တရုတ်ဝန်ကြီးချုပ် မြန်မာ့နိုင်ငံရေးကိစ္စ ဇောင်းပေး ပြောကြားဖွယ်ရှိ

တရုတ်ဝန်ကြီးချုပ် မြန်မာ့နိုင်ငံရေးကိစ္စ ဇောင်းပေး ပြောကြားဖွယ်ရှိ
တရုတ်နိုင်ငံဝန်ကြီးချုပ် ၀မ်ကျားပေါင်သည် တောင်ကိုးရီးယား ဂျပန် မွန်ဂိုလီးယား နှင့် မြန်မာ စသည့် နိုင်ငံများသို့ မေ ၂၈ ရက်မှ ဇွန် ၃ ရက်နေ့အထိ ရ ရက်တာ ခရီးလှည့်လည်မည်ဖြစ်ရာ မြန်မာနိုင်ငံသို့ ဇွန် ၂ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ကြောင်း သိရ....

တရုတ်နိုင်ငံဝန်ကြီးချုပ် ၀မ်ကျားပေါင်သည် တောင်ကိုးရီးယား ဂျပန် မွန်ဂိုလီးယား နှင့် မြန်မာ စသည့် နိုင်ငံများသို့ မေ ၂၈ ရက်မှ ဇွန် ၃ ရက်နေ့အထိ ရ ရက်တာ ခရီးလှည့်လည်မည်ဖြစ်ရာ မြန်မာနိုင်ငံသို့ ဇွန် ၂ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံခရီးစဉ်တွင် ၀န်ကြီးချုပ်မစ္စတာဝမ်သည် နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ၀န်ကြီးချုပ် ဦးသိန်းစိန် တို့နှင့် တွေ့ဆုံမည် ဖြစ်သည်။

နအဖအကြီးအကဲများနှင့်တွေ့ဆုံစဉ် မစ္စတာဝမ်အနေဖြင့် ရွေးကောက်ပွဲနှင့် တိုင်းရင်းသားလက်နက်ကိုင်ကိစ္စများကို အဓိကထား ဆွေးနွေးဖွယ် ရှိကြောင်း တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက သျှမ်းသံတော်ဆင့်သို့ သုံးသပ်ပြောကြားသည်။

“အချက် (၃) ချက် အဓိကထားဆွေးနွေးနိုင်တယ်၊ ပထမက ၂၀၁၀ရွေးကောက်ပွဲပြဿနာကို မုချပြောမှာပဲ၊ ကြားရသလောက်ဆိုရင် ရွေးကောက်ပွဲ ကို ဒီထက်သင့်တင့်လျှောက်ပတ်တဲ့ အနေအထားမျိုးကို တရုတ်ဘက်က လိုလားတယ် ဒါမှ လည်း သူတို့ဘက်ကထောက်ခံလို့ရမယ်ပေါ့ဗျာ၊ အခု NLD  မပါတဲ့အတွက် နအဖရဲ့ရွေးကောက်ပွဲကို တရုတ်က ထောက် ခံဖို့ခက် တယ်” ဟု သူက ဆိုသည်။

တရုတ်နယ်စပ်ဒေသများရှိ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး အာခံနေသည့် တိုင်းရင်းသား လက်နက်ကိုင်များ အရေးသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့် တိုက်ရိုက်ဆက်နွယ် နေသောကြောင့် ဆွေးနွေးမည့်အထဲတွင် အဆိုပါကိစ္စလည်းပါ၀င် ဖွယ်ရှိသည်ဟု သူကဆက်ပြောသည်။

“နယ်စပ်ပြဿနာနဲ့ပတ်သက်လို့ အေးအေးဆေးဆေးဖြေရှင်းဖို့ပေါ့၊ အရင်တုန်းကလည်းပြောခဲ့တယ် အခုလည်း ထပ်ပြောနိုင်တယ်။ ကျနော် တစ်ဦးတည်း အမြင်ပြောရရင် တရုတ်ပြည်ကတော့ တိုက်တာခိုက်တာကို မလိုလားဘူးထင်တယ်၊ တရုတ်ရဲ့ မြန်မာပြည်အပေါ်ထားတဲ့ ပေါ်လစီက နှစ်မျိုးလို့ထင်တယ်”

တရုတ်နိုင်ငံဝန်ကြီးချုပ် ၀မ်ကျားပေါင်

“သူ့ရဲ့ အကျိုးစီးပွားရှိနေတော့ ပြည်တွင်း ပြဿနာတွေအပေါ်မှာ နအဖနဲ့သိပ်အတိုက်အခံမလုပ်ဘူး၊ နအဖ ဘက်က ရပ်တည်တာပေါ့၊ နယ်စပ် ကတော့ သူနဲ့တိုက်ရိုက်ပတ်သက်တော့ ဒါကိုမုချ သူဖြေရှင်းရမှာပဲ၊ တတိယအနေနဲ့တော့ စီးပွား ရေးကိစ္စတွေ ဂက်စ်နဲ့ ရေနံပိုက်လိုင်း ကိစ္စတွေ ဆွေးနွေးနိုင်တယ်” ဟု သူက ဆိုသည်။

အာရှနှင့်ပစိဖိတ်ဒေသရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကဒ်ကင်းဘဲလ် (Mr. Kurt Campbell) ၏ မေ ၉ ရက် မြန်မာပြည် ခရီးစဉ်အပြီး တရုတ်ခေါင်းဆောင်များထံ မြန်မာ့နိုင်ငံရေးကိစ္စ သွားရောက်ဆွေးနွေးခဲ့ သေးသည်။

တရုတ်ဝန်ကြီးချုပ်သည် ဘရူနိုင်း မြန်မာ အင်ဒိုနီးရှား နိုင်ငံများသို့ ဧပြီလကုန်ပိုင်းက အလည်အပတ်သွားရန် စီစဉ်ထား သော်လည်း ဧပြီလ ၁၄ ရက်နေ့၌ တရုတ်နိုင်ငံအတွင်း ငလျှင်လှုတ်ခတ်ခဲ့သဖြင့်  ခရီးစဉ်ဖျက်သိမ်းခဲ့ရသည်။

၁၉၉၄ နှင့် ၂၀၀၁ တွင် တရုတ်ဝန်ကြီးချုပ်လီပင်းနှင့် သမ္မတကျန်ဇီမင်းတို့ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့အပြီး တတိယအကြိမ် တရုတ် ထိပ်တန်းခေါင်းဆောင်တစ်ဦး မြန်မာနိုင်ငံသို့ သွားခြင်းဖြစ်သည်။

Most read this week