ပြည်တွင်းစစ်နှင့် နိုင်ငံရေးအရ ဆယ်စုနှစ်ပေါင်းများစွာ သောင်မတင်ရေမကျ ဖြစ်နေမှုများအတွင်း မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သော လူသားမျိုးနွယ်အပေါ် ကျူးလွန် သည့် ရာဇဝတ်မှုများအား စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းရေးအတွက် ထောက်ခံပြောဆိုပေးမှုများ ထပ်မံ ရရှိလာပြီ ဖြစ်သည်။
ယခုလ ၈ ရက်နေ့တွင် ဂျနီဗာတွင် ပြုလုပ်ခဲ့သော ကုလလူ့အခွင့်အရေး ကောင်စီ၏ အချေအတင် ဆွေးနွေးပွဲတွင် စုံစမ်းရေး ကော်မရှင် တရပ် ဖွဲ့စည်းရန် အဆိုပြုချက်ကို ဆလိုဗက်ကီးယား နိုင်ငံက သြစတြေလျ၊ ချက်သမ္မတနိုင်ငံ၊ ဗြိတိန်နှင့်အတူ စတုတ္ထမြောက် နိုင်ငံအဖြစ် လက်တွဲ ပါဝင်လာခြင်း ဖြစ်သည်။
`မြန်မာနိုင်ငံတွင် ပထမအကြိမ်ပြုလုပ်မည့် ရွေးကောက်ပွဲများသည် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လူ့အခွင့်အရေးကို လေးစားရေး၊ ဒီမိုကရေစီရေးတို့အတွက် အကျိုး ရှိစေကောင်း ရှိနိုင်သည်။ သို့သော် ထွက်ပေါ်လာသော ရွေးကောက်ပွဲ ဥပဒေသစ်များသည် နိုင်ငံတကာ စံချိန်စံညွှန်းနှင့် နှိုင်းယှဉ်ပါက အလွန်အမင်း နိမ့်ကျ နေသည့်အပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်တို့ကို အလွန်အမင်း ချိုးနှိမ်ထားသည့်အပြင် နိုင်ငံရေး သဘောထား ကွဲပြားသူများ အပေါ်လည်း ခွဲခြား ဆက်ဆံမှုများ ရှိနေသည်´ ဟု ဆလိုဗက်နိုင်ငံ ကိုယ်စားလှယ် Rosha Fedor က Bratislava ဆုံးဖြတ်ချက်ကို ထောက်ခံ ပြောဆိုရာတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။
ဤသို့ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းရန် လူ့အခွင့်အရေး ကောင်စီကသော်၎င်း၊ လုံခြံုရေးကောင်စီက သော်၎င်း စတင် အဆိုပြု လုပ်ဆောင်နိုင်သည်။ သို့သော် ကုလလုံခြံုရေးကောင်စီ အဆင့်ရောက်လျှင် အဆိုပါ အဆိုကို တရုတ်နှင့် ရုရှက အလိုအလျောက် ဆန့်ကျင် ကန့်ကွက်လိမ့်မည်ဟု ယေဘုယျအားဖြင့် ယူဆရသည်။
ယခင်ဖြစ်ခဲ့ဖူးသော သမိုင်းကြောင်းအရ ပြောရလျှင် မြန်မာနိုင်ငံအပေါ် စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းတာဝန်ပေး စစ်ဆေးစေမည်ဆိုပါက နိုင်ငံတကာနှင့် လူ့အခွင့် အရေး ဥပဒေများအပေါ် ချိုးဖောက်မှု ရှိမရှိ၊ မျိုးဖြုတ် သတ်ဖြတ်မှုများ ပေါ်ပေါက်ခဲ့ခြင်း ရှိမရှိ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်များကို ပြုလုပ်ခဲ့သူများအား ဖော်ထုတ်ခြင်း၊ အဆိုပါ ချိုးဖောက်မှုများအတွက် တာဝန်ရှိသူများအား အပြစ်ပေးစေခြင်းတို့ကို ဆောင်ရွက်ရမည်ဟု ယူဆရသည်။
သို့သော် အဆိုပါ စုံစမ်းရေး ကော်မရှင်တွင် တရားစွဲဆိုနိုင်ခွင့်အာဏာ မရှိပါ။ ယင်းအစား ကုလသမဂ္ဂ၏ ထောက်ခံ တင်ပြချက်ဖြင့် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးသို့ တရား စွဲတင် နိုင်ခွင့်သာ ရှိသည်။
သို့သော် ဤသို့ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းရေးအတွက် စည်းရုံး လှုံ့ဆော်ပေးနေသော လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး (HRW) ကမူ ထိုသို့စုံစမ်းရေး ကော်မရှင် တရပ် ဖွဲ့စည်းခြင်းဖြင့် သက်ဆိုင်သူအများ ပါဝင်သည့် ဆွေးနွေးညှိနှိုင်းမှုများ ပေါ်ပေါက်လာရေးအတွက် အပြုသဘောဆောင်သည့် အကျိုးရလဒ်ကို ထွက်ပေါ် စေနိုင်သည်၊ မြန်မာနိုင်ငံတွင်း ဘက်ပေါင်းစုံ ပါဝင်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေး တွန်းဆော်ပေးနိုင်သည်ဟု ပြောဆိုထားသည်။
ဤအဆိုကို ထောက်ခံသူများက မြန်မာ ဗိုလ်ချုပ်ကြီးများသည် တာဝန်ယူရမည်ကို စိုးရွံ့ ထိတ်လန့်နေကြသည်၊ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းလိုက်ခြင်းဖြင့် တာဝန် ရှိသူများ အနေဖြင့် တရားစွဲဆိုခြင်း ခံရမည်ကို စိုးကြောက်ကာ ချက်ချင်း အရေးယူဆောင်ရွက်မှုများ ပြုလုပ်လာနိုင်သည်ဟုလည်း ဆိုကြသည်။
သို့သော် တဖက်တွင်လည်း ထိုသို့ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းလိုက်ခြင်းဖြင့် နဂိုကတည်းကပင် နိုင်ငံခြားသားကြောက် ရောဂါရှိနေသည့် အာဏာရ စစ် အုပ်စု သည် ပို၍ပင် အထီးကျန်ကာ ကမ္ဘာနှင့် အဆက်ဖြတ်လိုက်ခြင်းဖြင့် ဆွေးနွေးပွဲများ ဖြစ်ပေါ်ရေး၊ လက်ရှိ အကျပ်အတည်းကို ဖြေရှင်း ဆောင်ရွက်ရေးတို့တွင် ပိုမို ခက်ခဲ သွားမည်ကိုလည်း စိုးရိမ်နေကြသည်။
၂၀၀၄ ခုနှစ်တွင် ထိုသို့သော စုံစမ်းရေးကော်မရှင်တရပ်ကို ဆူဒန်နိုင်ငံ ဒါဖောဒေသတွင် ပေါ်ပေါက်ခဲ့ဖွယ်ရှိသော လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ် မှုများအား စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ မျိုးတုံးသတ်ဖြတ်မှုများ ပေါ်ပေါက်ခဲ့သည်ဟူသော စွပ်စွဲချက်များအပေါ် ကော်မရှင်က ထောက်ခံတင်ပြခြင်း မပြုခဲ့သော်လည်း နိုင်ငံတကာ ဥပဒေနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စနစ်တကျ ကျူးလွန်ကြောင်း သက်သေအထောက်အထားများ တွေ့ရှိခဲ့သည်။
ထိုအတောအတွင်း အဆိုပါ လူ့အခွင့်အရေးကောင်စီ ဆွေးနွေးပွဲ၌ အမေရိကန်နိုင်ငံ ကိုယ်စားလှယ် Eileen Chamberlain Donahoe ကလည်း မြန်မာနိုင်ငံတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်းဖော်ထုတ်မည့် ကော်မရှင်တရပ် ဖွဲ့စည်းရေးတွင် အခြား နိုင်ငံများနှင့်အတူ ပူးတွဲပါဝင်ရန် ဝါရှင်တန် အနေဖြင့် စဉ်းစားလျက်ရှိကြောင်း အသိပေးပြောကြားသွားသည်။