ရခိုင်ပြည်နယ် မြောက်ပိုင်း ၄ ရက်ကြာ မိုးသည်းထန်စွာ ရွာသွန်းရာမှ မြေပြိုမှု၊ ရေလွှမ်းမိုးမှုကြောင့် လူဦးရေ ရ၇၀၀၀ ခန့် အိုးအိမ်မဲ့ သို့မဟုတ် နေရာပြောင်းရွှေ့မှု ဖြစ်ခဲ့သည်ဟု လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကုလသမဂ္ဂ ဌာနကိုယ်စားလှယ်ရုံး (မြန်မာနိုင်ငံ) က ပြောသည်။
ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ကျောက်တော်နှင့် မြောက်ဦး မြို့နယ်များတွင် ယခုလ ၁၃ ရက်နေ့မှ ၄ ရက်ကြာအထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် အိုးအိမ်မဲ့ အခြေအနေများကို ကုလရုံးက ၁၉ ရက််နေ့တွင် စာရင်းထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
ယင်း ဘေးဒဏ်သင့် ဒေသများသို့ ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP ၊ နယ်စီးမခြား ဆရာဝန်များအဖွဲ့ MSF (Holland) ၊ ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေးအဖွဲ့ ACF နှင့် အခြား NGO အဖွဲ့များက ကွင်းဆင်း၍ စာရင်းပြုစုခဲ့သည်ဟု ရန်ကုန်ရှိ ကုလရုံးမှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
ထို့အပြင် အထက်ပါ အဖွဲ့များအနေဖြင့် ရေဘေးလေဘေးသင့်ရာ ဒေသများသို့ အရေးပေါ်အကူအညီ လိုအပ်နေသည့် ခြင်ထောင်၊ အစားအသောက်နှင့် ဆေးဝါး ထရပ်ကား ၅ စီးစာမျှကို မိသားစု ၅ဝဝဝ ခန့်အတွက် စပိတ်ဘုတ်များဖြင့် ယခုလ ၁၉ ရက်နေ့က ပို့ဆောင်ဖြန့်ဝေခဲ့သည်ဟု ပြောသည်။ အသေးစိတ် အချက်အလက်ကိုမူ ပြောဆိုရန် သူက ငြင်းဆိုသည်။
ထိုသို့ သွားရောက်ကူညီနေသော်လည်း လမ်းတံတားများ ကျိုးပဲ့ပျက်စီးခြင်းကြောင့် ဒေသအချို့သို့ သွားရောက်ကူညီရန် ခက်ခဲနေကြောင်း ယခုလ ၁၈ ရက်နေ့က ထုတ်ပြန်သော ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (OCHA) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရေဘေးလွတ်ရာ ပြောင်းရွှေ့နေကြသော မိသားစုအချို့မှာ နေရပ်ရင်းကို ပြန်သွားခဲ့ကာ အချို့မှာ ယခုထိ အိုးအိမ်မဲ့ ဖြစ်နေကြသေးသည်ဟုလည်း ဖော်ပြထားသည်။
လူ ၁ သောင်းခွဲအတွက် တလစာ အစားအစာများကို ဒေသတွင်းမှပင် ဖြည့်တင်းနိုင်မည်ဖြစ်ပြီး ထပ်မံ လိုအပ်ချက်များအတွက် စစ်တွေမြို့မှ ဖြန့်ဖြူးနိုင်မည်ဟု OCHA အစီရင်ခံစာက ဆိုသည်။
ထို့အပြင် ထိုဒေသများရှိ HIV ၊ AIDS ဝေဒနာသည်များမှာ ပုံမှန်ကုသမှုများ မရရှိနိုင်သေးကြောင်းနှင့် ရေနှင့် တကိုယ်ရည် သန့်ရှင်းရေးအတွက် မိသားစု ၄ဝဝဝ အတွက် လာမည့် ၁ဝ ရက်အတွက် ရေသန့်ဆေးပြားများ ဖြန့်ဝေပေးမည်ဟု ကုလ ကလေးသူငယ်များ အရေးပေါ် ရံပုံငွေအဖွဲ့ UNICEF နှင့် ကုလဖွံ့ဖြိုးရေးအစီအစဉ် UNDP တို့ကလည်း ဆိုထားကြသည်။
လမ်းတံတား ပျက်စီးမှုများအနေဖြင့် စစ်တွေ-မောင်တော သွားရောက်ရာလမ်းတွင် တံတား ၃ စင်း ပျက်စီးနေကာ Bridge Asia Japan (BAJ) က တံတားတစင်းကို ပြန်လည်ပြုုပြင်နေပြီး၊ ဘူးသီးတောင်-မောင်တော ကားလမ်းမှာ ယခုချိန်ထိ ပြတ်တောက်လျက်ရှိသည်။
ဘူးသီးတောင်မြို့ခံတဦးက “မိုးစကြီးကတည်းက မောင်တောကို ရောက်နေတာ။ အခုထိ မပြန်ရသေးဘူး။ လမ်းတွေက ရွှံ့တွေထူပြီး မကောင်းသေးဘူး။ လောလော ဆယ်တော့ တနေရာနဲ့ တနေရာကို လမ်းလျှောက်နေရတယ်” ဟု မဇ္ဈိမကို ပြောသည်။
ရခိုင်ပြည်နယ် ပယက ဥက္ကဋ္ဌ နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းအေး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဦးမောင်မောင်ဆွေနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးသိန်းဆွေတို့ ယခုလ ၁၉ ရက်နေ့က ဘူးသီးတောင်နှင့် မောင်တောသို့ သွားရောက်ပြီး ဘေးသင့်သူများကို ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။
ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် လူသေပျောက်မှုနှင့် ထိခိုက်မှု အများဆုံးဖြစ်ပေါ်ခဲ့ပြီး ဘူးသီးတောင်တွင် ဒေသဧရိယာ၏ ၃ ပုံ ၂ ပုံ ရေလွှမ်းမိုး ခံခဲ့ရ သည်ဟု ရန်ကုန် UNDP ရုံး အဆိုအရ မဇ္စျိမက သိရသည်။
၄ ရက်ကြာ မိုးကြီးလေကြီးဖြစ်ကာ မြေပြိုများကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အမျိုးသား ၃၅ ဦး အမျိုးသမီး ၂၈ ဦး စုစုပေါင်း ၆၃ ဦး သေဆုံးခဲ့ကြောင်း စစ်အစိုးရက ထုတ်ပြန်ခဲ့သည်။