စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ဥရုချောင်းရိုးတစ်လျှောက် ရွှေလုပ်ငန်းများတွင် ယခုအခါ ရွှေအထွက်နှုန်း ကျဆင်းလာ သောကြောင့် လုပ်ငန်းရှင်အချို့ အရှုံးပေါ်၍ လုပ်ငန်းများ မကြာခဏ ရပ်ဆိုင်းရကြောင်း သိရသည်။
နယ်စပ်ခြင်း ထိစပ်နေသည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် အတွင်း စီးဆင်းနေ သော ဥရုချောင်းရိုး တစ်လျှောက်တွင် ဟုမ္မလင်း ဒေသခံ တိုင်းလျဲန် (သျှမ်းနီ) ရွာသားများက ရွှေလုပ်ငန်း လုပ်ကိုင်နေခြင်း ဖြစ်သည်။
ယခင်ကထက် ရွှေအထွက်နှုန်း ၄ ဆခန့် ကျဆင်းလာသဖြင့် ရွှေတူးရာတွင် အသုံးပြုသည့် ဒီဇယ်အင်ဂျင် ဆီစျေးနှင့် မကာ မိကြောင်း မကြာသေးခင်က လုပ်ငန်းရပ်နား လိုက်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ဥရုချောင်းဘေးတစ်လျှောက်တွေမှာ ရွှေမျောတွေလုပ်ကြတာပေါ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆည်ဇင်းရွာ ဟိုဘက် ဆိုရင် ဟုမ္မလင်းမြို့နယ်ဖြစ်သွားပြီ လုပ်ငန်းရှင် တွေကတော့ ဒေသခံသျှမ်းနီတွေများတယ် အလုပ်သမားတွေတော့ နယ်စုံ ပေါ့” ဟု သူက ပြောသည်။
ဒီဇယ်အင်ဂျင် အမျိုးအစားအလိုက် စက်သုံးဆီကုန်ကျစားရိတ် ကွာခြားမှုရှိပြီး နွေကာလတွင် ရေခန်းခြောက်မှုကြောင့် လုပ်ငန်း ပိုမိုခက်ခဲသည့် အပြင် နအဖအာဏာပိုင် လူကြီးခရီးစဉ်များအတွင်း ရွှေမှော်များ၌ ငွေကြေး ကောက်ခံမှုများ အမြဲမပြတ် ပြုလုပ်ကြောင်း သိရသည်။
ရွှေကျင်နေသူများ (ဓါတ်ပုံ S.H.A.N. Sai Sai)
“အရင်တုန်းက ၆ လုံးထိုးအင်ဂျင်နဲ့လုပ်တဲ့သူတစ်ဦးက တစ်ရက်ကို အများဆုံးရွှေအချိန် ရွေး ၅၀၀ လောက်ရတယ် အခု က ၁၀၀ ကျော်လောက်ကို အနိုင်နိုင်ပဲ အင်ဂျင် ကတော့ အစားစားရှိတာပေါ့ ၁ လုံးထိုး ၂ လုံးထိုး ၄လုံးထိုး ၆ လုံးထိုး အင်ဂျင်တွေ သုံးကြတယ် ”ဟု သူက ပြောသည်။
၆ လုံးထိုးအင်ဂျင်တစ်လုံးလျှင် တစ်ရက် ဒီဇယ် တစ်ပေပါခန့်ကုန်ကျသဖြင့် ဒေသပေါက်စျေးဖြင့် ဆီဖိုးငွေ ကျပ် ၃ သိန်းဝန်း ကျင် ကုန်ကျကြောင်း သိရသည်။
တစ်ရက်ကုန်ကျစားရိတ်ဖြင့်တွက်လျှင် ၆ လုံးထိုးအင်ဂျင်ပိုင် လုပ်ငန်းရှင်တစ်ဦးသည် တစ်ရက်အနည်းဆုံး ရွှေရွေး ၅၀ ခန့်ရမှသာ လုပ်ငန်းလည်ပတ်နိုင်ပြီး အင်ဂျင် အသေးသမားများက တစ်ရက်ရွှေရွေး ၂၀ ခန့်ရရှိမှ ကိုက်ကြောင်း သူက ရှင်း ပြသည်။
“ဒီဘက်ကသျှမ်းနီတွေက စိုက်ပျိုးရေးသိပ်မလုပ်ကြဘူး လုပ်ငန်းမကိုက်ဘူးဆိုရင် နေရာအကွက်အကွင်းကျယ်တော့ တစ်နေရာကို ပြောင်းပြီး စမ်းလုပ်ကြတာပေါ့ စက်တွေ ဘာတွေနဲ့တော့ မဟုတ်ဘူး လက်နဲ့ပဲစမ်းပြီး ရွှေကြောတွေ့တယ် ဆိုရင် ပြန်လုပ်တာပေါ့ ” ဟု သူက ပြောသည်။