နယ်ခြားစောင့်တပ်အဖြစ် တာဝန်ထမ်းဆောင်နေသော ကရင်နီအပစ်ရပ်အဖွဲ့မှ တပ်ဖွဲ့ဝင် ၃ ဦးတို့သည် စစ်အစိုးရတပ်များ၏ ကြီးကြပ်ကွပ်ကဲမှုကို မခံမရနိုင်၍ ယခုလ ၁၄ ရက်နေ့တွင် ကရင်နီတပ်မတော်ထံသို့ ထပ်မံထွက်ပြေးရောက်ရှိလာခဲ့ကြသည်။
နယ်ခြားစောင့်တပ် အဖွဲ့ဝင်ဖြစ်သူ လူရယ်၊ ဖါးရယ်နှင့် ဝေဖါတို့သည် ကရင်နီပြည် ရှားတော့မြို့နယ်အတွင်း၌ အခြေစိုက်ထားသော ခြေမြန်တပ်ရင်း (ခမရ) ၁၀၅ တို့နှင့် အတူတကွ လှုပ်ရှားရာတွင် ခံနိုင်ရည် မရှိသောကြောင့် ထွက်ပြေးလာရခြင်း ဖြစ်သည်ဟု ကရင်နီတပ်မတော် ဗျူဟာမှူး ၁ ဘျားရယ်က ပြောသည်။
၎င်းတို့သည် အသက်အရွယ်အားဖြင့် ၂၀ ၀န်းကျင်သာ ရှိကြသေးပြီး လက်နက် ၄ လက်၊ ကျည်ဆံအလုံးပေါင်း ၁၃၆ လုံးနှင့် ကျည်ဆံဘောက်များနှင့်အတူ ယူဆောင်ကာ ရှေ့တန်းနယ်မြေများတွင် လှုပ်ရှားနေသော ကရင်နီတပ်ဖွဲ့တို့နှင့် လာရောက်ပူပေါင်းခဲ့ခြင်း ဖြစ်သည်။
“သူတို့ နအဖတပ်တွေနဲ့ အတူနေရတာ မခံနိုင်လို့ ထွက်ပြေးလာကြတာတဲ့။ သူတို့က ကလေးတွေပဲဆိုတော့ ဘာမှ မသိကြသေးဘူး။ ကျနော်တို့ တပ်ထဲကို ထွက်ပြေး လာတယ် ဆိုတော့ သူတို့ကို လက်ခံရမှာပေါ့” ဟု ဗျူဟာမှူး ဘျားရယ်က ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းတွင်လည်း နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့သော ကရင်နီ အပစ်ခတ်ရပ်စဲရေး အဖွဲ့မှ တပ်ဖွဲ့ဝင် ၄ ဦးတို့သည် လက်နက်ခဲယမ်း များနှင့်အတူ ကရင်နီတပ်ဖွဲ့ထဲသို့ အလင်းဝင်ရောက်ခဲ့ပြီး ဖြစ်သည်။
ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)သည် နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ယခင်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ မြန်မာစစ်အစိုးရမှ ဖွဲ့စည်းပေးသော နယ်ခြားစောင့်တပ်ဖွဲ့တွင် တပ်ရင်းအလိုက် လူအင်အား ၃၂၆ ဦး ထားရှိပြီး တပ်ရင်းတိုင်းတွင် အစိုးရတပ်မှ အရာရှိ ၄ ဦးနှင့် အခြားအဆင့် ၂၆ ဦးတို့ ပါ၀င်သည်။ နယ်ခြားစောင့်တပ်များကို စစ်အစိုးရတပ်က တိုက်ရိုက်ကွပ်ကဲသွားသည့်အပြင် လစာနှင့် ရိက္ခာများကိုလည်း အစိုးရက တာဝန် ယူထားသည်။