ကျနော်ဟာ ကရင်နီပြည်ကနေ ပေါက်ဖွားလာတဲ့ အမျိုးသား လူငယ်တယောက် ဖြစ်နေပေမဲ့ ကရင်နီနှစ်ကူးဟာ ဘယ်နေ့လဲလို့မေးရင် ဖြေနိုင်မှာ မဟုတ်ပါဘူး။ကရင်နီနှစ်သစ်ကူးဟာ ယခုလို ပူပြင်းလှတဲ့ နွေရာသီအချိန်ကာလမျိုးမှာ ရိုးယာထုံးတမ်းအစဉ်အလာဖြစ်တဲ့ ကေးထျိုးဘိုး ပွဲတော် ကျင်းပ ပြုလုပ်တဲ့ အချိန်မှာ ကျရောက်တယ်လို့သာ သိရပါတယ်။ ဒါပေမဲ့ ဧပြီလထဲမှာ ကေးထျိုးဘိုးပွဲတော်ကို သူ့ရွာနှင့်သူ၊ သူ့ဒေသနဲ့သူ တောက်လျှောက် ကျင်းပနေကြတဲ့အတွက် အမှန်တကယ် ကရင်နီနှစ်သစ်ကူးက ဘယ်ရက်ကို အတိအကျ သတ်မှတ်ကြသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာ ပါတယ်။
ကရင်နီမိရိုးဖလာ ထုံးတမ်းအစဉ်အလာကို အမြဲတမ်းစောင့်ထိန်းလာတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကရင်နီသမိုင်းနဲ့ ၀ါရင့်နိုင်ငံရေးသမားတို့ဆီက မေးမြန်းလေ့လာချက်အရ ကရင်နီနှစ်သစ်ကူးဟာ နေ့ရက်အတိအကျမရှိဘဲ ကေးထျိုးဘိုးပွဲတော်ကို ဧပြီလလိုအချိန်ခါမျိုးမှာ ဘယ်နေ့ဘယ်ရက်ကျင်းပမည့် နေ့ရက် နေ့ကောင်းတွေကို ရွေးချယ်ရန် ကြက်ရိုးထိုးပြီး မေးမြန်းရတဲ့ အစဉ်အလာကို ကျင့်သုံးကြရလို့ ဆိုပါတယ်။
တရွာနဲ့တရွာ မိတ်ဆွေသူငယ်ချင်းများ ဖွဲ့ခြင်းနဲ့ တဦးနဲ့တဦး ကုသိုလ်ပြုခြင်းတို့ ကရင်နီနှစ်သစ်ရဲ့ အဓိကအနှစ်သာရ ဖြစ်တဲ့အတွက် ပွဲတော်ကျင်းပပြီး တရွာနဲ့တရွာ ဖိတ်ခေါ်ဧည့်ခံကြရသောကြောင့် မိမိတို့ရွာအလိုက် ပွဲကျင်းပတဲ့နေ့ရက်ကို သတ်မှတ်ဖို့ ကြက်ရိုးထိုးသတ်မှတ်ရတယ်လို့ မိရိုဖလားကို အမြဲတမ်းစောင့်ထိန်းလာတဲ့ ဦးဘိုးရယ်က ရှင်းပြပါတယ်။
“နယ်လည့်တောလှည့်ပြီး “ကေ”(ကေးထျိုးဘိုး) ကို ပြုလုပ်ပြီးပြီဆိုရင် နှစ်သစ်ဝင်ပြီလို့ဘဲ သတ်မှတ်တယ်။ ဒီနေ့ဒီရက်မှာ နှစ်သစ်နေ့ ဆိုသည့် သတ်မှတ်ချက်မျိုး မရှိဘူး။ ဖိုးဘွားခေတ်ကတည်းက ဒီလိုဘဲဲ ပြုလုပ်လာခဲ့တယ်။”
ကရင်နီနှစ်သစ်ကူးမှာ ဖြေးပရိုလုမို့ ခေါ် ကမ္ဘာကိုဖန်ဆင်းသော ဘုရားမ၊ စကြာင်္ဝဋ္ဌာနဲ့ ဤကမ္ဘာကြီးကို စိုးမိုးအုပ်ချူပ်တော်မူသော ဘုရားသခင် တို့ရဲ့ ကျေးဇူးတရားကို သတိရအောက်မေ့ရန်အတွက် ဧပြီလအတွင်းမှာ တျာအီလူး(ကျေးထျိုးဘိုး)ခေါ် တံခွန်တိုင်းပွဲတော်ကို ကျင်းပပြုလုပ် ကြရပါတယ်။ တံခွန်တိုင်ပွဲတော်ဟာ ရှေ့ပဝေသဏီမှ စ၍ ယနေ့အထိ ကရင်နီ လူမျိူးတို့ရဲ့ ရိုးရာနှစ်သစ်ကူး အထိမ်းအမှတ်ကို ဖော်ညွန်း ပေးလျှှက် ရှိတယ်လို့လည်း ကရင်နီသမိုင်းနဲ့ နိုင်ငံရေးဝါရင့် ဆရာကြီး ခူထဲဘူးဖဲက ပြောပါတယ်။
ကရင်နီလူမျိူးတို့ဟာ မိမိတို့ရဲ့ နှစ်သစ်ကူးနေ့ရက် သတ်မှတ်ရာမှာ သဘာဝအလိုက် ဖြစ်ပေါ်တိုးတက်မှုကိုလည်း အဓိက အခြေခံလျှက်ရှိတယ်လို့လဲ ဆိုပါတယ်။ ရွက်ဟောင်းတွေကြွေပြီး၊ ရွက်သစ်များ စတင်ထွက်ပေါ်လာတဲ့လ၊ သစ်ပင်များ စတင်သီးပွင့်တဲ့လဖြစ်တဲ့ ဧပြီလကို “လဲဟျာဒူး”လို့ ရှေ့လူကြီးတို့ကဆိုပါတယ်။ လဲဟျာဒူးကို “နာထေလဲသဲဟော့၊ နာဘယ်လဲလီးဟော့”(နှစ်သစ်ရောက်ပြီ)လို့ အဓိပ္ပါယ်ရပါတယ်။
“ဧပြီလမှာဆိုရင် သစ်ရွက်တွေကြွေတယ်။ ပြီးတော့အရွက်သစ်တွေ ပြန်ထွက်လာတယ် မဟုတ်လား။ အများအားဖြင့် သစ်ပင်ဝါးပင်တွေရဲ့ သီးပွင့်မှုကို သိပြီး နှစ်သစ်ပြန်ရောက်လာပြီလို့ဘဲ သတ်မှတ်ကြတယ်။”လို့ ဆရာကြီးထဲဘူးဖဲက ပြောပါတယ်။
ကရင်နီအမျိူးသား ပြက္ခဒိန်မှာလည်း ကရင်နီနှစ်သစ်ကူး နေ့ရက်အတိအကျ သတ်မှတ်မှုကို မဖေါ်ပြထားကြပါဘူး။ ဧပြီလထဲမှာဘဲ ရွက်ဟောင် ကြွေပြီး ရွက်နုတွေထွက်လာတဲ့ အချိန်မျိုးမှာ တရွာနဲ့တရွာ သူ့ရွာနဲ့သူ ကြက်ရိုးတွေထိုးပြီး ကေးထျိုးဘိုးပွဲတော်ကို ကျင်းပဖို့ ရက်သတ်မှတ်မှုတွေ ပြုလုပ်ကြပါတယ်။ အဓိပ္ပါယ်ကတော့ မြို့ခြား၊ဒေသခြားနဲ့ နိုင်ငံရပ်ခြားတို့မှာ ဘဝထူထောင်နေကြတဲ့ ကရင်နီအမျိုးသားတို့လဲ ကိုယ့်နှစ်သစ်ကူးကို ကျင်းပချင်တယ် ဧပြီလအတွင်းမှာ ကြက်ရိုးထိုးပြီး နေ့ကောင်းရက်ကောင်းတွေကို ရွေးချယ်သတ်မှတ်ပြီး ကျေးထျိုးဘိုးပွဲတော်ခေါ် နှစ်သစ်ကူး ပွဲတော်ကို ကျင်းပနိုင်ကြောင်းဘဲဖြစ်ပါတယ်။
လေ့လာရသလောက် အကျဉ်းချုပ်ပြောရရင် မတ်လ ၁၅ ရက်ကနေစပြီး ဧပြီလ ၁၅ ရက်နေ့အထိဟာ ကရင်နီနှစ်သစ်ကူးလို့ ဆိုနိုင်ပါတယ်။ မတ်လ ၁၅ ရက်ကနေ ဧပြီလ ၁၅ ရက်အတွင်း ရွက်ဟောင်းကြွေချိန်၊ ရွက်နုထွက်ချိန်မှာ ကေးထျိုးဘိုးကို ကျင်းပပြုလုပ်ကြပြီး နှစ်သစ်ကို ကြိုဆိုကြပါတယ်။
ကရင်နီပြည်မှာ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာဖြစ်တဲ့ ကေးထျိုးဘိုးကို ယုံကြည်ကိုးကွယ်သူများရှိသလို ခရစ်ယာန်ဘာသာနဲ့ ဗုဓ္ဒဘာသာကို ကိုးကွယ်ယုံကြည်ကြသူတွေလဲ ရှိပါတယ်။ ဒါ့အပြင် ကရင်နီပြည်မှာ တခြားတိုင်းရင်းသား ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ မွန်၊ ရှမ်းစတဲ့ပြည်နယ်တွေနဲ့ စာရင် တိုင်းရင်းသားမျိုးနွယ်စုခွဲများ အတော်များများရှိနေတာကိုကလည်း ကရင်နီနှစ်သစ်ကူးကို နားလည်သိရှိနိုင်ဖို့ နှောက်နှေးမှုများ ရှိနေတယ် လို့လဲ ယူဆမိပါတယ်။ ဘာကြောင့်လဲဆိုတော့ လူမျိုးစုခွဲတွေမှာလဲ သူ့ယုံကြည်မှုနဲ့သူ သူ့ထုံးတမ်းအစဉ်အလာနဲ့သူ ရှိကြပြီး ကေးထျိုးဘိုး ကျင်းပ မှုကို ကယားနဲ့ကယန်းလူမျိုးများသာ ကျင်းပနေတာကို တွေ့ရပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် ကရင်နီနှစ်သစ်ကူးဟာ ရက်သတ်မှတ်မှု အတိအကျမရှိတဲ့အတွက် ကရင်နီနစ်သစ်ကူး မရှိနိုင်ဘူး၊ မဖြစ်နိုင်ဘူးလို့ ဘယ်သူမှ ယူဆသတ်မှတ်လို့ မရပါဘူး။ ရက်သတ်မှတ်မှုတွေ မရှိပေမဲ့ သဘာဝတရားနဲ့ မိရိုးဖလာ ထုံးတမ်းအစဉ်အလာတို့ကို အခြေခံပြီး ယခုလို ဧပြီလ တိုင်းလိုလိုမှာ ကျရောက်တဲ့ ကရင်နီနှစ်သစ်ကူးနေ့မြတ်ကို ကရင်နီပြည်ဖွားတိုင်းတို့အနေနဲ့လဲ အောက်မေ့အသိမှတ်ပြုလာကြလိမ့်မယ်လို့ မျှော်လင့်ရင်း…