မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည် နယ်စပ်ရှိ မောင်တော-ဘူးသီးတောင် ကားလမ်းမမှာ မိုးကြီး၍ တောင်များပြိုဆင်းပြီး သစ်ပင်များလဲကျကာ ပိတ်ဆို့နေခြင်းကြောင့် ယနေ့ နံနက်ပိုင်းမှ စ၍ ကားများ သွားလာ၍ မရတော့ကြောင်း သတင်းရရှိသည်။
မောင်တောမှ သွားလျှင် ကားလမ်းမရှိ (၆)မိုင် မှတ်တိုင်အနီးတွင် ကုက္ကိုလ်ပင်ကြီးများ လဲကျပိတ်ဆို့နေပြီး၊ တောင်ခေါင်ကြီး အပေါ်တွင် တည်ဆောက်နေသည့် ပတ်လမ်းသစ်မှ မြေများပြိုကျကာ လမ်းပိတ်ဆို့ နေခြင်းကြောင့် ကားအသွားအလာ လုံးဝ လုပ်၍ မရတော့ကြောင်း မောင်တောမှ ကားဒရိုင်ဘာ တစ်ဦးကပြောသည်။
ရခိုင်ပြည်နယ်တွင် မေလ ၁၈ ရက်နေ့က စပြီး မိုးစတင်ရွာသွန်းပြီး ၅ ရက်ခန့် အကြာတွင် တခုတည်းသော နယ်စပ်ကုန်သွယ်ရေးလမ်း ဖြစ်သည့် ဘူးသီးတောင်-မောင်တောလမ်း ပိတ်ဆို့သွားခြင်း ဖြစ်သည်။
“ဟိုဘက် ဒီဘက် လုံးဝ သွားလို့ မရတော့ဘူး။ (၆) မိုင် အနီးမှာ ကုက္ကိုလ်ပင်ကြီးတွေ လဲကျပြီး လမ်းပိတ်နေတယ်။ တောင်ခေါင်းကြီးထဲ မှာလဲ အပေါ်က လုပ်နေတဲ့ ပတ်လမ်းသစ်က မြေတွေ ပြိုကျပြီးတော့ ပိတ်ဆို့နေတယ်။ တောင်ခေါင်းကြီးပတ်ဝန်းကျင်နဲ့ အတွင်းဘက်မှာ ရွှံ့တွေက ဒူးခေါင်းလောက်ထိ ပြည့်တက်နေတော့ ကားမဆိုထားနဲ့ လူတောင် လမ်းလျှောက်သွားလို့ ရနိုင်မှာ မဟုတ်ဘူး” ဟု သူက ဆက်ပြောသည်။
မောင်တောမှ စစ်တွေသွားမည့် ခရီးသည်မ တစ်ဦးကလည်း လမ်းပိတ်ဆို့နေခြင်းကြောင့် သူမ၏ ခရီးစဉ် ပျက်ပြား သွားရပုံကို ယခုကဲ့သို့ ပြောပြသည်။
“ဒီနေ့ စစ်တွေကို သွားမလို့ မနက် အစောကြီးကနေ ဘူးသီးတောင်ကို ကားနဲ့သွားတာ အပင်ကြီးတွေ လဲပြီး လမ်းကို ကန့်လန့်ကန့် ပိတ်နေတော့ သွားလို့မရဘူးလေ။ မောင်တောကိုပဲ ပြန်လာရတယ်လေ” ဟုပြောသည်။
အဆိုပါ လမ်းပိတ်ဆို့နေမှုများကို ရှင်းလင်းရန် အနည်းဆုံး လေးရက်ခန့် ကြာနိုင်ကြောင်းလည်း စုံစမ်းသိရှိရသည်။
မောင်တော-ဘူးသီးတောင် ကားလမ်းမှာ ၁၆ မိုင် ရှည်လျားပြီး၊ ဗြိတိသျှ ကိုလိုနီခေတ်က စစ်ဗျူဟာ အရ တည်ဆောက်ခဲ့သော လမ်းဖြစ်သည်။
အဆိုပါ လမ်းမမှာ အလွန်ဟောင်းနွမ်းနေပြီး ကတ္တရာ အသစ်များ ခင်းပေးပြီး စနစ်တကျ ပြန်လည် ပြုပြင်ပေးခြင်း မရှိသောကြောင့် လွန်ခဲ့သော သုံးနှစ်ခန့်မှ စ၍ မိုးရာသီ ရောက်တိုင်း ရေတိုုက်စား၍ လမ်းပိုင်းခြင်း တံတားပိုင်းခြင်းများနှင့် ကြံုတွေ့ နေကြရကြောင်း ဒေသခံများက ပြောသည်။