ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသအတွင်း နယ်ခြားစောင့်တပ် ဖွဲ့စည်း

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသအတွင်း နယ်ခြားစောင့်တပ် ဖွဲ့စည်း
ရှမ်းပြည်နယ်အရှေ့ပိုင်း မက်မန်းမြို့နယ် အတွင်း ဒေသခံ ပြည်သူ့စစ်အဖွဲ့များကို စုစည်းပြီး  အမှတ် (၁ဝ၁ဝ) နယ်ခြားစောင့်တပ်အဖြစ် ယမန် နေ့က ဖွဲ့စည်း....

ရှမ်းပြည်နယ်အရှေ့ပိုင်း မက်မန်းမြို့နယ် အတွင်း ဒေသခံ ပြည်သူ့စစ်အဖွဲ့များကို စုစည်းပြီး  အမှတ် (၁ဝ၁ဝ) နယ်ခြားစောင့်တပ်အဖြစ် ယမန် နေ့က ဖွဲ့စည်းလိုက်သည်။

ယင်းဒေသသည် မြန်မာစစ်အစိုးရက အတည်ပြုလိုက်သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအရ(ဝ) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဖြစ်လာမည့် ဒေသဖြစ်သည်။

မက်မန်းမြို့နယ်ခွဲအတွင်းရှိ ယခင် သောင်းကျန်းသူဆန့်ကျင်ရေး(သကဆဖ) ကျေးရွာ ပြည်သူ့စစ်များကို စုစည်း ကာ နယ်ခြားစောင့်တပ် ဖွဲ့ခဲ့ခြင်း ဖြစ်ပြီး စစ်ဖက်ရေးရာ လုံခြံုရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်ကိုယ်တိုင် တက် ရောက်ခဲ့သည်။

စစ်အစိုးရ၏ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်၊ မက်မန်း၊ ပန်ဆန်း(ပန်ခမ်း) မြို့နယ် (၆)ခု တို့ကို ခရိုင် နှစ်ခရိုင် ဖွဲ့ပြီး “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ရန် ဖေါ်ပြထားသည်။

တရုတ်ပြည်နယ်စပ်နှင့်လည်းဝေးပြီး ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသဖြစ်လာမည့် ဒေသအတွင်း ယခုလို နယ် ခြားစောင့်တပ် ဖွဲ့စည်းခြင်းသည် တိုင်းရင်းသားများအကြား သွေးကွဲစေရန်ပြုလုပ်ခြင်းဖြစ်သည်ဟု တရုတ်-မြန် မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

“ဝတပ်ဖွဲ့ကို ထိုးနှက်ချက်တခုလည်း ဖြစ်တယ်၊ နောက်ပြီး အဲဒီဒေသမှာ လားဟူရှိတယ်၊ ရှမ်းရှိတယ်၊ ဝရှိတယ်၊ ရွာပေါင်း(၂ဝ)ကျော်လောက် ရှိမယ်နဲ့တူတယ်။ အဲဒီရွာတွေမှာရှိတဲ့ ပြည်သူစစ်တွေနဲ့ နယ် ခြားစောင့်တပ် လုပ်တယ်ဆိုတာက တမင်သက်သက် သွေးခွဲ တာလည်း ဖြစ်တယ်။ ဝတပ်ဖွဲ့ကို နိုင် ရေးအရ ထိုးနှက်တာဖြစ်တယ်။ ”

ကချင်ပြည်နယ်အတွင်းတွင်လည်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့နှင့် ဒေသအတွင်းရှိ ရှမ်းနီများအကြား ပြဿနာ ဖြစ်ပေါ်စေရန် ဆက်သွယ်ရေး၊ စာတိုက်၊ ကြေးနန်းဝန်ကြီး ဦးသိန်းဇော်ကိုယ်တိုင် ရှမ်းနီများကို မြှောက်ပင့် ပြော ဆိုနေမှုများလည်း ရှိသည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။

“တနေရာမှဆိုရင် ဝန်ကြီး သိန်းဇော်က ကေအိုင်အေက ခင်ဗျားတို့ကို သတ်ထားတာများပြီ၊ ခင်များတို့ ချချင်ရင် လင်နက်ပေးမယ်ဆိုပြီး ပြောတယ်လို့ ကြားရတယ်၊ အင်္ဂလိပ်နယ်ချဲ့ လုပ်ခဲ့တဲ့ Devide in rule ကို ကျယ်ကျယ်ပြန်ပြန့်၊ လက်ပေါက်စိတ်စိတ်နဲ့ အမျိုးသား ထုအတွင်း ပြဿနာဖြစ်အောင် ဖန် တီးတာဖြစ်တယ်။”

ယခုဆိုလျင် ရှမ်းပြည်အရှေ့ပိုင်းဒေသအတွင်း ကျေးရွာပြည်သူ့စစ်များကို နယ်ခြားစောင့် တပ်ရင်းအဖြစ် အမှတ်(၁ဝဝ၇) (၁ဝဝ၈) (၁ဝဝ၉)နှင့် (၁ဝ၁ဝ) ဆိုပြီး (၄)ရင်း ဖွဲ့စည်းပြီး ဖြစ်သည်။