လုပ်ငန်းများ ထိရောက်အောင် ဆောင်ရွက်နိုင်ရန် ကရင်နီလူမှု အသင်းအဖွဲ့များမှ KCSN ဖွဲ့စည်း

လုပ်ငန်းများ ထိရောက်အောင် ဆောင်ရွက်နိုင်ရန် ကရင်နီလူမှု အသင်းအဖွဲ့များမှ KCSN ဖွဲ့စည်း
by -
အောလို
ကရင်နီပြည်တွင် ငြိမ်းချမ်းသာယာသော လူ့ဘောင်သစ်တရပ် တည်ဆောက်သွားနိုင်ရန်အတွက် မတူကွဲပြားသော လုပ်ငန်းနယ်ပယ် အသီးသီးမှ ဆက်စပ်ကူညီ ဆောက်ရွက် သွားရန် ရည်ရွယ်၍ ကရင်နီလူမှုအသင်းအဖွဲ့များမှ ကရင်နီလှုမှုအဖွဲ့အစည်းများ ကွန်ယက် (KCSN) ကို ဖွဲ့စည်း....

ကရင်နီပြည်တွင် ငြိမ်းချမ်းသာယာသော လူ့ဘောင်သစ်တရပ် တည်ဆောက်သွားနိုင်ရန်အတွက် မတူကွဲပြားသော လုပ်ငန်းနယ်ပယ် အသီးသီးမှ ဆက်စပ်ကူညီ ဆောက်ရွက် သွားရန် ရည်ရွယ်၍ ကရင်နီလူမှုအသင်းအဖွဲ့များမှ ကရင်နီလှုမှုအဖွဲ့အစည်းများ ကွန်ယက် (KCSN) ကို ဖွဲ့စည်းလိုက်ပါသည်။

ကရင်နီလူမှုအသင်းအဖွဲ့ အသီးအသီးတို့သည် ကရင်နီလူမှုအဖွဲ့အစည်းများ ကွန်ယက် (Karenni Civil Societies Network) ကို ဖွဲ့စည်းရန် အတွက် ပြီးခဲ့သည့် ၁၀ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် တနေရာ၌ ကမကထ ပြုခဲ့ကြပြီး ၁၆ ရက်နေ့တွင် တရားဝင် အဖွဲ့အစည်းအဖြစ် အတည်ပြု ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန် ကြေညာပါသည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်အရ ကရင်နီပြည်သူများ နေ့စဉ် လိုအပ်နေသော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘဝပြန်လည်ထူထောင်ရေး၊ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးနှင့် အခြားရေးရာများတွင် တတ်စွမ်းသည့် ကဏ္ဍမှ ဆက်စပ်ဆောက်ရွက်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် KCSN ကို ဖွဲ့စည်းရခြင်း ဖြစ်သည်။

“ကရင်နီလူမှုအဖွဲ့အစည်းအတွက် လူမှုရေး၊ ဖွ့ံဖြိုးရေး လုပ်ငန်းတွေ လုပ်တဲ့ အခါမှာ တဖွဲ့နဲ့တဖွဲ့ အဆက်အစပ် ရှိအောင်၊ နောက် အပြန်အလှန် သတင်းအချက်အလက် တွေလည်း ပေးနိုင်ဖို့၊ နောက်ပြီး လုပ်ငန်းတွေလည်း ပူးပေါင်းညှိနှိုင်းနိုင်ဖို့ အဲလိုမျိုး လုပ်ငန်းတွေပေါ့။ ကျနော်တို့ အဲလိုမျိုး ရည်ရွယ်ချက်နဲ့ လုပ်သွားတယ်ပေါ့” ဟု ၎င်း အဖွဲ့အစည်း ဖွဲ့စည်းရာမှာ အကြံဉာဏ် ပေးသူများထဲမှ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဒု-အတွင်းရေးမှူး အောင်ဆန်းမြင့်က ပြောသည်။

ကရင်နီလူမှု အသင်းအဖွဲ့များသည် ကရင်နီပြည်သူလူထုများအတွက် ဖွ့ံဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကွဲပြားခြားနားသော ရည်ရွယ်ချက် များနှင့် အမြင်များဖြင့် ဆောင်ရွက်ကြသည်မှာ အချိန်ကာလ ကြာမြင့်လာခဲ့ပြီဖြစ်ကြောင်း၊ ထို့အပြင် လုပ်ငန်းများ ပိုမိုထိရောက်အောင် ၀ိုင်းဝန်းလုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ ၎င်းအဖွဲ့အစည်း အသစ်ကို ဖွဲ့လိုက်ပါသည်ဟု အောင်ဆန်းမြင့်က ဆက်ပြောသည်။

၎င်းက “လုပ်ငန်း လုပ်တဲ့ အခါမှ တဖွဲ့ချင်းစီ လုပ်တာထက် အားလုံးက ၀ိုင်းလုပ်မယ်ဆိုရင် ပိုပြီး ထိရောက်မယ်။ လူထုအတွက် အကျိုးရှိမယ် ဆိုပြီးမှ ကျနော်တို့ အဲလိုမျိုး ယုံကြည်တယ်။ ယုံကြည်တဲ့အတွက် အခု ကျနော်တို့က အတတ်နိုင်ဆုံး ကြိုးစားပြီးမှ အားလုံး ၀ိုင်းပြီး စုပေါင်း ပြီး လုပ်ရင် ပိုပြီး ထိရောက်မယ် ဆိုတဲ့ ရွည်ရွယ်ချက်နဲ့ ဖွဲ့လိုက်တာပဲ ဖြစ်တယ်လေ” ဟု ပြောပါသည်။

KCSN အဖွဲ့သည် ရှေ့ဆက် လုပ်ငန်းစဉ်များနှင့် ရည်ရွယ်ချက်များကို အကောင်အထည် ဖော်ဆောင်နိုင်ရန်အတွက် အဆင့်ဆင့်သော လုပ်ငန်းတာဝန် ခွဲဝေခြင်းများအား ချမှတ်ထားကြောင်း၊ လုပ်ငန်းအလိုက် အကောင်အထည် ဖော်ဆောင်သွားရန်အတွက် အသင်းအဖွဲ့ အသီးသီးမှ ဆက်စပ်ညှိနှိုင်းခြင်းများဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

KCSN အဖွဲ့ထဲတွင် ကရင်နီအမျိုးသား လူငယ်အစည်းအရုံး (KNYO)၊ ကရင်နီအမျိုးသမီး အစည်းအရုံး (KNWO)၊ ကရင်နီအမြဲစိမ်းလန်း စိုပြေရေးအဖွဲ့ (KEG)၊ ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွ့ံဖြိုးရေးပင်မဌာန (KSWDC)၊ ကရင်နီ မှတ်တမ်းရေးအဖွဲ့ (KDC)၊ ကရင်နီ မြေပုံအဖွဲ့ (KMP)၊ ကရင်နီကျောင်းသားသမဂ္ဂ (KSU)၊ ပြည်တွင်းဌာန ကျန်းမားရေးအဖွဲ့နှင့် ပြည်တွင်းဌာန ပညာရေးအဖွဲ့ စသည့် ကရင်နီလူမှု အသင်းအဖွဲ့ အသီးသီးမှ ပါ၀င်ကြသည်။

KCSN အဖွဲ့သည် အလုပ်မှုဆောင်ကော်မီတီ ၉ ဦးဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင်၏ သက်တမ်းမှာ ၂ နှစ် ဖြစ်သည်။ အဖွဲ့ဝင်များမှာ KNYO မှ လျားဦး၊ KNWO မှ မိညို၊ KEG မှ တူရယ်၊ KSWDC မှ ကလောရယ်၊ KDC မှ တော်ရယ်ပိုး၊ KMP မှ မီရယ်၊ KSU မှ မာတိယာလင်း၊ ကျန်းမာရေး အဖွဲ့မှ မီရယ် အယ်ဒီလုနှင့် ပညာရေး အဖွဲ့မှ အယ်လ်ခွန်း တို့ဖြစ်သည်။

http://www.ktimes.org/news/regional/item/615

Most read this week