လူထုစိတ်ဝင်စားမှု နည်းပါး စည်းရုံးရေးခက်ခဲဟု ပါတီများ ပြော

လူထုစိတ်ဝင်စားမှု နည်းပါး စည်းရုံးရေးခက်ခဲဟု ပါတီများ ပြော
by -
မြင့်မောင်
လူထုက ပါတီနိုင်ငံရေးအပေါ် စိတ်ဝင်စားမှု လျော့နည်းနေသဖြင့် စည်းရုံးရေးလုပ်ငန်းများတွင် အခက်အခဲရှိကြောင်း ပါတီတည်ထောင်ခွင့် ရရှိပြီးဖြစ်သည့် ပါတီ အချို့ထံမှ စုံစမ်းသိရှိ...

လူထုက ပါတီနိုင်ငံရေးအပေါ် စိတ်ဝင်စားမှု လျော့နည်းနေသဖြင့် စည်းရုံးရေးလုပ်ငန်းများတွင် အခက်အခဲရှိကြောင်း ပါတီတည်ထောင်ခွင့် ရရှိပြီးဖြစ်သည့် ပါတီ အချို့ထံမှ စုံစမ်းသိရှိရသည်။

ပါတီတည်ထောင်ခွင့် ရရှိပြီးဖြစ်သည့် အမျိုးသား နိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်၊ ဝံသာနု NLD၊ ရခိုင်ပြည်နယ် အမျိုးသား အင်အားစု၊ ပြည်ထောင်စု ဒီမိုကရေစီပါတီနှင့် မတူကွဲပြားရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) တို့က ထိုကဲ့သို့ ပြောဆိုကြခြင်း ဖြစ်သည်။

“ပြည်သူလူထုက ပါတီနိုင်ငံရေးနဲ့ ကင်းကွာနေတာ နှစ် ၂ဝ ရှိပြီ။ အဲဒါကြောင့် စည်းရုံးရေးလုပ်ငန်းတွေမှာ အခက်အခဲ ရှိတယ်။ ကျနော်တို့ အချင်းချင်းထိတွေ့မှုတို့၊ ပြည်သူနဲ့ ထိတွေ့မှုတို့၊ ပါတီဖွဲ့တဲ့ နေရာမှာ အခက်အခဲတွေ ရှိတာပေါ့လေ” ဟု အမျိုးသား နိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ် ဆက်သွယ်ရေးတာဝန်ခံ ဦးအုန်းလွင်က ပြောသည်။

ဝံသာနု NLD က ဒုဥက္ကဋ္ဌ ဦးရဲဝင်းက “ခက်တာက ပြည်သူလူထုကို တော်တော်လေး ပြောရတယ်။ နိုင်ငံရေးလုပ်ရင် အဖမ်းခံရမယ်ဆိုတာကို ခေါင်းထဲမှာ ရောက်နေတဲ့ အတွက် တော်တော်လေး ဖြေရှင်းပြီး နားလည်အောင် ပြောဆိုစည်းရုံးနေရတယ်။ နယ်တွေ သွားတဲ့အခါမှာတော့ တော်တော်ကို အခက်အခဲ ရှိပါတယ်။ နိုင်ငံရေး လုပ်ရမှာ၊ ပါတီဝင်ရမှာကို တော်တော်လေး ကြောက်နေတယ်” ဟု ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) အထွေထွေအတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းကလည်း လူထုသည် စိုးရွံ့မှုရှိနေသဖြင့် ထင်သလောက် ရှေ့ထွက်မလာသည့် အခက်အခဲမျိုး ကြံုတွေ့နေရသည်ဟု ဆိုကာ၊ မတူကွဲပြားရေးပါတီ အတွင်းရေးမှူး ကိုနေမျိုးဝေကလည်း ပြည်သူလူထုအနေဖြင့် နိုင်ငံရေးကို စိတ်ဝင်စားရန်နှင့် မကြောက်ရန် ဟောပြောနေရကြောင်း ပြောဆိုသည်။

မှတ်ပုံတင်ခွင့် ရပြီးသော နိုင်ငံရေးပါတီများအနေဖြင့် ခွင့်ပြုချက်ကျပြီးသည်မှ ရက်ပေါင်း ၉ဝ အတွင်း သတ်မှတ်ထားသော ပါတီဝင်အင်အား စာရင်းကို ရွေးကော်မရှင််သို့ မတင်ပြနိုင်ပါက ပယ်ဖျက်ခံရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့သည့်လ ၂၉ ရက်နေ့ထုတ်ပြန်ထားသည်။

ပြည်ထောင်စုတဝှန်းလုံးတွင် စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁ဝဝဝ စည်းရုံးမည်ဟူ၍ ဝန်ခံချက် (သို့မဟုတ်) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တခုအတွင်း၌ စည်းရုံးမည့် ပါတီဖြစ်ပါက အနည်းဆုံး ၅ဝဝ စည်းရုံးမည်ဟု ဝန်ခံချက်များနှင့်အတူ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ကြရသည်။

ပါတီဖျက်သိမ်းခံရခြင်းမရှိစေရန် လွတ်လပ်စွာ စည်းရုံးခွင့်မရရှိဘဲ ရက် ၉ဝ အတွင်း အဖွဲ့ဝင်အင်အား ပြည့်မီရန်အတွက် ခင်မင်ရာ မိတ်ဆွေသင်္ဂဟများထံ သွားရောက် ကာ စည်းရုံးနေရကြောင်း ၎င်းတို့က ပြောဆိုကြသည်။

သို့သော် လွတ်လပ်စွာ စည်းရုံးခွင့်ရှိလျှင် ဤပြဿနာများ ပြေလည်သွားနိုင်သည်ဟု ပြည်ထောင်စု ဒီမိုကရေစီပါတီ အတွင်းရေးမှူး ကိုဖြိုးမင်းသိန်းက ဆိုသည်။

သူက “ကြံ့ဖွံ့ပါတီတို့၊ အစိုးရနဲ့ပတ်သက်နေတဲ့ လူတွေဆီကနေ ကျောထောက်နောက်ခံပြုပြီး တည်ဆောက်တဲ့ ပါတီမဟုတ်လို့ ပြည်သူ့ကိုယ်စားပြု ပါတီဖြစ်အောင် ကြိုးစားမယ်၊ အဲဒီအတွက် ပြဿနာ မရှိပါဘူး။ ဗဟိုစည်းရုံးရေး ကော်မတီရဲ့ လှုပ်ရှားမှုတွေကို အစိုးရနဲ့ အာဏာပိုင်အဆင့်ဆင့်ကနေ လွတ်လွတ်လပ်လပ် လုပ်ခွင့် ပေးရင် အဲဒီကိစ္စတွေ ဖြေရှင်းနိုင်မှာပါ။ အနှောင့်အယှက်တွေ ရှိနေမယ်၊ အချိန်ကြန့်ကြာမှုတွေ ရှိနေမယ်ဆိုရင် လုပ်ရကိုင်ရတာ အခက်အခဲ ရှိနိုင်ပါတယ်” ဟု ပြောသည်။

အစိုးရ ကျောထောက်နောက်ခံပြု ပါတီများမှလွဲ၍ အခြားပါတီများအနေဖြင့် ပါတီရန်ပုံငွေ အခက်အခဲရှိနေကြောင်း သိရသည်။

ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီ ဥက္ကဋ္ဌ ဦးအေးကြိုင်က “ငွေရေးကြေးရေးကတော့ သိပ်ပြီးတော့ အခက်အခဲ ရှိတယ်။ အခုဟာက အချိန်နဲ့တပြေးညီ လုပ်ဖို့ ဆိုတာ ကတော့ မဖြစ်နိုင်ဘူးလေ။ ဥပမာ ဒီနေ့ လုပ်ရမယ်ဆိုရင် နောက် ၄-၅ ရက်လောက်မှ လုပ်နိုင်တဲ့ အနေအထားဖြစ်နေတယ်” ဟု ပြောသည်။

“စည်းရုံးရေးဆင်းဖို့ ကြိုးစားနေတာပေါ့နော်။ ငွေရေးကြေးရေး ဘယ်သူဘယ်လို ထည့်မယ်ဆိုတာ စည်းဝေးနေတယ်။ သွားဖို့လာဖို့ကတော့ ငွေရေးကြေးရေး နည်းနည်းတော့ အခက်အခဲ ရှိတယ်'' ဟု ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။

ကိုနေမျိုးဝေကလည်း ၎င်းတို့ပါတီအနေဖြင့် စည်းရုံးရေးလုပ်ငန်းများတွင် သုံးစွဲရန်အတွက် ရန်ပုံငွေ အခက်အခဲ ရှိနေကြောင်း ပြောသည်။

ပါတီတည်ထောင်ခွင့်ကို တည်ထောင်လိုသူ အနည်းဆုံး ၁၅ ဦးက ရွေးကောက်ပွဲ ဥပဒေနှင့်အညီ စတင်လျှောက်ထားရသည်။ လျှောက်ထားပြီးနောက်ပိုင်းတွင် တည်ထောင် ခွင့်ပြုကြောင်း ရွေးကောက်ပွဲ ကော်မရှင်မှ သက်ဆိုင်ရာပါတီသို့ အကြောင်းကြားသည်။

တည်ထောင်ခွင့်ပြုပြီးသော ပါတီများသည် ဒုတိယအဆင့်အနေဖြင့် ပါတီခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်က လက်မှတ်ထိုးပြီး ပါတီအလံနှင့် ပါတီတံဆိပ်တို့ကို တင်ပြ၍ ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင်ခွင့် လျှောက်ထားရပြန်သည်။

ထို့နောက် ရွေးကောက်ပွဲ ကော်မရှင်က ပါတီအလံ၊ တံဆိပ်တို့ကို ကန့်ကွက်မှု ရှိမရှိ စိစစ်ပြီးမှ မှတ်ပုံတင်ခွင့်ပြုသည်။ မှတ်ပုံတင်ခွင့်ပြုပြီးသည့် နေ့မှစ၍ ရက်ပေါင်း ၉ဝ အတွင်း ပါတီများသည် ပါတီဝင်စာရင်း တင်ပြရမည်ဟု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လက်ရှိ၌ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ  ၄၂ ပါတီရှိသွားပြီဖြစ်သည်။ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားသည့် ၃၂ ပါတီအနက် ၂၈ ပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့ကြောင်း ပြည်ထောင်စု ရွွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

သို့သော် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို စစ်အစိုးရက ကြေညာခြင်း မရှိသေးပါ။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီး ၂၈ ပါတီ စာရင်း

* တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (ဧပြီ ၂၉)
* လားဟူ အမျိုးသား ဖွ့ံဖြိုးတိုးတက်ရေးပါတီ (ဧပြီ ၂၉)
* ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် PNO (မေ ၁၃)
* ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (မေ ၁၇)
* ဒီမိုကရေစီီပါတီ (မြန်မာ) (မေ ၂ဝ)
* ကယန်းအမျိုးသားပါတီ (မေ ၂ဝ)
* မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီ (မေ ၂ဝ)
* ကရင်ပြည်သူ့ပါတီ (မေ ၂၁)
* “ဝ” အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ (မေ ၂၁)
* ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ် (မေ ၂၁)
* တအောင်း (ပလောင်) အမျိုးသားပါတီ (မေ ၂၄)
* မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (မေ ၂၄)
* ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ (မေ ၂၄)
* ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (မေ ၂၆)
* ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (မေ ၂၆)
* ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) (မေ ၂၆)
* ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် (မေ ၂၆)
* အမျိုးသား နိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ် (မေ ၂၇)
* မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (မေ ၂၇)
* ချင်းအမျိုးသားပါတီ (မေ ၂၇)
* ဝံသာနု NLD (ပြည်ထောင်စု မြန်မာနိုင်ငံ) (မေ ၂၇)
* ခေတ်သစ်ပြည်သူ့ပါတီ (မေ ၂၈)
* ပြည်ထောင်စု ဒီမိုကရေစီပါတီ (မေ ၂၈)
* မြို (ခေါ်) ခမီ အမျိုးသားညီညွတ်ရေးအဖွဲ့ (မေ ၂၈)
* မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ (ဇွန် ၁)
* ချင်းတိုးတက်ရေးပါတီ (ဇွန် ၁)
* အင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဇွန် ၁)
* ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ဇွန် ၁)