မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ ပေါ်တာထမ်း စေခိုင်းမှုများကို စစ်တပ်များက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာပါ။ ကျား၊ မ မရွေး၊ အသက်အရွယ် မရွေး အဓမ္မ စေခိုင်းတဲ့ အလေ့အထက အတော်ကြာခဲ့ပါပြီ။
နှစ်ပေါင်း ၄၀ ကျော်အတွင်း ကျောင်းဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ၊ အသက် ၆၂ နှစ် အရွယ် နော်သားခုဟာ ၂၀၀၉ ခုနှစ်အတွင်းမှာ မြန်မာစစ်သားတွေရဲ့ အဓမ္မ စေခိုင်းမှုနဲ့ စစ်တပ်ရိက္ခာတွေဖြစ်တဲ့ ဆန်၊ ဆီ စတဲ့ အလေးအပင်တွေကို အသက်အရွယ်နဲ့ မမျှအောင် သူတို့ တပ်စခန်းတွေရှိရာ နေရာတွေအထိ သယ်ပို့ပေးခဲ့ရပါတယ်။
ကရင်နီပြည်နယ် (ကယားပြည်နယ်)၊ မော်ချီးရွာ အခြေစိုက် ခြေမြန်တပ်ရင်း အမှတ် ရ၂ က မြန်မာစစ်တပ်တွေက နှစ်စဉ်၊ နှစ်တိုင်း သူတို့ရဲ့ ရိက္ခာတွေကို ထမ်းပို့ဖို့ ဒေသခံ တွေရဲ့ ဆန္ဒမပါပဲ တနေကုန် အဓမ္မ စေခိုင်းခဲ့တယ်လို့ သူမက အခုလို ပြောပြပါတယ်။
“စစ်သားတွေက မြေမြုပ်မိုင်းဘေးကို ကြောက်လို့ ကျမတို့ကို အရှေ့ကနေ ဦးဆောင်ပြီး သွားခိုင်းတယ်။ ဘာအစားအစာမှမစားရပဲ လေးလံတဲ့ တပတ်စာ ရိက္ခာကို တနေ့လုံးလုံး ထမ်းသွားရတယ်” ဟု ဆိုသည်။
နီးစပ်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ရွာထဲကို ၀င်ရောက်လာသည့် အခါတိုင်းတွင် အခုလို ပေါ်တာခေါ် စေခိုင်းမှုများ ရှိကြောင်း၊ ထိုသို့ခေါ်သည့်အခါ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်များအတွက် အထူး စိုးရိမ်ပူပန်နေရကြောင်း နော်သားခုက အခုလို ပြောပါတယ်။
“အမျိုးသမီး ဆယ်ကျော်သက်အရွယ်တွေပေါ့၊ မပါအောင် အဒေါ်က တဖက်တလမ်းကနေပြီးတော့ ရှေ့ကနေပြီးတော့ ကြိုးစားပေးတယ်။ သူတို့စိတ်ထားကတော့ သိတဲ့အတိုင်းပဲလေ မကောင်းဘူးပေါ့လေ။ ဒါတောင်မှ အဒေါ်တို့ အရွယ်တောင်မှ သိပ်စိတ်မချရဘူး။ အဲဒါကြောင့်မို့ အဲဒီလူငယ်တွေ အထူးသဖြင့်စိတ်ပူတာပေါ့ အမျိုးသမီးတွေကို သိပ်စိတ်ပူတယ်” ဟု ပြောသည်။
အလားတူ ရွာဒါကား ကျေးရွာက ကလေး၂ ယောက် မိခင်ဖြစ်သူ နော်ကရီဖောဂေ ကလည်း မြန်မာစစ်တပ်များရဲ့ အဓမ္မ စေခိုင်းမှုကြောင့် ဆန်၊ဆီ၊ သစ်သီး ၀လံ စတဲ့ တပတ်စာ ရိက္ခာတွေကို အခမဲ့ ထမ်းစေခဲ့တယ်လို့ အခုလို ပြောလာပါတယ်။
“သူတို့ စစ်ဆေးမေးမြန်းတယ်။ သူတို့ စကား(ဗမာလို) မပြောတတ်ရင် သူတို့ သေနတ်နဲ့ ချိန်တယ်။ သူတို့က ဗမာစကားတွေပဲပြောတယ်။ နားမလည်ဘူး။ ကရင်လို ပြောရင် နားလည်သေးတယ်။ ဗမာလိုပြောတော့ နားမလည်ဘူး” ဟု ဆိုသည်။
ယခုလို အဓမ္မ ပေါ်တာထမ်း ခိုင်းစေခြင်းသည် ကရင်နီပြည်နယ် (ကယားပြည်နယ်)၊ အမှတ် ၂ ခရိုင် ဒေသတခုတွင်သာမက နအဖ စစ်တပ်စခန်းရှိရာ ဒေသ အနှံ့အပြားတွင် အလားတူ အဖြစ်အပျက်များ ရှိကြောင်း ကရင်နီ လူမှုကယ်ဆယ်ရေးအဖွဲ့ (KSWDC) မှ ဒါရိုက်တာ ခူးဖဲဘူးက ပြောပါသည်။
“ကရင်နီပြည်နယ်အဝိုက်မှာ အတင်းအဓမ္မခိုင်းစေမှုတွေ အဖြစ်များတယ်။ အထူးသဖြင့် နအဖရဲ့ စီမံအုပ်ချုပ်မှု ဂွင်ရှိသမျှမှာ အကုန်လုံး ဖြစ်နေတယ်။ လူထုတိုင်း လူထုတိုင်း ခံစားနေရတယ်” ဟု ဆိုသည်။
၂၀၁၀ ခုနှစ် ကစတင်ကာ မော်ချီးဒေသ တဝိုက်နေထိုင်သူ ဒေသခံ စုစုပေါင်း ၄၅၀၀ ကျော် အဓမ္မ ရွှေ့ပြောင်းခြင်း ခံခဲ့ရကြောင်း ခူးဖဲဘူးက ဆိုသည်။
စစ်တပ်က ဒေသခံ ရွာသူ၊ ရွာသားတွေကို အဆက်မပြတ် အဓမ္မ ပေါ်တာ ခိုင်းစေမှုကြောင့် ၀မ်းစာအရေးအတွက် တောင်ယာလုပ်ငန်းတွေကို ပစ်ထားခဲ့ရကြောင်း နော်သားခုကပဲ အခုလို ပြောလာပါတယ်။
“ကျမ ဘာမှ ဆက်မလုပ်ပေးနိုင်တော့ဘူး။ ဘာလို့လည်းဆိုတော့ ကျမတို့ ကိုယ်ပိုင် အလုပ်လည်း။ ရှိသေးတယ်လေ။ အဒေါ်ဆိုရင် ကျောင်းဆရာမကနေ သူတို့ ၀န်ဆောင်လုပ်ပေးခဲ့တယ်။ ရွာတွင်းမှာ လုံခြံုမှု မရှိတော့ဘူး အဲလုုိပဲ စစ်သားတွေက အမြဲတမ်းလာပြီး ပေါ်တာ ခေါ်နေတယ်” ဟု စိတ်မသက်မသာ ပြောဆိုသည်။
၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာပဲ နေထိုင်ရာ မော်ချီး ဒေသတဝိုက်က ကျေးရွာတွေမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ ပေါ်တာ ထမ်းစေမှုတွေ အဆက်မပြတ် ဖြစ််နေတာကြောင့် နော်သားခု အပါအဝင် အခြား ဒေသခံ ၃၅၀ ကျော်လောက်ဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်စူရင်း ဒုက္ခသည်စခန်း အမှတ် (၂) ကို ထွက်ပြေး ခိုလှုံလာကြပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ ဒုက္ခသည်စခန်းရောက်ရန် လမ်းခရီးကို ခြေလျင်နဲ့ ၁ လနီးပါး ခရီးဆက်ခဲ့ရတယ်လို့လည်း သိရပါတယ်။
ခေတ္တလုံခြံုမှုပေးတဲ့ ဒုက္ခသည် စခန်းကို ရောက်နေတဲ့ နော်သားခု တယောက် စခန်း က အထက်တန်းကျောင်းမှာ ကျောင်းအုပ်တာဝန် ထမ်းဆောင်ရန် စိတ်ဆန္ဒ ရှိပေမယ့် နှစ်ရှည်လများ ခံစားခဲ့ရတဲ့ အဆုပ်ရောဂါဝေဒနာကြောင့် ၀ါသနာပါရာ ကျောင်းဆရာမ အလုပ်ကနေ ရပ်နားခဲ့ရပါတယ်။
လက်ရှိမှာတော့ သူမအတွက် လုံခြံုမှုပေးတဲ့ ဒီဒုက္ခသည်စခန်းမှာပဲ ဆက်ပြီးနေထိုင်သွားမယ်လို့လည်း အခုလို ပြောလာပါတယ်။
“အဒေါ် ရွာကိုတော့ မပြန်ချင်ဘူး။ ဒီစခန်းထဲမှာ နေရတာ အဒေါ်အတွက် လုံခြံုမှုရှိတယ်။ အခုလောလောဆယ် အဒေါ် ဒီမှာပဲဆက်နေမယ်” လို့ နော်သားခုက ပြောပါသည်။