မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ မဲဆွယ်စည်းရုံးရေး ခရီးဆင်းပြီ

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ မဲဆွယ်စည်းရုံးရေး ခရီးဆင်းပြီ
by -
ဆူးပန်း
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ဇွန်လဒုတိယအပါတ်မှ စပြီး မွန်ပြည်နယ်အတွင်းမှာ ရှိသော မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲ ဘက်တွင် မဲဆွယ်စည်းရုံးရေးခရီး စတင်ဆင်းနေပြီဟု ပါတီခေါင်းဆောင်တစ်ဦး ဖြစ်သည့် နိုင်ငွေသိမ်းခေါ် နိုင်ဂျနူမွန်မှ ပြော....

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ဇွန်လဒုတိယအပါတ်မှ စပြီး မွန်ပြည်နယ်အတွင်းမှာ ရှိသော မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲ ဘက်တွင် မဲဆွယ်စည်းရုံးရေးခရီး စတင်ဆင်းနေပြီဟု ပါတီခေါင်းဆောင်တစ်ဦး ဖြစ်သည့် နိုင်ငွေသိမ်းခေါ် နိုင်ဂျနူမွန်မှ ပြောပါသည်။

အဆိုပါ ခရီးစဉ်များတွင် ဒေသခံမွန်ပြည်သူများမှ ဝိုင်းဝန်းကူညီမှုထောက်ခံမှု ရရှိပြီး ရဟန်းသံဃာတော်များထံမှ အကြံဉာဏ်တောင်းခံ ဆွေးနွေးခြင်း ပါတီ၏ မူဝါဒ လမ်းစဉ်များကို ခင်းကျင်းရှင်းပြခဲ့သည်ဟု ပြောပါသည်။

ဤကဲ့သို့ စည်းရုံးရေး ခရီးဆင်းသည့် နေရာတွင် ဒေသခံပြည်သူများ အနေနှင့် မဲဆန္ဒ အစစ်အမှန်ထဲ့ရန်အတွက် စိုးရိမ်ကြောက်လန့်မှုတွေ ရှိနေဆဲဟု ပါတီခေါင်းဆောင် နိုင်ငွေသိမ်းမှ အခုလို ပြောဆိုခဲ့ပါသည်။

“အခက်အခဲရှိတယ်။ မဲထဲ့တယ်ဆိုတာကြောက်တာတို့ ဘာတို့ညာတို့ရှိရင်လဲရှိကြမှာပေါ့ဗျာ။  ကျွန်တော် တို့ကတော့ ကြောက်စရာမလိုဘူးလို့ပြောတယ်။ ဒါ တရားဝင် လုပ်တာဘဲ။ တရားမဝင်ကတော့ တစ်ခုမှမပါဘူး။”       

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ စည်းရုံးရေးဆင်းသည့်ဒေသတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီတို့ကလည်း မဲဆွယ်စည်းရုံးနေပါသည်။ လာမည့် ရွေးကောက်ပွဲတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ ပါတီအနေနှင့်  အောင်မြင်မှုရနိုင်မည်ဟု နိုင်ငွေသိမ်းမှ အခုလိုဖြေကြားသွားပါသည်။

“ကျွန်တော်တို့ကတော့ ခန့်မှန်းတာ မွန်နယ်မှာဆိုလို့ရှိရင် အောင်မြင်နိုင်တာပေါ့ဗျာ။ မွန်နယ်ဆိုတာက ကရင်ပြည်နယ်မှာလဲ ကျွန်တော်တို့ မွန်တွေရှိတဲ့နေရာပေါ့။”

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီထဲတွင် ယခင်ကမွန်ပြည်သစ်ပါတီမှ အနားယူထားသည့်သူများ ပါဝင်နေသည်ဟု နိုင်ငွေသိမ်းမှပြောခဲ့ပါသည်။ လက်ရှိပါတီ၏ ဌာနချုပ်ကို မော်လမြိုင်မြို့တွင်ဖွင့်လှစ်ထား သည်ဟုဆိုသည်။  နောက်မကြာမီပါတီ၏ အလုပ်အမှုဆောင်သစ်များကို ပြန်လည်ရွေးချယ်သွားမည်ဖြစ်ပြီး ယခုလောလော ဆယ်ဆယ်တွင် နိုင်ငွေသိမ်းမှ အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူထားပါသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီသည် နိုင်ငံရေးပါတီမှတ်ပုံတင်ထားသည့် မွန်နိုင်ငံရေးပါတီဖြစ် သည်။ စစ်အစိုးရမှကျင်းပပေးမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီကို ယခုနှစ်ဧပြီ(၇)ရက်နေ့တွင် မွန်တတ်၊သိပညာရှင်များ၊နိုင်ငံရေးသမားများအပါအဝင် ကော်မီတီ ဝင်(၁၅)ဦး နှင့်စတင် ဖွဲ့စည်းခဲ့ပါသည်။ မေလ(၂၄)ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပါတီမှတ်ပုံတင် ခွင့်အမှတ်(၅၁) နှင့် ခွင့်ပြုချက်ရထားသည့် နိုင်ငံရေးပါတီဖြစ်ပါသည်။