ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယှဉ်ပြိုင်မဲ အရွေးခံသော ”ပြည်သူ့ရွေးကောက်ပွဲ” ကို ရွှေ့ပြောင်းအလုပ်သမားများက မဲဆောက်မြို့တွင် မဲပေးကြပြီး စစ်အစိုးရက ကျင်းပမည့် ရွေးကောက်ပွဲကို ရှုတ်ချလိုက်ကြသည်။
ရွှေ့ပြောင်းအလုပ်သမား ၂ဝဝ ကျော်က ထိုင်း-မြန်မာနယ်စပ်မြို့လေးတွင် ကြာသပတေးနေ့က ပြုလုပ်သော မဲရွေးပွဲတွင် နအဖ စစ်ခေါင်းဆောင် နှင့် အတိုက်အခံခေါင်းဆောင်တို့ကို ဆန္ဒမဲပြားပေါ်တွင် စိတ်ကြိုက်ရွေးချယ်ကာ မဲထည့်ရခြင်း ဖြစ်သည်။
နောက်ရက်များတွင်လည်း မဲထဲ့ပွဲများ ဆက်လက်ပြုလုပ်မှာဖြစ်ပြီး ရလာဒ် မဲပြားများကို ဇွန်လ ၁၉ ရက်နေ့တွင် ရေတွက်ပြီး အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အတွင်းရေးမှူး ဆူရင်း ပစ်ဆူဝမ် ရုံးသို့ ပေးပို့သွားမှာဖြစ်သည်ဟု ပွဲကျင်းပသူ အတိုက်အခံများစုပေါင်းအဖွဲ့၏ နိုင်ငံခြားရေး တာဝန်ခံ ဦးသွင်လင်းအောင်က ပြောသည်။
နေအိမ်အချုပ်ကျနေသော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်သတ် အနိုင်ရခဲ့သောနေ့ နှစ် ၂ဝ မြောက်အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ကာ ”ပြည်သူ့ရွေးကောက်ပွဲ” ဟု အမည်ပေးထားကြသည်။
ဆန္ဒမဲ ပို့စ်ကဒ်ပြား တဖက်စီတွင် မေ ၂၇ ရက်၊ ၁၉၉ဝ ရွေးကောက်ပွဲ၌ မဲ ၈၂ ရာခိုင်နှုန်း ကျော်ဖြင့် အနိုင်ရခဲ့သည့် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယခုနှစ် ရွေးကောက်ပွဲကို ကျင်းပပေးမည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့၏ ပုံများပါသည်။
အန်အယ်ဒီကို အာဏာလွှဲပေးရန် စစ်အစိုးရက ငြင်းပယ်ခဲ့ပြီး စစ်တပ်၏ ဦးဆောင်မှုကို အာမခံထားသော အခြေခံဥပဒေကိုသာ အတင်းအကြပ် ရေးဆွဲစေခဲ့သည်။ အန်အယ်ဒီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်အပါအဝင် ပင်မအတို်က်အခံများက ပါဝင်ရန် ငြင်းပယ်ခံရသော အခြေခံဥပဒေ ရေးဆွဲမှုသည် ၁၄ နှစ် ကြာမြင့်ခဲ့ပြီး အငြင်းပွားဖွယ်ရာ အတည်ပြုမှုလည်း လိုက်ပါလာသည်။
အဆိုပါ အခြေခံဥပဒေကို အသက်သွင်းမည့် ရွေးကောက်ပွဲကို ယခုနှစ် အောက်တိုဘာလ အစောဆုံးထား၍ ကျင်းပရန် စစ်အစိုးရက စီစဉ်လျှက် ရှိသော်လည်း အန်အယ်ဒီ အပါအဝင် အတိုက်အခံ အင်အားစုကြီးက ပါဝင်ယှဉ်ပြိုင်ခြင်းမပြုရန် ငြင်းဆန်ထားသည်။
ပြည်ပရောက် ဒီမိုကရေစီလိုလားသော အတိုက်အခံ အဖွဲ့အစည်းပေါင်း ၁၅ဝ က စစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲကို တညီတညွတ်ထဲ ဆန့်ကျင် ထားကြသည်။
သို့သော်လည်း အချက် ၃ ချက်ပါ တောင်းဆိုချက်ကို လိုက်လျောလျှင် အနှစ် ၂ဝ ကာလတွင် ပထမဆုံး ပြန်ဖြစ်လာမည့် ရွေးကောက်ပွဲကို အသိအမှတ် ပြုမည်ဟု အတို်က်အခံများက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ တိုင်းရင်းသား လူမျိုးစုများနှင့် ဒီမိုကရေစီရေးလှုပ်ရှားသူများအပေါ် အကြမ်းဖက် တိုက်ခိုက်မှု ရပ်တန့်နှင့် ဒီမိုကရေစီနှင့် တိုင်းရင်းသား အင်အားစုများ ပါဝင်သော တွေ့ဆုံဆွေးနွေးမှုလုပ်ရန် တောင်းဆိုထားသည်။
စစ်အစိုးရ၏ ရွေးကောက်ပွဲမှာ တဖက်သတ် ကျင်းပနေခြင်းဖြစ်ကြောင်း ပြသနိုင်ရန် ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သော မဲဆောက်အပြင် အိန္ဒိယ၊ ဂျပန်နိုင်ငံများအပါအဝ် နိုင်ငံ ၁၅ ခုတွင် အတိုက်အခံများက ”ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု” အဖြစ် တပြိုင်တည်းလိုလိုပြုလုပ်ရန် ကြိုးစားနေကြ သည်။
ယခုလှုပ်ရှားမှုတွင် အဖွဲ့ ၁ဝ ဖွဲ့ပါဝင်ကာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ၊ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်၊ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု၊ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကဲ့သို့သော တပ်ပေါင်းစုများ၊ တိုင်းရင်းသားလူငယ်အဖွဲ့များ၊ လွှတ်တော်အမတ် များနှင့် စင်ပြိုင် ညွှန့်ပေါင်းအစိုးရတို့ ဖြစ်သည်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင်လည်း မြန်မာ ၂ဝဝ ကျော်က မြန်မာစစ်အစိုးရက အတိုက်အခံတို့၏ လိုလားချက်ကို လျစ်လျူရှုကာ ရွေးကောက်ပွဲ ကျင်းပလျှင် ရှုတ်ချရန် အိန္ဒိယနှင့် အာဆီယံ အစိုးရများသို့ တောင်းဆိုလိုက်ကြသည်။
နယူးဒေလီရှိ မြန်မာပြည်သားများက ပေးအပ်သော ”ပြည်သူ့ရွေးကောက်ပွဲ” မဲဆန္ဒများကိုလည်း အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း၏ ရုံုးသို့ ယနေ့ ပေးအပ်လိုက်ကြသည်ဟု ဆန္ဒပြပွဲ ဦးဆောင်သူူ ကိုကင်မ်က ပြောသည်။
“မဲတွေကို တနင်္ဂနွေနေ့ကတည်းက ရပ်ကွက်တွေထဲမှာရှိတဲ့ အိမ်တွေ၊ ဘုရားကျောင်းတွေ ကနေတဆင့် ကောက်တာ” ဟု ကိုကင်မ်က ပြောသည်။
ဂျပန်နိုင်ငံရှိ မြန်မာသံရုံးရှေ့တွင်လည်း လူ ၁ဝဝ ကျော်က ဆန္ဒပြခဲ့ကြပြီး အလားတူ တောင်းဆိုချက်များကို သံရုံးစာတိုက်ပုံးသို့ ထည့်ခဲ့ကြသည်။
ထိုင်ဝမ်၊ ဟောင်ကောင်၊ သြစတြေးလျ၊ ပြင်သစ်၊ ဆွီဒင်၊ အမေရိကန်၊ သီရိလင်္ကာ၊ တောင်အာဖရိက၊ အိုင်ယာလန်၊ ဆွစ်ဇာလန်၊ အီတလီ၊ ကနေဒါနှင့် ဘရာဇီးနိုင်ငံ အသီးသီးတွင် ဆန္ဒပြပွဲများ ပြုလုပ်ရန် စီစဉ်ထားကြသည်။