ကချင်ပါတီအသစ် တည်ထောင်ရန် စစ်အစိုးရ တိုက်တွန်း

ကချင်ပါတီအသစ် တည်ထောင်ရန် စစ်အစိုးရ တိုက်တွန်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေသခံ ကချင်တိုင်းရင်သားများအား ကချင်ပါတီအသစ် တည်ထောင်ရန် မြန်မာစစ်အစိုးရက အတင်းတိုက်တွန်းနေကြောင်း သိရ...

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေသခံ ကချင်တိုင်းရင်သားများအား ကချင်ပါတီအသစ် တည်ထောင်ရန် မြန်မာစစ်အစိုးရက အတင်းတိုက်တွန်းနေကြောင်း သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ကြံ့ဖွံ့ပါတီဝင် ဒူဝါ ခက်ထိန်နန်သည် ၎င်းပါတီခေါင်းဆောင်များ၏ တိုက်တွန်းချက်အရ “ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေး ဒီမိုကရေစီပါတီ (Kachin State Unity and Democracy Party, KSUDP)” ကို ပြီးခဲ့သည့်အပတ်က အလျင်အမြန် တည်ထောင်ခဲ့သည်။

မကြာမီ KSUDP အား နေပြည်တော် အခြေစိုက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ သွားရောက် မှတ်ပုံတင်မည်ဖြစ်ကြောင်း ကချင်ပါတီသစ်နှင့် နီးစပ်သူများက ပြောသည်။

ဒူဝါခက်ထိန်နန်အား ကြံ့ဖွ့ံပါတီမှ ခွဲထွက်၍ ကချင်ပါတီအသစ် တည်ထောင်ရန် ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့က စစ်အစိုးရ ကြံ့ဖွ့ံပါတီ၏ အတွင်းရေးမှူးနှစ်ဦး ဖြစ်ကြသည့် ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့ တိုက်တွန်းခဲ့ကြောင်း ဒေသခံကြံ့ဖွံ့ အသိုင်းအဝိုင်းမှ သိရသည်။

ဦးခက်ထိန်နန်သည် ယခင်က မြစ်ကြီးနား အခြေစိုက် ကချင်ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီဝင်တစ်ယောက် ဖြစ်ပြီး မြစ်ကြီးနားမြို့ မန်ခရိန် ရပ်ကွက်တွင် ၁၀ နှစ်တိုင် ရပ်ကွက် ဥက္ကဌ တာဝန်ကို် ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်သည်။

စစ်အစိုးရ အလိုကျ ကချင်ပါတီ မဖွဲ့စည်းမီ အချိန်အထိ သူသည် ကြံ့ဖွံ့ပါတီ၏ စည်းရုံးရေးမှူး ဖြစ်ပြီး မြစ်ကြီးနား မြို့၏ မြောက်ဘက် ၁၀ မိုင်အထက်ပိုင်း ဆွမ်ပရာဘွမ် လမ်းတစ်လျှောက် လူထုစည်းရုံးရေး ပြုလုပ်နေခဲ့သည်။

“ကျွန်တော် ပြောချင်တာက KSPP ပါတီမှာ မပါ၀င်ရင် နေပါ။ ကြံ့ဖွံ့ပါတီမှာလည်း ကချင်တွေ ပါ၀င်သင့်ပါတယ်။ ဒါပေမဲ့ ကချင်ပါတီအသစ် တည်ထောင်မယ်ဆိုရင် အိမ်သားအချင်းချင်း ရန်တိုက်ပေးနေတာနဲ့ တူတယ်။ မျက်နှာပူစရာတွေ ဖြစ်မယ်” ဟု မြစ်ကြီးနား အခြေစိုက် ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) မှ ပါတီအရာရှိ တဦးက ပြောသည်။

ယခုလ ၁၉ ရက်နေ့က ကြံဖွံ့ပါတီအတွင်းရေးမှုး ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့သည် စစ်အစိုးရသစ္စာခံ ယခင် ကချင်လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောငြ်ဖစ်သူ ဗိုလ်မှူးကြီး လဆန်အောင်ဝါအား ကချင်ပါတီ တည်ထောင်ရန် တိုက်တွန်းခဲ့ပြီး တပတ်အတွင်း ပြန်လည်ရုပ်သိမ်းခဲ့သည်။

ယခုလို ရုပ်သိမ်းပြီးသည့်နောက် လက်ရှိ ကြံ့ဖွ့ံပါတီ စည်းရုံးရေးမှုး ဒူဝါ ခက်ထိန်နန်ကို ပါတီမှ နုတ်ထွက်စေပြီး ကချင်ပါတီသစ် တည်ထောင်ရန် တိုက်တွန်းခဲ့သည်။

ယခုချိန်ထိ ဒီနှစ်မကုန်မီ ပြုလုပ်မည့် ရွေးကောက်ပွဲဝင်ရန် ကချင်နိုင်ငံရေးပါတီ စုစုပေါင်း ၄ ပါတီ ရှိနေပြီ ဖြစ်ပြီး  ၃ ပါတီက နေပြည်တော် အခြေစိုက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပါတီမှတ်ပုံတင် လျှောက်ထားပြီး ဖြစ်သည်။

ယနေ့အထိ ရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၂ ပါတီရှိရာ ၃၈ ပါတီကို ပါတီထောင်ခွင့်ပြုခဲ့သော်လည်း ၎င်းတွင် ကချင်ပါတီ တစ်ခုမှ မပါပါဘူး။

Most read this week