တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် နှစ်ရက်တာခရီးစဉ်အတွက် မြန်မာနိုင်ငံသို့ ယနေ့ မွန်းလွဲပိုင်းက ရောက်ရှိလာရာ နယ်စည်ဒေသ တည်ငြိမ်ရေးနှင့် ရွေးကောက်ပွဲ ကိစ္စများပါ ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။
ရန်ကုန်သို့ ညနေ ၃ နာရီကျော်က မစ္စတာ ဝမ်ကျားပေါင်သည် တောင်ကိုရီးယား၊ ဂျပန်၊ မွန်ဂိုလီးယားသို့ သွားရောက်ခဲ့ပြီး သူ၏အာရှ ၄ နိုင်ငံ ခရီးစဉ်အဖြစ် ရောက်ရှိ လာခြင်းဖြစ်သည်။
ရန်ကုန်တိုင်းစစ်တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့်နှင့် နိုင်ငံခြားရေးဝန်ကြီး ဥိီးဉာဏ်ဝင်းတို့က မင်္ဂလာဒုံလေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့သော တရုတ်ဝန်ကြီးချုပ်သည် ယနေ့တွင် ဒဂုံ အလယ်တန်းကျောင်းအမှတ် (၁) နှင့် ရွှေတိဂုံစေတီတော်တို့သို့ သွားရောက်ခဲ့သည်။
မနက်ဖြန်တွင် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဝန်ကြီးချုပ်ဦးသိန်းစိန် အပါအဝင် စစ်ဘက် အရာရှိများနှင့် တွေ့ဆုံဖွယ်ရှိသည်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် စွမ်းအင်နှင့် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍများတွင် တိုးချဲ့လုပ်ကိုင်ရန် စိတ်ဝင်စားလျက်ရှိသည်။
နအဖတပ်များက နယ်ခြားစောင့်တပ်ပြောင်းရင် ငြင်းဆန်သော ကိုးကန့်တပ်ဖွဲ့များ အပေါ် လွန်ခဲ့သည့်နှစ်က တိုက်ခိုက်မှုကြောင့် ထောင်ပေါင်းများစွာသော တရုတ် လူမျိုးများဖြစ်သည့် ကိုးကန့်တို့ ဝင်ရောက်ခိုလှုံမှုဖြစ်ပွားပြီးနောက် မြန်မာစစ်အစိုးရအတွက် အားထားရသော မဟာမိတ်တရုတ်နိုင်ငံက နေပြည်တော်၏ တိုင်းရင်းသား လက်နက်ကိုင်တပ်များအား တပ်မတော်အတွင်း သွတ်သွင်းရေး စီမံကိန်းကို စိုးရိမ်ကြောင်း ပြသခဲ့ဖူးသည်။
ဝ၊ ကချင်၊ ရှမ်း၊ ကရင်နှင့် မွန်တို့ကလည်း နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်း ရေးကို ငြင်းဆန်ထားပြီး တရုတ်နိုင်ငံ ယူနန်နှင့် နယ်မြေထိစပ်နေသော ဒေသများ တွင် တိုက်ပွဲများ ပြန်လည်ဖြစ်လာနိုင်သည့် အနေအထားလည်း ဖြစ်သည်။
“ကျနော်တို့ နယ်စပ်လုံခြံုရေးအတွက် အများကြီး အရေးကြီးတယ်။ နယ်စပ်ဒေသတည်ငြိမ်ရေး ဆွေးနွေးလိမ့်မယ်လို့ ကျနော်တို့ မျော်လင့်တယ်” ဟု ဝပြည်သွေးစည်း ညီညွတ်ရေးတပ် UWSA မှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။
အသစ်ရေးဆွဲလိုက်သော စစ်အစိုးရ၏ အခြေခံဥပဒေတွင် စစ်တပ်တခုထဲထားရှိရေး ပြဌာန်းထားရာ နအဖက ရွေးကောက်ပွဲမတိုင်မီ နယ်ခြားစောင့်တပ်ပြသနာကို ဖြေရှင်းလိုနေသည်။
၁၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်အစိုးရ အဆင့်မြင့်အရာရှိတဦး၏ ယခုခရီးစဉ်တွင် နိုင်ငံခြားရေးဝန်ကြီး၊ အမျိုးသားဖွံဖြိုးတိုးတက်ရေးကော်မရှင်နာ၊ စီးပွားရေး ဝန်ကြီး၊ နိုင်ငံတော်ကောင်စီရုံး မူဝါဒရေးရာ ဒါရိုက်တာ၊ နိုင်ငံတော်ကောင်စီ တွဲဘက်အထွေထွေ အတွင်းရေးမှူး၊ ယဉ်ကျေးမှု ဒုဝန်ကြီးတို့လည်း ပါဝင်ကြောင်း သိရသည်။
သို့သော် တရုတ်အနေဖြင့် နယ်စပ်တည်ငြိမ်ရေးအတွက် စစ်အစိုးရနှင့် ဝ အဖွဲ့အကြား ပြေလည်မှု ရရှိစေလိုမည်ဖြစ်သည်ဟု တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း သခင်ချန်ထွန်းက ပြောသည်။
“အရိပ်အခြေလောက်တော့ ပြောလိမ့်မယ်။ နယ်ချင်းကပ်တော့ သူ့ဖက် ရိုက်ခတ်လာနိုင်တယ်လေ။ ဝ’ တခုခုဖြစ်ရင် တရုတ်ဘက်ဘဲ ပြေးလာတယ်ဆိုတော့ ကုန်သွယ်ရေးတွေ အကုန် ပျက်ပြားသွားနိုင်တာဘဲလေ” ဟု သူက မဇ္ဈိမကို ပြောသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ ယခုနှစ် ဇန်နာဝါရီလအထိ စွမ်းအင်ကဏ္ဍအပါအဝင် အမေရိကန် ဒေါ်လာသန်း ၁၈ဝဝ ကျော် ရင်းနှီးမြှုတ်နှံထားကြောင်း တရုတ်အစိုးရ ထုတ်ပြန်ချက်များအရ သိရသည်။ ယင်းသည် မြန်မာတနိုင်ငံလုံးရှိ နိုင်ငံခြားရင်းနှီးမှု အားလုံး၏ ၁၁.၅ ရာခိုင်နှုန်းဖြစ်သည်။ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ ယခင်နှစ်တွင် သန်း ၂၉ဝဝ ကျော်ရှိသည်။