါ့” ဟု သူက ပြောသည်။
တောင်သူများသည် ရပ်ဝေးနယ်ဝေးသို့ အများဆုံး သွားရောက်လုပ်ကိုင်ကြသော နေရာနှင့် အလုပ်များမှာ ဖားကန့်နှင့် ရွှေတောဘက်သို့ ကျောင်းများ တူးခြင်း၊ သစ်လုံး တင်ကားများ နောက်လိုက်ခြင်း၊ တိုင်းတပါးနယ်ခြား ဖြစ်သော ထိုင်းနယ်စပ် အပါအဝင် မလေးရှားနှင့် စင်္ကာပူနိုင်ငံသို့ သွားရောက်ခြင်း ဖြစ်သည်။
မလေးရှားနှင့် စင်္ကာပူနိုင်ငံသို့ အလုပ်အကိုင်များ သွားရောက်ရှာဖွေလုပ်ကိုင်ချင်ကြသော အချို့တောင်သူ အမျိုးသမီးများသည် ပို့ပေးသော ပွဲစားများ၏ အကြွေးစနစ်ဖြင့် သွားကြသည်မှာလည်း ရှိနေသည်။
“ဒီမှာနေလည်း အလုပ်မှ မရှိတာပဲ။ အိမ်ဖော် အလုပ်က အနည်းဆုံး တစ်လကို သုံးသိန်းလောက် ရတယ်ပြောတယ်လေ။ အဲဒါ ပွဲစားတွေက နိုင်ငံကူးလက်မှတ်ဖိုးပဲ တစ်သိန်းပဲ အရင်တောင်းတယ်။ ကျန်တာ ဟိုရောက်မှပဲ တစ်နှစ်အတွင်း ကျမတို့ ရတဲ့ လုပ်အားခ ရသမျှ လစာကို ဖြတ်မယ်ပေါ့” ဟု စင်ကာပူနိုင်ငံသို့ အလုပ်လျှောက် ထားသော တောင်သူအမျိုးသမီးတဦးက ပြောသည်။
ကရင်နီပြည်တွင်းတွင် ရွှေ့ပြောင်တောင်ယာ လုပ်ကိုင်ရာမှ ရပ်ဝေးနယ်ဝေးသို့ သွားရောက်အလုပ်လုပ်ကြသော တောင်သူများသည် အများအားဖြင့် လူပျိုလူလွတ်၊ လူငယ်လူရွယ်များ ဖြစ်ကြသည်။