သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ တစ်ဘက်ကမ်းရှိ တရုတ်နယ်စပ်မြို့များတွင် ဗုဒ္ဓဘာသာသံဃာ အတုဟုယူဆရသူ မြန်မာဘုန်ကြီးအချို့ကို ယခုရက်ပိုင်း အတွေ့များလာကြောင်း တရုတ်နယ်စပ်နေ မြန်မာများထံမှ တဆင့်သိရသည်။
အဆိုပါ သံဃာအတုများသည် ၀ထ္ထုပစ္စည်းရရှိရန် တရုတ်ဘက်ခြမ်း ရွှေလီ ကျယ်ဂေါင်မြို့များအတွင်း လှည့်လည် အလှူခံ နေပြီး ဗုဒ္ဓဘာသာ ၀ိနည်းများနှင့် မလျော်ညီသည့် ညစာစားခြင်း အရက်သောက်ခြင်း ကဲ့သို့သော အပြုအမူများ ကျူးလွန် ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့် သို့ပြောသည်။
“ထမင်းဆိုင်မှာ ညစာစားတဲ့ ဘုန်းကြီးနှစ်ပါး အမြဲတွေ့ရတယ်၊ အရက်လည်း သောက်တယ် သူတို့ဘေးဝိုင်းမှာ ထိုင်တဲ့ သူတွေက ဘာဘုန်းကြီးတွေ လဲလို့ မေးတော့ ဘုန်းကြီးတစ်ဦးက သူသောက်တဲ့ အရက်ပုလင်းကိုင်ပြီး မေးလာတဲ့စားပွဲ ဆီဝိုင်းကို ခပ်တည်တည်နဲ့သွားထိုင်တယ်” - ဟု ရွှေလီမြို့နေ မြန်မာတစ်ဦးကဆိုသည်။
မူစယ်မြို့ကပ်လျက်ရှိသည့် ကျယ်ဂေါင်မြို့တွင်လည်း ဗုဒ္ဓဘာသာ ၀ိနည်းတော်ချိုးဖေါက်သည့် သံဃာအတုများတွေ့ နေရကြောင်း သိရသည်။
“သံဃာအတုတွေလေ၊ နိုင်ငံ လူမျိုးနဲ့ သာသနာအတွက် မကောင်းဘူးပေါ့၊ ငါးတကောင်နှစ်ကောင်ကြောင့် တလှေ လုံးပုပ်မှာ စိုးရိမ်တယ်ဗျာ။ သူတို့က ညစာစားတယ် ဓါးကိုင်တယ် ဒီကျယ်ဂေါင်မှာ အနည်းဆုံး ၃ ပါးလောက် တွေ့ရတယ်။ ဥပဓိရုပ်တွေက ဘယ်လိုမှ သံဃာပုံမှမပေါက်တာ။ ဓါးကိုင်ထားတော့ လူမိုက်ပုံနဲ့ကွိုင်ပြန်ရှာသေးတယ်” ဟု ကျယ်ဂေါင်ဒေသခံတစ်ဦးကလည်း ပြောသည်။
ယခင်က တရုတ်နယ်စပ်တွင် မူစယ်ဘက်မှလာသည့် မြန်မာသီလရှင်အချို့ကိုသာ မြင်တွေ့ရလေ့ရှိသော်လည်း ယခုအခါ ဘုန်ကြီးအတုများကိုပါ တွေ့လာရခြင်း ဖြစ်သည်။
တရုတ်နယ်စပ်တွင် သံဃာအယောင်ဆောင် ငွေတောင်းသူများပြားလာခြင်းသည် မြန်မာနိုင်ငံအတွင်း စီးပွားရေးကြပ် တည်းလာမှုကြောင့် ဖြစ်ကြောင်း ဒေသခံများက ယူဆကြသည်။