ကရင်နီပြည် ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်မှ ဒေသခံပြည်သူများအတွက် မြန်မာစစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သော သင်တန်းများကို ဖွင့်လှစ်ပို့ချ ပေးခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့်အပတ် ၁၇-၁၈ ရက်နေ့တွင် စစ်အစိုးရက ရွေးကောက်ပွဲဆိုင်ရာ အကြောင်းများကို ပြည်သူများအတွက် ဒီးမော့ဆိုမြို့နယ်ရှိ မြို့တော်ခန်းမနှင့် ဖရူဆိုမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း တော်ဝင်သဇန်ခန်းမတွင် သင်တန်းများ ပို့ချပေးခဲ့ခြင်း ဖြစ်သည်။
စစ်အစိုးရသည် ယခုနှစ်အတွင်း ၎င်းတို့ ကြီးမှူးကျင်းပမည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးအတွက် အစကတည်းက ပြင်ဆင်ထားပြီး ပြည်သူများ ပါ၀င်ထောက်ခံ လာစေရန် နည်းမျိုးစုံဖြင့် လိုက်လံသွတ်သွင်းနေသည်ဟု ကယန်းအမျိုးသမီး အစည်းအရုံးမှ မူဆိုဖီယာက ပြောသည်။
သူက “သူတို့ နိုင်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ အကွက်ရှိပြီးသားပဲလေ။ ပြည်သူတွေက ဘာမှ မသိဘူးကော။ နားမလည်ကြဘူး။ အဲဒီအပေါ်မှာ သူတို့အတွက် အကွက် ဆင်စရာ အများကြီးပေါ့။ ယုံကြည်မှုဆိုတာ ပြောစရာ မရှိတော့ပါဘူးလေ။ အစကတည်းက နအဖတွေက သူတို့ လုပ်ချင်ရာကို ရအောင် လုပ်ခဲ့တယ် မဟုတ်လား။ စားဝတ်နေရေးနဲ့ လုံးပမ်းနေတဲ့ ပြည်သူတွေအဖို့တော့ ဘယ်လို တတ်နိုင်စမ်းမှာလဲ” ဟု ပြောသည်။
ကရင်နီပြည်တွင်းရှိ ဒေသခံပြည်သူများသည် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲထည့်ကြရမည် ဖြစ်သော်လည်း ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာ များအား နားလည်သဘောပေါက်မှု မရှိသေးကြောင်း လွိုင်ကော်မြို့မှ ဒေသခံအမျိုးသမီးတဦးက ပြောသည်။
“ရွေးကောက်ပွဲဟာ အရမ်းအရေးကြီးတာကို ဒီလွတ်မြောက်နယ်မြေဘက်က လူတွေက သိနားလည်ပေမဲ့ အထဲက ပြည်သူတွေခမျာ ဘာမှ မသိနားမလည်ကြသေးပါဘူး။ ပြောရမယ်ဆိုရင် လွိုင်ကော်မြို့ပေါ်က လူတွေတောင် ဘာမှ မသိနားမလည်ကြသေးတာ တွေ့ရပါတယ်။ နည်းနည်းနားလည်တဲ့ လူတချို့ကို မေးကြည့်တော့ သူတို့ ပြောတယ် အခု လုပ်တဲ့ ရွေးကောက်ပွဲဟာ စကာတင်တာပါပဲတဲ့” ဟု သူက ပြောပါသည်။
အဆိုပါ ၁၇ ရက်နေ့၌ စစ်အစိုးရမှ ဖွင့်လှစ်သော သင်တန်းတွင် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးခင်မောင်ရီမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွန်များ၊ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ့ဝင် ဦးစိုင်းသိန်းလွင်မှ မဲရုံမှူး၊ ဒု-မဲရုံမှူးလုပ်ငန်း လမ်းညွန်များနှင့် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲဝင် ဦးစိုင်းမြသောင်းမှ လွှတ်တော် ၃ ရပ်ဥပဒေ၊ နည်းဥပဒေများကို ပို့ချပေးခဲ့ကြောင်း ယနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာတွင် ရေးသားထားသည်။
အလားတူ ၁၈ ရက်နေ့တွင် ရွေးကောက်ပွဲဆိုင်ရာ သင်တန်း လိုအပ်ချက်များကို ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးခင်မောင်ရီမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲ လုပ်ငန်းလမ်းညွန်းများနှင့် ပြည်နယ် ကော်မရှင်အဖွဲ့ခွဲဝင် ဦးစိုင်းသိန်းလွင်၊ ဦးစိုင်းမြသောင်းနှင့် ဒေါက်တာ သန်းဝင်တို့မှ လုပ်ငန်းလမ်းညွန်းချက်များနှင့် ဥပဒေ၊ နည်းဥပဒေများကို ပို့ချပေးခဲ့သည်။
ထိုသင်တန်းသို့ မြို့နယ်ကော်မရှင် အဖွဲ့ခွဲဝင်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲဝင်၊ မဲရုံမှူးနှင့် ဒု-မဲရုံးမှူး၊ မဲရုံအဖွဲဝင် စုစုပေါင်း ပထမရက်၌ ၂၄၅ ဦး၊ ဒုတိယ ရက်၌ ၁၄၇ ဦး တက်ရောက်ခဲ့ကြောင်း ဆိုသည်။