နေပြည်တော် ဆုံးဖြတ်ချက် လက်ခံရမည်ဟု ၀ တပ်ဖွဲ့အား ထပ်မံခြိမ်းခြောက်

နေပြည်တော် ဆုံးဖြတ်ချက် လက်ခံရမည်ဟု ၀ တပ်ဖွဲ့အား ထပ်မံခြိမ်းခြောက်
နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် ၀ တပ်ဖွဲ့ခေါင်းဆောင်ပိုင်းအချို့နှင့် နအဖ ကိုယ်စားလှယ်များ ပန်ဆန်း ဌာနချုပ်၌ ထပ်မံတွေ့ဆုံရာ ‘အသွင်ပြောင်းရေး၌ နေပြည်တော်၏စီမံကိန်း လက်မခံလျှင် အဆိုးဘက် ဦးတည်နိုင်သည်’ - ဟု ၀တပ်ဖွဲ့ အား နအဖကိုယ်စားလှယ်က ထပ်မံဖိအားပေးခြိမ်းခြောက်...

နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် ၀ တပ်ဖွဲ့ခေါင်းဆောင်ပိုင်းအချို့နှင့် နအဖ ကိုယ်စားလှယ်များ ပန်ဆန်း ဌာနချုပ်၌ ထပ်မံတွေ့ဆုံရာ ‘အသွင်ပြောင်းရေး၌ နေပြည်တော်၏စီမံကိန်း လက်မခံလျှင် အဆိုးဘက် ဦးတည်နိုင်သည်’ - ဟု ၀တပ်ဖွဲ့ အား နအဖကိုယ်စားလှယ်က ထပ်မံဖိအားပေးခြိမ်းခြောက်ခဲ့သည်ဟုဆိုသည်။

“၂၁ ရက်တုန်းက လားရှိုးဒုတိုင်းမှူးဦးဆောင်တဲ့ နအဖ ကိုယ်စားလှယ်အဖွဲ့နဲ့တရုတ်အဖွဲ့ မိုင်းလျဲမ်း (ယူနန်နယ်) မှာတွေ့ပြီးပြီးချင်း ပန်ဆန်းကိုပြန်အိပ်တယ်။ မနေ့တုန်းက ၀ ခေါင်းဆောင်ပိုင်းအချို့နဲ့တွေ့တယ်၊ ၀ စစ်ဦးစီးချုပ် နဲ့ ဥက္ကဌကြီးပေါက်ယူချမ်းတို့တော့မတွေ့ဖြစ်ဘူး။”- ဟု ပန်ဆန်းအရာရှိနှင့်ရင်းနှီးသည့် လားရှိုးသားတဦးပြော ပါသည်။

ဂျွန် ၂၂ ရက်နေ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒု-တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းသိန်းနှင့် တန့်ယန်းအခြေစိုက်စစ်ဗျူ ဟာမှူး ဗိုလ်မှူးကြီးခိုင်ဇော်တို့ ဦးဆောင်သည့် အင်အား ၄၀ ၀န်းကျင် ကိုယ်စားလှယ်အဖွဲ့ နှင့် ၀ ခေါင်းဆောင်ပိုင်း များဖြစ်သည့် UWSP ဒုဥက္ကဌ ရှောက်မင်လျံ၊ ဒုအတွင်းရေးမှူးပေါက်ယိုယီးနှင့် ပေါက်ယိုလျံ၊ ကျောက်ကော် အန်း၊ ကျောက်ဝန်ကွမ်း၊ လီဇူးလျဲ့ ခေါ် ဦးအောင်မြင့်တို့ ပန်ဆန်း ၌ တနာရီကြာတွေ့ဆုံခဲ့သည် ဟုဆို၏။

တွေ့ဆုံပွဲ၌ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စသည် ‘နေပြည်တော် ဆုံးဖြတ်ချက်ဖြစ်သဖြင့် လက်မခံလျှင် အဆိုးဘက်ဦးတည်နိုင်ကြောင်း’ နအဖ ကိုယ်စားလှယ် မှ ထပ်မံဖိအားပေးခဲ့သော်လည်း ၀ တပ်ဖွဲ့တို့တစုံတရာ တုန့်ပြန်ဆွေးနွေးခြင်းမြုပကြောင်း ပြောပါသည်။

“နအဖ ကိုယ်စားလှယ်တွေ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအကြောင်း တနာရီလောက်ပြောသွားပြီးတဲ့ နောက်- ဘာတွေမေးမြန်း/ တောင်းဆိုလိုပါသလဲလို့ မေးတော့ ၀ ခေါင်းဆောင်တွေက ပြောစရာမရှိကြောင်း ဖြေကြားတယ်။ အခမ်းအနားမှူးကလဲ တွေ့ဆုံပွဲပြီးဆုံးကြောင်းကြေငြာလိုက်တယ်”- ဟု ၀အရာရှိတဦးက ပြော၏။

ဂျွန် ၂၀ ရက်နေ့ကတည်းက အဆိုပါ နအဖ ကိုယ်စားလှယ်အဖွဲ့ လားရှိုး - တန့်ယန်းမှ ပန်ဆန်းသို့ရောက်ရှိ နေပြီး  ဂျွန် ၂၂ ရက်နေ့ မနက်ပိုင်းမှ လားရှိုးသို့ တပ်ခေါက်ပြန်သွားကြသည်ဟု ဆို၏။

ယခုတွေ့ဆုံမှုသည် ဧပြီ ၂၈ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်အသွင်မပြောင်းလျှင် ၀ တပ်ဖွဲ့ အပါအဝင် အပစ်ရပ်များအားလုံး တရားမဝင် အသင်းအဖွဲ့ ဖြစ်သွား မည်ဟု နအဖ မှ ခြိမ်းခြောက်ပြောဆိုပြီးနောက်ပိုင်း ဒုတိယ အကြိမ်တွေ့ဆုံခြင်းဖြစ်သည်။

ပန်ဆန်းရောက် နအဖ ကိုယ်စားလှယ်အဖွဲ့တိုင်းသည် ပန်ဆန်းမြို့တွင်းရှိ မေရှင်းဟိုတယ်တွင်သာ တည်းခိုကြ ရာ နအဖ နှင့် ၀ ဆက်ဆံရေးပြေလည်စဉ်က ၀ အာဏာပိုင်တို့ ညစာစားပွဲ တည်ခင်းဧည့်ခံလေ့ရှိသော်လည်း  ယခု လားရှိူး ဒု-တိုင်းမှူး နှင့်အဖွဲ့ခရီးစဉ်တွင်မူ ဟိုတယ်မှ ကျွေးမွေးသည့် အစားအစာများဖြင့်သာ ပြီးဆုံးခဲ့ရ ကြောင်း ပန်ဆန်းမြို့ခံတဦးက သျှမ်းသံတော်ဆင့်သို့ပြောပြပါသည်။

ထို့အတူ မိုင်းလားတပ်ဖွဲ့အားလည်း မနက်ဖြန် ဂျွန် ၂၄ ရက်နေ့၌ တြိဂံတိုင်း ဂျီဝမ်းသစ် ပထမဆုံးအကြိမ် သွားရောက်ဆွေးနွေးဖွယ်ရှိသည် ဟုလည်း စုံစမ်းသိရှိရ ပါသည်။

http://www.mongloi.org/burmese/2008-08-01-03-22-02/85-2008-08-01-03-14-4...