ဆွစ်-အမေရိကန် ဖက်စပ်ကုမ္ပဏီ Transocean သည် တရုတ်အစိုးရပိုင် စွမ်းအင်ကုမ္ပဏီနှင့် စစ်အစိုးရ၏ လူရင်းလူယုံဖြစ်ပြီး အမေရိကန် အစိုးရက ငွေကြေး ခဝါချသူအဖြစ် စွပ်စွဲနေသော စတီဖင်လောနှင့် အစုစပ်ကာ မြန်မာ့ရေပြင် ရေနံလုပ်ကွက် တနေရာတွင် အစမ်းတွင်း တူးဖော်နေသည်။
ပြီးခဲ့သော ဆောင်းဦးပေါက်က တူးဖော်ခဲ့သည်ဟု အမေရိကန် စတော့စျေးကွက် ကြီးကြပ်ကွပ်ကဲရေး အဖွဲ့သို့ တင်သွင်းသော ကော်ပိုရေးရှင်း စာရွက်စာတမ်းများတွင် ဖော်ပြထားခြင်း ဖြစ်သည်။
စတီဖင်လော ခေါ် ထွန်းမြင့်နိုင်၊ သူ့ဇနီးစင်္ကာပူနိုင်ငံသူ၊ သူ့ဖခင်ဘိန်းဘုရင်တို့မှာ အမေရိကန် နိုင်ငံ ဘဏ္ဍာရေးဌာန နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး (OFAC) က နာမည်ပျက်စာရင်း အသွင်းထားခံရသည်။ အဆိုပါ နာမည်ပျက်စာရင်းကို တရားဝင်အားဖြင့် အထူးသတ်မှတ် ထားသော နိုင်ငံသားများ (Specially Designated Nationals – SDN) ဟု ခေါ်သည်။ သူတို့ ၃ ဦးမှာ ဥရောပသမဂ္ဂက ခရီးသွားလာခွင့် ပိတ်ပင် ခြင်းနှင့် စီးပွားရေးပိတ်ဆို့ အရေးယူခြင်းကိုလည်း ခံထားရသူများ ဖြစ်သည်။
နာမည်ပျက်စာရင်းမှာ မြန်မာစစ်အစိုးရ၏ ထိပ်တန်းခေါင်းဆောင်များ၊ ယင်းတို့၏ လူရင်းလူယုံများနှင့် စစ်အာဏာရှင်များကို အထောက်အပံ့ ပြုနေသည့် ဘဏ္ဍာရေးကွန်ရက်များကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူထားခြင်း ဖြစ်သည်။ ပုဂ္ဂိုလ်တဦး၊ စီးပွားရေးလုပ်ငန်းတခု၊ စီးပွားရေး အဖွဲ့အစည်း တရပ်ရပ်တို့ကို ပိတ်ဆို့မှုခံရသော စာရင်းတွင် ထည့်သွင်းခြင်းခံရလျှင် `အဆိုပါ သတ်မှတ်ခံရသူ သို့မဟုတ် အဖွဲ့အစည်း၏ အမေရိကန် ပြည်ထောင်စု၏ စီရင်ပိုင်ခွင့် အောက်တွင်ရှိသည့် မည်သည့် ရပိုင်ခွင့်ကိုမဆို ထုတ်ယူမရအောင် ပိတ်ဆို့ထားရမည်။
ထို့ပြင် အဆိုပါ သတ်မှတ်ခံရသော ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များတို့နှင့် မည်သည့် အမေရိကန်နိုင်ငံသားမျှ ဘဏ္ဍာရေးနှင့် စီးပွားရေး ဆောင်ရွက် ခြင်းများ မပြုလုပ်ရန် တားမြစ်သည်´ ဟု အမေရိကန် ဘဏ္ဍာရေးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အမေရိကန် စတော့အိပ်ချိန်း ကော်မရှင်သို့ Transocean International ကုမ္ပဏီက တင်သွင်းသည့် Corporate 8-K စာရွက်စာတမ်းတွင် ဖော်ပြ ထားချက်အရ တရုတ်အစိုးရပိုင် စွမ်းအင်ကုမ္ပဏီတခုဖြစ်သော CNOCC က ကုမ္ပဏီပိုင် ပနားမားမှတ်ပုံတင်ရေတွင် တဝက်တပျက် နစ်မြုပ် နေသော ရေနံတွင်းတူးစင် Actinia ကို ငှားရမ်းခဲ့ကြောင်းနှင့် မြန်မာနိုင်ငံတွင် လွန်ခဲ့သော အောက်တိုဘာလမှ ဒီဇင်ဘာလအထိ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
ပုံစံ 8-K စာရွက်စာတမ်းဆိုသည်မှာ ကုမ္ပဏီများ၏ `လတ်တလော အစီရင်ခံစာ´ ဖြစ်ပြီး အစုရှယ်ယာပိုင်ရှင်များ သိရှိရန် လိုအပ်သည့် အဓိက အဖြစ်အပျက် ဆောင်ရွက်မှုများကို အမေရိကန် စတော့စျေးကွက် ကွပ်ကဲမှုဌာနသို့ တင်သွင်းရသည့် စာရွက်စာတမ်းတခု ဖြစ်သည်။ အရှည် ၈၂ မီတာ၊ အကျယ် ရ၈ မီတာရှိသည့် အဆိုပါ ရေနံတွင်းတူးစင်ကို တရက်လျှင် အမေရိကန်ဒေါ်လာ ၂ဝ၆ဝဝဝ ဖြင့် ငှားရမ်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ မေးမြန်းရန် Transocean ကို ဆက်သွယ်ရာ ဆက်သွယ်၍မရပါ။
CNOC ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ ကုမ္ပဏီပိုင် မြန်မာ့သဘာဝဓာတ်ငွေ့လုပ်ငန်း ပိုင်ဆိုင်မှုနှင့် အစုရှယ်ယာများကို ယခင် Golden Aaron ဟု သိကြသော China Focus Development နှင့် China Global Construction တို့နှင့်အတူ ပူးတွဲပိုင်ဆိုင်ခြင်းဖြစ်ပြီး CNOC က လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်သူအဖြစ်သာ လုပ်ကိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။ China Focus Development မှာ စင်္ကာပူတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီတခုဖြစ်ပြီး တဦးတည်းသော အစုရှယ်ယာပိုင်ရှင်များမှာ စတီဖင်လောနှင့် သူ့ဇနီးသည် Ng Sor Hong ခေါ် Cynthia Ng တို့ ဖြစ်ကြသည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ပိတ်ဆို့အရေးယူမှုစာရင်းတွင် Ng Sor Hong ကို ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ်အဖြစ် ဖော်ပြထားပြီး အမေရိကန်ဘဏ္ဍာရေးဌာန လက်အောက်ခံ (OFAC) ရုံးက ပိတ်ဆို့အရေးယူထားသော မြန်မာနိုင်ငံနှင့် ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းများ နာမည်ပျက်စာရင်းတွင် ထည့်သွင်းဖော်ပြထားခြင်း ခံရသည့် စတီဖင်လော ထိန်းချုပ်ထားသည့် အခြားကုမ္ပဏီ တဒါဇင်တွင် ပါဝင်နေသော စီးပွားရေးလုပ်ငန်းတခုလည်း ဖြစ်သည်။
စက်မှုလုပ်ငန်းဆိုင်ရာ ဂျာနယ်တစောင်ဖြစ်သော International Oil Daily က လွန်ခဲ့သော ဖေဖော်ဝါရီလက သတင်းရေးသားဖော်ပြရာတွင် CNOCC နှင့် China Focus Development တို့သည် မြန်မာနိုင်ငံ ကုန်းတွင်းရေနံနှင့် ဓာတ်ငွေ့လုပ်ကွက်များဖြစ်သော C-1, C-2 M တို့နှင့် ကမ်းလွန် ရေနံလုပ်ကွက်များဖြစ်သော A-4, M-2, M-10 တို့ကို အတူပူးတွဲ ပိုင်ဆိုင်ထားကြသည်ဟု ဆိုသည်။ သူတို့ပိုင်ဆိုင်သော လုပ်ကွက် ၂ ခုကို CNOCC က ထိုင်းအစိုးရပိုင် PTEEP သို့ ရောင်းချရန် ၂ဝဝ၈ ခုနှစ်အတွင်းက ကြိုးပမ်းခဲ့ရာ မြန်မာစစ်အစိုးရက ဗီိတိုအာဏာသုံးပယ်ချခဲ့သည်ဟုလည်း အဆိုပါသတင်းတွင် ဆက်လက်ရေးသားဖော်ပြထားသည်။
စတီဖင်လော၏ဖခင် လော်ဆစ်ဟန် ခေါ် လော်ရှင်းဟန်မှာ ၁၉၇ဝ စုနှစ်များအတွင်း အရှေ့တောင်အာရှတွင် အကောင်းဆုံး လက်နက်များ တပ်ဆင်ထားသည့် ဘိန်းတပ်ကို ထိန်းချုပ်ကိုင်တွယ်ခဲ့သည်ဖြစ်သည်ဟု အမေရိကန် မူးယစ်ဆေးဝါးအရာရှိများက ယုံကြည်ထားကြသည်။
အမေရိကန်ဘဏ္ဍာရေးဌာန၏ ၂ဝဝ၈ ခုနှစ် ဖေဖော်ဝါရီလ ဖော်ပြရေးသားချက်အရ `စတီဖင်လောနှင့် လော်ရှင်းဟန်တို့သည် စစ်အစိုးရကို ထောက်ခံပံ့ပိုးနေသည်သာမက တရားမဝင် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည့် ရာဇဝင်ရှိသူများလည်း ဖြစ်သည်´ ဟု ဆိုသည်။
`ဟီးရိုးအင်းခေါင်းကိုင်ဖခင်ကြီး´ ဟု သိရှိကြသော လော်ရှင်းဟန်သည် ၁၉၇ဝ စုနှစ်အစောပိုင်း နှစ်ကာလများက ကမ္ဘာ့အဓိက ဟီးရိုးအင်း ရောင်းဝယ်ဖောက်ကားသူများတွင် တဦးအပါအဝင် ဖြစ်သည်။ စတီဖင်သည် သူ့ဖခင်၏ မူးယစ်ဆေးဝါးအင်ပါယာကို ၁၉၉ဝ စုနှစ်များအတွင်း ဝင်ရောက်ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး ထိုအချိန်ကတည်းကစ၍ မြန်မာနိုင်ငံ၏ အချမ်းသာဆုံးစာရင်းဝင် တဦးဖြစ်လာခဲ့သည်ဟု ဘဏ္ဍာရေးဌာန ကြေညာချက်တွင် ရေးသားထားသည်။
အမေရိကန်အစိုးရက စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခြင်း
ရွှေသဘာဝဓာတ်ငွေ့လှုပ်ရှားမှုမှ ကိုဝင်းအောင်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ Transocean နှင့် စတီဖင်လောတို့အကြား အဆက်အဆံများကို ချက်ချင်း စုံစမ်းစစ်ဆေးပေးပါရန် အမေရိကန်အစိုးရကို သူတောင်းဆိုကြောင်း ပြောကြားခဲ့သည်။
`စတီဖင်လောပိုင် ကုမ္ပဏီလုပ်ငန်းစုကြီးအတွက် Transocean က ရေနံတွင်းတူးပေးနေခြင်းသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုကို အကြီးအကျယ် ချိုးဖောက်ခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသော Transocean ၏ လုပ်ငန်းများအားလုံးကို အမေရိကန်အစိုးရက အမြန်ဆုံး စုံစမ်းစစ်ဆေးရမည်ဖြစ်ကြောင်းနှင့် Transocean ကဲ့သို့ နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးတခုအနေဖြင့် မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးရာဇာကြီးနှင့် စီးပွားရေးလုပ်ငန်းများ ဆက်သွယ်ဆောင်ရွက်ခြင်းကို လက်မခံနိုင်ကြောင်း ပြတ်သားစွာ သတင်းစကားပါးရမည်´ ဟု သူက ပြောသည်။
ပြီးခဲ့သောလက Transocean သည် အမေရိကန်သမိုင်းတွင် အဆိုးရွားဆုံး ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပေါ်စေခဲ့သည့် ဖြစ်ရပ်တခုတွင် ပါဝင်နေခဲ့သည်။ ရေနံကုမ္ပဏီကြီးဖြစ်သော ဘီပီအတွက် ရေနံတွင်းတူးပေးနေသည့် Transocean ပိုင် ပင်လယ်ရေနက် ရေနံတွင်းတူးစင်သည် ၂ဝ၁ဝ ခုနှစ် ဧပြီလ ၂ဝ ရက်နေ့က မက္ကဆီကို ပင်လယ်ကွေ့တွင် ပေါက်ကွဲမီးလောင်သွားခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုတွင် လုပ်သား ၁၁ ဦး သေဆုံးသွားခဲ့သည်။
stevenlaw
အဆိုပါ ကပ်ဘေးဒုက္ခကြီးနှင့်ပတ်သက်၍ အမေရိကန်ကွန်ဂရက်လွှတ်တော်က ယခုလဆန်းပိုင်းတွင် အထူးကြားနာပွဲတရပ် ပြုလုပ်ခဲ့ရာ ဘီပီ၊ Transocean နှင့် ဟာလီဘာတန် (Halliburton) ကုမ္ပဏီတို့က ပေါက်ကွဲမှုနှင့် နောက်ဆက်တွဲ ပေါ်ထွက်လာသော တခါမျှမကြံုဖူးအောင် ဆိုးရွား လှသည့် ရေနံယိုစိမ့်မှုကြီးအတွက် သူတို့တွင် တာဝန်မရှိဘဲ အခြားကုမ္ပဏီများတွင်သာ တာဝန်ရှိကြောင်း ထွက်ဆိုခဲ့ကြသည်။
အဆိုပါ ကြားနာပွဲပြီးနောက် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက သူတို့တွင် တာဝန်ရှိမှုကို လက်မခံဘဲ ငြင်းဆန်ခဲ့သည့်အတွက် ကုမ္ပဏီ အမှုဆောင်အရာရှိများကို ဒေါသတကြီး ဝေဖန်ပြစ်တင်ပြောဆိုခဲ့သည်။ `သြချစရာကောင်းလောက်အောင် ဟာသမြောက်တဲ့ ပြောဆိုမှုတွေကို ကျနော်အထင်မကြီးဘူး´ ဟု သူက ပြောခဲ့သည်။
ထို့ပြင် အဆိုပါ သန်းကြွယ်သူဋ္ဌေး အမှုဆောင် အရာရှိများသည် `တဦးကိုတဦး လက်ညှိးထိုး အပြစ်တင်နေကြသည်။ အမေရိကန်ပြည်သူများက ဤလုပ်ရပ်အပေါ် အထင်တကြီးရှိပြီး ယုံကြည်လက်ခံမည် မဟုတ်သကဲ့သို့ ကျွနု်ပ်ကလည်း လက်မခံပါ´ လည်း ဆက်လက်ပြောဆိုခဲ့သည်။