ကရင်နီပြည် ဖာဆောင်းမြို့နယ်အတွင်း သံလွင်ရေကာတာတခု တည်ဆောက်ရန် စစ်အစိုးရနှင့် တရုတ်တ ပူးပေါင်းပြီး စက်မှုလက်မှုပစ္စည်းများ သယ်ဆောင်နေပါသည်။
ရေကာတာတည်ဆောက်ရန် ပစ္စည်းများကို ဖာဆောင်းမြို့နယ် ရွာသစ်ကျေးရွာတွင် စုပုံထားသည်ကို တွေ့ရှိရသည်။
“ကျမပြန်လာတုန်းကတော့ အဲဒီမှာ ပစ္စည်းတွေ တချို့ချနေပြီ” ဟု ဖာဆောင်းဒေသခံတဦးက ပြောသည်။
ထိုရေကာတာ တည်ဆောက်ရန် ဧပြီလ ၂၆ နေ့တွင်် ကျောက်ကြီးဟုခေါ်သည့် သံလွင်နှင့် နန်ပန်ဆုံရာနေရာတွင် ရေ၊မြေတိုင်းတာခြင်း၊ နေရာတိုင်းတာခြင်းများ ပြုလုပ်ပြီး သံပစ္စည်းများကို ၂လ ၀န်းကျင်ခန့်လာရောက်ချထားခြင်းဖြစ်သည်။
“သူတို့ ဒီဟာကို တိတ်တဆိတ်နဲ့ ပြင်ဆင်ထားတာမျိုး ပုံစံနဲ့ သူတို့လုပ်နေတယ်လေ” ဟု ကရင်နီ သတင်းအချက်အလက်များ စုဆောင်းသုတေတနပြုရေးအဖွဲ့ KDRG မှ ပြောရေးဆိုခွင့်ရှိသူ ဆရာ တော်ရယ်ပိုးက ပြောသည်။
ထိုရေကာတာတည်ဆောက်ရန် နေရာ အနီးတဝိုက်တွင် ၉၆ ခုနှစ်ကတည်းက နေအိမ်မှာ အကုန်ရွှေ့ပြောင်းထားပြီးသားဖြစ်သည့်အတွက် ရေကာတာ တည်ဆောက်ရန် ပြင်ဆင်မှု တဝက်ကျော်ကျော် လုပ်ထားပြီးသားသကဲ့သို့ ဖြစ်နေပြီး အကယ်၍ ထိုနေရာတွင် တည်ဆောက်ပါက ရေကာတာ လုံခြံုရေးအရ စစ်တပ်များချထားပြီး နယ်မြေ စိုးမိုးရေး အနေအထားသို့ ရောက်သွားနိုင်ဟုဆိုသည်။
“ဗမာ အင်ဂျင်နီယာ နှစ်ယောက်ပါတယ် အဲလိုကြားရတယ် တရုတ် အင်ဂျင်နီယာ ၄ ယောက်ပါတယ် အဲလိုကြားရတယ် အဖွဲ့့လိုက်တာပေ့ါ အဖွဲ့က ၃၀ ပတ်ဝန်းကျင် လာတယ် ထင်တယ် သူတို့ တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်တွေနဲ့ လာတယ် တောင်ကြီးက ယတက ဆိုလား အဲဒီမှာ ဒုတိုင်းမှူး ပါလာတယ် နေပြည်တော်က ပါလာတဲ့ အရာရှိလည်းပါလာတယ်” ဟု ဆရာ တော်ရယ်ပိုးက ပြောပါသည်။
အဆိုပါရေကာတာတည်ဆောက်ရန် စစ်အစိုးရနှင့် တရုတ် ကုမ္ပဏီတို့သည် ပြီးခဲ့သည့် ဇန်နဝါရီလ ရ ရက်နေ့တွင် သဘောတူ စာချုပ် ချုပ်ထားပြီးသား ဖြစ်သည်။