မလေးရှားရောက် မြန်မာကလေးငယ်များအတွက် အခမဲ့ ပညာသင်ကြားနိုင်ရန် မြန်မာဒုက္ခသည် ဖွံ့ဖြိုးတိုးတက်ရေး ကျောင်းကို ပြီးခဲ့သည့် စနေနေ့တွင် မလေးရှားနိုင်ငံ စလန်ကောမြို့ စူငြိမ်လောင်းရပ်ကွက်၌ စတင်ဖွင့်လှစ်ပေးနေပြီဖြစ်ကြောင်း ကျောင်းဖြစ်မြောက်ရေး တာဝန်ယူဦးဆောင်ခဲ့သူ တဦးက ပြောသည်။
၎င်းကျောင်းတွင် အဓိက ဘာသာရပ်များ ဖြစ်သော မြန်မာ၊ အင်္ဂလိပ်နှင့် ချင်းတို့ကို သင်ကြားပေးသွားမည် ဖြစ်ပြီး၊ ကျောင်းသူ၊သားများကို အသက် ၅ နှစ်မှ ၂၅ နှစ် အထိနှင့် လူဦးရေအားဖြင့် အယောက် ၅၀ လက်ခံသွားမည် ဖြစ်သည်။
မြန်မာကလေးငယ်များသည် တနေ့တချိန်တွင် အမိမြန်မာနိုင်ငံကို ပြည်လည်နေထိုင်မည့် သူများအတွက် မြန်မာစာ တတ်မြောက်ရန်၊ မိမိဘာသာစကားကို မမေ့ပျောက် နိုင်ရန်နှင့် တိုင်းတပါး၌ အခြေချနေထိုင်သူများအတွက် အင်္ဂလိပ် ဘာသာစကား တတ်မြောက်ရန် လိုအပ်သောကြောင့် ၎င်းကျောင်း ဖွင့်လှစ်ပေးရခြင်း ဖြစ်သည်ဟု တာဝန်ယူဦးဆောင်ခဲ့သူ မောင်နီက ပြောသည်။
“ကျနော်တို့ ရည်ရွယ်ချက်က လူမျိုး ကန့်လန့်မှု မရှိပါဘူး။ ဘာသာမျိုးမှ မခွဲခြားပါဘူး။ ဘာလူမျိုးမဆို ကလေးကို လာရောက်အပ်လို့ ရတယ်။ ဒါမဲ့ ဒီခုလက်ရှိ ကျနော်တို့ နေရတဲ့ ရပ်ကွက်မှာ ဘာလူမျိုးမှ မရှိသေးလို့ ရှိတော့ ဗမာလူမျိုးပဲ ရှိတယ်။ မွန်လူမျိုးလည်း ရှိတယ်။ ကရင်လူမျိုးလည်း ရှိတယ်။ ဒါမဲ့ အဲဒီကလေးပိုင်းက ဘာလူမျိုးမှ မရှိဘူး။ ရှိတာ ဒီချင်းလူမျိုး တခုတည်းပဲ” ဟု ၎င်းက ပြောသည်။
ကျောင်းတက်ရန်အတွက် လောလောဆယ်တွင် ကျောင်းသူ၊သားဦးရေ ၃၆ ဦး လက်ခံရရှိထားပြီ ဖြစ်ပြီး ကျောင်းဖွင့်လှစ်ထားသည့် နေရာမှာ အများအားဖြင့် ချင်း တိုင်းရင်းသား လူမျိုးများ နေထိုင်ကြသည့်အတွက် ကျောင်းသူ၊သားများသည် ချင်းလူမျိုးများသာ ဖြစ်ကြသည်ဟု ဆိုသည်။
မြန်မာကလေးငယ်များအတွက် ကျောင်းဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်၍ မလေးရှားရောက် အသက် ၁၀ နှစ်အရွယ် ချင်းမလေးဖြစ်သူ တဦးက “သမီးတို့က စာမတတ် ဘူးလေ။ ဆရာတို့က သမီးတို့ကို စာသင်ပေးမယ်ဆိုတော့ သမီးတို့ အရမ်းပျော်တယ်။ ကျေးဇူးလည်း တင်တယ်” ဟု ပြောပါသည်။
မလေးရှားနိုင်ငံရောက် မြန်မာကလေးငယ်များအတွက် အခမဲ့ ဖွင့်လှစ်ထားပေးသော မြန်မာဒုက္ခ္ခသည် ဖွံ ့ဖြိုးတိုးတက်ရေးကျောင်းကို True Jesus Church၊ Buddies missionary နှင့် UNHCR မှ ကိုယ်စားလှယ်များက ကူညီထောက်ပံ့သွားမည် ဖြစ်သည်ဟု သိရသည်။