ချင်းပြည်နယ် အုပ်စုစာရေးများ အဆင်သင့် ဖြစ်ရန် ပြည်နယ်ဥက္ကဌက ညွန်ကြား

ချင်းပြည်နယ် အုပ်စုစာရေးများ အဆင်သင့် ဖြစ်ရန် ပြည်နယ်ဥက္ကဌက ညွန်ကြား
မြန်မာနိင်ငံ အနောက်မြောက်ဘက် ချင်းပြည်နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌက ကျေးရွာအုပ်စု တာဝန် ထမ်းဆောင်နေကြသော အုပ်စုစာရေးများအား ၎င်းတို့ တာဝန်ကျသည့် ကျေးရွာများ ...

မြန်မာနိင်ငံ အနောက်မြောက်ဘက် ချင်းပြည်နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌက ကျေးရွာအုပ်စု တာဝန် ထမ်းဆောင်နေကြသော အုပ်စုစာရေးများအား ၎င်းတို့ တာဝန်ကျသည့် ကျေးရွာများတွင် အချိန်ပြည့် နေထိုင်ကြရန် အမိန့်ထုတ်ထားကြောင်း သိရသည်။

၂ဝ၁ဝ ခုနှစ် ဇွန်လဆန်း၌ ချင်းပြည်နယ် ဗျူဟာ (၁) ဗျူဟာမှူး၊ ပြည်နယ်ဥက္ကဌလည်းဖြစ် ဗိုလ်ချူပ် ဟုန်းငိုင်က အမိန့်ထုတ်ထားကြောင်း အမည်ဖေါ်လိုသူ ထန်တလန်မြို့နယ်အုပ်စုစာရေး တဦးထံ မှသိရှိရသည်။

အဆိုပါ အုပ်စုစာရေးက “အခု မဲရုံမှုးအဖြစ် တာဝန်ကျမည့် သူတွေအတွက် သင်တန်း ခေါ်နေပြီ။ အဲဒါကြောင့် အုပ်စုစာရေး တာဝန်ယူတဲ့ သူတွေကို ခရီးမထွက်ဖို့ အမိန့်ထုတ်ထားတယ်လို့ ထင်တယ်။ ဘာကြောင့် အဲသလို အမိန့် ထုတ်ထားသလဲတော့ တိတိကျကျ မသိရသေးဘူး။ ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက် နီးကပ်လာပြီနဲ့ တူတယ်” ဟု ဆိုသည်။

သူက ဆက်လက်ပြီး ပြည်နယ်ဥက္ကဌ၏ အမိန့်အတိုင်း အဆင်သင့် ဖြစ်အောင် ရွာမှ အပြင်မထွက်ဘဲ နောက်ထပ် ထွက်ပေါ်လာမည့် အမိန့်ကိုသာ စောင့်မျှော်ရင်း  မည်သည့် လုပ်ငန်းတာဝန်များကို ပေးအပ်လာမည်ကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ခိုနူးမ်ထုန် သတင်းဌာနကို ရှင်းပြခဲ့သည်။

ယခုလ ၁၈ နှင့် ၁၉ ရက်နေ့များတွင် ဖလမ်းမြို့နယ် သီးဘွလ်ကျေးရွာတွင် ကျေးရွာတာဝန်ရှိသူများအား သင်တန်း တက်ခိုင်းကာ မဲပေးပုံပေးနည်း၊ မဲရေတွက်နည်း၊ ပယ်မဲအဖြစ် သတ်မှတ်ရမည့် သတ်မှတ်ချက် စသဖြင့် အာဏာပိုင်များက ပို့ချခဲ့ကြောင်း၊ သို့သော် မည်သည့်ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ကို သင်တန်း ဆရာများ ကိုယ်တိုင်က မသိသေးကြောင်း လူထုထံ ပြောကြားခဲ့သည်ဟု သိရသည်။

မည်သည့် အရေးပေါ် ကိုယ်ရေးကိုယ်တာ ကိစ္စများတွင်လည်း ခရီးလွန်ခြင်း လုံးဝမပြုကြရန် ယင်းအမိန့်တွင် ပါရှိကြောင်း၊ ကျေးရွာအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတာဝန်ပါ ထမ်းဆောင်နေကြသည့် အုပ်စုစာရေးများသည် ယင်းတို့ တာဝန်ကျနေသည့် ကျေးရွာ အသီးသီးတွင် အဆင်သင့် ဖြစ်ရှိနေကြကြောင်း သိရသည်။

ဗိုလ်ချူပ် ဟုန်းငိုင်သည် ၂ဝဝ၉ ခုနှစ်မှ စ၍ ချင်းပြည်နယ် မြောက်ပိုင်းရှိ ဖလမ်း၊ ဟားခါး၊ ထန်တ လန်၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် လာမည့် အထွေထွေ ရွေးကောက်ပွဲအတွက် စည်းရုံးရေး စတင်ခဲ့ခြင်း ဖြစ်ပြီး မေလ ၁၅ ရက်နေ့ ဖလမ်းမြို့နယ်ခွဲ ဖြစ်သည့် ရိဒ်မြို့သစ်တွင် အစည်းအဝေးတရပ် ပြုလုပ်ခဲ့သည်။

ယင်းအစည်းအဝေးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ထောက်ခံကြရန်နှင့် ပြည်တွင်းပြည်ပမှ အဖျက်သမားများ၏ ရန်ကို ကာကွယ်ရန် စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ထို့နောက် ဗျူဟာမှူးသည် ရွေးကောက်ပွဲအတွက် လူထုကို စည်းရုံးသည့် အနေဖြင့် ချင်းပြည်နယ် မြို့တော် ဟားခါးမြို့ပေါ်တွင် တံတားများ ပြုလုပ်ခြင်း၊ လမ်းပြုပြင်ခြင်း၊ ခရစ်ယာန် အသင်းတော်များထံ အလှုငွေများ လှုဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။

သို့သော် ၂ဝ၁ဝ ဧပြီလ ၂၇ ရက်နေ့တွင် အိန္ဒိယ-မြန်မာနယ်စပ်၊ ရိဒ်မြို့သစ်တွင် လေဘေးဒဏ် ခံခဲ့သည့် ပြည်သူများအား အစိုးရမှ အတတ်နိုင်ဆုံး ကူညီပံ့ပိုးမှု ပြုလုပ်နိုင်ရန် နိုင်ငံတော်အစိုးရ တာဝန်ရှိသူများထံ တင်ပြပေးမည်ဟု ပြည်သူများအား ကတိပေးချက်ကိုမူ ယနေ့အထိ တစုံတရာ လုပ်ဆောင်ပေးခြင်း မရှိသေးကြောင်း သိရသည်။