မိုးဦးအစ၊ ဇွန်လဆန်းပိုင်း ကျောင်းတွေ ဖွင့်ပြီဆိုရင်ပဲ ကျောင်းနေရွယ် ကလေးတွေဟာ တူညီဝတ်စုံ ကျောင်းစိမ်းဝတ်ပြီး တက်ကြွလန်းဆန်းတဲ့ ခြေလှမ်းတွေနဲ့ တနှစ်တာ စာသင်နှစ်ကို အစပြုလေ့ ရှိပါတယ်။
ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ထမင်းဗူး၊ ရေဗူး၊ ရောင်စုံထီး၊ မိုးကာ အစရှိတဲ့ ကျောင်းသုံးပစ္စည်း အသစ်ကလေးတွေနဲ့ ကျောင်းတက်ရတာကလည်း သူတို့လေးတွေအတွက် ပျော်ရွှင်ကြည်နူးစရာ တခုပါ။
ဒါပေမယ့် အခြေအနေ အမျိုးမျိုးကြောင့် ဒီနှစ် ပညာသင်နှစ်ကစပြီး ကျောင်းဆက်မတက်နိုင်တော့တဲ့ ကလေးတွေထဲက မွန်ပြည်နယ်၊ မုဒုံမြို့၊ ဘဲရမ်းရွာသူ မိနှင်းမြတ်သွယ်တယောက် ကျောင်းပညာရေးကို တပိုင်းတစနဲ့ အပြီးအပိုင် ကျောခိုင်းခဲ့ရပါတယ်။
အရင်နှစ်တွေကလို ခြံထဲက ပန်းတွေခူး၊ သီကုံးရောင်းချပြီး ပညာသင်ကြားရေးအတွက် တဖက်တလှမ်းက အပိုဝင်ငွေရှာ၊ ကျောင်းတက်ခွင့် ရခဲ့ပေမယ့် ဒီနှစ်မှာတော့ မိဘတွေရဲ့ တနိုင်တပိုင်လုပ်ငန်းတွေ အဆင်မပြေတာကြောင့် အလယ်တန်းအဆင့်မပြီးခင်မှာပဲ ကျောင်းထွက်လိုက်ရတယ်လို့ မိနှင်းမြတ်သွယ်က အခုလို ပြောလာ ပါတယ်။
“၇-တန်းအထိ ကျောင်းနေတယ်။ အမေ့စီးပွားရေး အခြေအနေမကောင်းလို့ ကျောင်းနေဖို့ စရိတ်လည်း ပိုက်ဆံမရှိ၊ ကျူရှင်သွားဖို့ စရိတ်လည်း ပိုက်ဆံမရှိ၊ စာအုပ် ဝယ်ဖို့လည်းပိုက်ဆံမရှိတဲ့အတွက်ကြောင့် အမေနဲ့ အတူ အလုပ် လာလုပ်တယ်။ အမေ့ကိုသနားတယ်၊ အဲဒါကြောင့် သမီးကျောင်း မနေတော့ဘူး။ အမေ့ကို ဝိုင်းကရတဲ့အတွက် ဝမ်းသာပါတယ်။ စိတ်ထဲမှာတော့ စိတ်မကောင်းပါဘူး။ ကျောင်းထွက်ရတဲ့တွက် မေမေကိုဘဲ အမြဲတမ်း ကူညီတော့မယ်” ဟု ဆိုသည်။
၂၀၁၀ ခုနှစ်၊ ပညာသင်နှစ်မှာ အစိုးရကျောင်း အခြေခံမူလတန်းပညာ အဆင့်ရှိ ကျောင်းတွေရဲ့ ကျောင်းအပ်ခ စရိတ်တင် ကျပ် ၃၅၀၀ ရှိပြီး၊ ကျောင်းသုံး ပုံနှိပ်စာအုပ်ဖိုးတွေပါ ပေးရမယ်ဆိုရင် ကျပ် ၁၅၀၀၀ အထိ ရှိနေပါတယ်။
အခုလို ကုန်စျေးနှုန်းတွေနဲ့အပြိုင်၊ ကျောင်းအပ်ခတွေကလည်း မြင့်တက်လာနေတာမို့ ကျောင်းနေရွယ် သားသမီးတွေကို ကျောင်းဆက်ထားဖို့့ မဖြစ်နိုင်တဲ့အဆုံး ထိုင်း-မြန်မာ နယ်စပ်ဘက်ကို အပြီးအပိုင် ထွက်ခွာလာခဲ့ရတယ်လို့ ကလေး ၂ ယောက်မိခင် မလှက ခုလို စိတ်မချမ်းမြေ့စွာ ပြောလာပါတယ်။
“ဒီနှစ် ကျောင်းစရိတ်တွေက နှဆလောက် တက်လာတယ်လေ။ စာအုပ်ဖိုးတွေလည်း ကြီးလာတော့ ကလေးတွေကို ကျောင်းမထားနိုင်ဘူး။ စားဝတ်နေရေးကလည်း တဖက်နဲ့ အဆင်မပြေဘူး၊ ဒါကြောင့် ဒီကို ပြောင်းလာတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံရဲ့ လူဦးရေ ရ၀ ရာခိုင်နှုန်းဟာ ကျေးလက်နေ ပြည်သူတွေဖြစ်ပြီး၊ စိုက်ပျိုးရေးကို အခြေခံ လုပ်ကိုင်သူတွေ ဖြစ်ပါတယ်။ ရာသီဥတုဆိုးရွားပြီး၊ သီးနှံအထွက် မတိုးတဲ့ နှစ်တွေမှာတော့ ဒေသခံပြည်သူအများစုဟာ ၀မ်းစာအတွက် မဖူလုံတဲ့အပြင် အပိုဝင်ငွေ မရှိတဲ့အတွက် သား၊ သမီးတွေရဲ့ ပညာရေးမှာ အခက်တွေ့ရ ပြန်ပါတယ်။
တချို့မိဘတွေကတော့ နီးစပ်ရာ နယ်စပ်ဒေသတွေက ဒုက္ခသည်စခန်း၊ မိဘမဲ့ကျောင်း၊ စရိတ်မျှကျောင်း၊ အခမဲ့ ပညာသင်ကြားပေးနေတဲ့ ဘာသာရေးကျောင်း တွေမှာ ကျောင်းအိပ်၊ ကျောင်းစား ထားပြီး တတ်နိုင်သရွေ့ ပညာသင်ယူစေပါတယ်။
အခုဆိုရင် ထိုင်း-မြန်မာနယ်စပ်မှာ ရှိတဲ့ မယ်ဟောင်ဆောင်ဒုက္ခသည် စခန်း ၁ နဲ့ ၂ မှာ ပညာသင်ကြားဖို့ ပြည်တွင်းက ရောက်ရှိလာတဲ့ ကျောင်းသူ၊ ကျောင်းသား အရေအတွက်ဟာ ဒီနှစ် စာသင်နှစ်မှာပဲ အယောက် ၂၀၀ ကျော်လောက်ရှိနေတယ်လို့ ထိုင်းအခြေစိုက်၊ အိမ်ကျောင်းဆက်သွယ်ရေးနဲ့ မသန်မစွမ်း ကလေးများ စောင့်ရှောက်ရေးအဖွဲ့က ဦးဂျိုဟန်ဆောင် က အခုလို ပြောလာပါတယ်။
“တချို့ကလေးတွေကလည်း အထူးသဖြင့် ဆယ်တန်းတက်မယ့် ကလေးတွေက ပိုက်ဆံမရှိတာနဲ့ မယ်ဟောင်ဆောင် ဒုက္ခသည် စခန်းကို ရောက်ရှိလာကြပါတယ်။ ဒီစခန်းမှာ ပညာရေးက ို အခမဲ့ မူလတန်းကနေ အထက်တန်းအထိ သင်ကြားပေးနေပါတယ်”
ခုလို ကျောင်းတွေပြန်ဖွင့်တဲ့အချိန် သက်ဆိုင်ရာ ပညာသင်ကြားပေးနေတဲ့ နေရာ ဒေသအသီးသီးမှာ မရှိတဲ့ ကလေးတွေဟာ မိသားစု စားဝတ်နေရေးအတွက် မိဘများနဲ့ အတူ အလုပ်ခွင်တွေမှာ ရှိနေတယ်လို့လည်း ထိုင်းအခြေစိုက် အမျိုးသားကျန်းမာရေးနဲ့ ပညာရေး ကော်မတီ က ပညာရေးဆိုင်ရာ နားလည် တတ်ကျွမ်းသူ ဦးသိန်းနိုင်က အခုလို မှတ်ချက်ပေး ပြောဆိုပါတယ်။
“အထူးသဖြင့်တော့ ကျောင်းဝင်ကြေး၊ စာသင်ခန်းကြေးနဲ့ တခြားသောကျောင်းစရိတ်တွေကြီး ရင်းနဲ ့ကိုက အကြောင်းတကြောင်းဖြစ်တယ်။ နောက်တချို ့ ကလေး တွေဟာ ဆိုလို ့ရှိရင် မိဘတွေနဲ အတူအလုပ်တွေကိုလုပ်နေကြရတယ်လေ။ အဲဒီအတွက် လည်း သူတို ့မိဘတွေဘက်က ကျောင်းအပ်နှံဖို့ အခက်ရှိတယ်။ မိဘတွေ ကိုယ်တိုင် ကလေးတွေကို ဝမ်းဆာအတွက် အလုပ်ခိုင်းနေရတဲ့ အခြေအနေရှိတာကိုလည်း ကျနော်တို ့သိရတယ်” ဟု ပြောသည်။
ဒီနှစ်မှာတော့ ပညာရေးဝန်ကြီးဌာနက အစိုးရကျောင်းတွေမှာ ကျောင်းအပ်နှံကြေးကို ကျပ် ၅၀၀၀ အထက် ကောက်ခံခြင်း မပြုဖို့ တရားဝင် တားမြစ်ထားတယ်လို့ သိရ ပါတယ်။ ဒါပေမယ့် တချို့နာမည်ကြီးကျောင်းတွေမှာတော့ သတ်မှတ်နှုံးထားထက် ကောက်ခံနေတယ်လို့ ကျောင်းသား မိဘတွေရဲ့ မကြေမနပ် ပြောဆိုသံတွေလည်း ကြားနေရပါတယ်။
မြန်မာနိုင်ငံ အစိုးရစာသင်ကျောင်းတွေမှာ အခြေခံပညာအဆင့်ကို အခမဲ့ ပညာရေးစနစ်အဖြစ် အစိုးရက သတ်မှတ် ထုတ်ပြန်ထားတာလည်း ဒီကနေ့အထိ တစုံတရာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းလည်း မရှိသေးပါဘူး။
လက်ရှိမှာ အခြေခံပညာ မူလတန်းအဆင့် ကျောင်းအပ်နှံတဲ့ ကျောင်းသားဦးရေ တိုးလာတဲ့နဲ့အမျှ ကျောင်းအဆောက်အဦးတွေ တိုးမြှင့်ဆောက်လုပ်နေပေမယ့်လည်း မြန်မာပြည်က ကလေး အရေအတွက်ရဲ့ ထက်ဝက်အောက်သာ မူလတန်းပညာကို ပြီးဆုံးတယ်လို့ မြန်မာပြည် အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ ကလေးများရံပုံငွေအဖွဲ့ (UNICEF) က ဆိုပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာ အခမဲ့ ပညာရေးစနစ်ကို အနည်းဆုံး အသက် ၁၅ နှစ်အရွယ်အထိ သတ်မှတ်ပြီး၊ ကျောင်းနေအရွယ် ကလေးတွေအားလုံး စာသင်ခန်းထဲ ရောက်လာအောင် လုပ်ဆောင်ဖို့ အထူး လိုအပ်နေတယ်လို့လည်း NHEC က ဦးသိန်းနိုင်က အခုလို ပြောပါတယ်။
“လောလောဆယ်မှာတော့ အခမဲ့ ပညာရေး မဖြစ်သေးဘူး။ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေနဲ ့၊ မတတ်နိုင်တဲ့ မိဘတွေကို ကူညီပံ့ပိုးဖို့အတွက် အခမဲ့ပညာရေးကို အကောင်အထည်ဖော်ဖို့ အတွက် အရမ်းကို အရေးကြီးပါတယ်။ တာဝန်အရှိဆုံးကတော့ အာဏာပိုင် အစိုးရပဲဖြစ်တယ်။ ရပ်ရွာမိဘပြည်သူတွေနဲ့ အစိုးရဘက်က ကလေးတွေအားလုံးစာသင်ခန်းထဲရောက်ဖို့အတွက်ကို အများကြီး ကြိုးစားဖို့ လိုပါသေးတယ်”
ကလေးတွေရဲ့ ပညာရေး တိုးတက်ဖို့ လုပ်ဆောင်ရာမှာ အစိုးရတခုတည်းမကပဲ၊ ကျောင်းသား၊ မိဘတွေဖက်ကလည်း ကြိုးစား အားစိုက်ထုတ်မှုတွေ လိုနေသေးတယ်လို့ ပညာရေး ကျွမ်းကျင်သူ အများကစုက မှတ်ချက်ပေး ပြောဆိုနေကြပါတယ်။