ချင်းပြည်နယ်တွင် ဝါရှင်တန်ပင် စိုက်ရန် ကစထမှူးညွှန်ကြား

ချင်းပြည်နယ်တွင် ဝါရှင်တန်ပင် စိုက်ရန် ကစထမှူးညွှန်ကြား
သဘာဝပတ်ဝန်းကျင် စိမ်လမ်းစိုပြေရေး ရည်ရွယ်ချက်ဖြင့် ချင်းပြည်နယ် ၈ မြို့နယ်တွင် ဝါရှင်တန်ပင် ၆၀၀၀ ခန့်စိုက်ပျိုးရန် အမှတ် ၁ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီးသာအေးက ညွှန်ကြားထား၍ စိုက်ပျုုိးနေကြောင်း သိရ....

သဘာဝပတ်ဝန်းကျင် စိမ်လမ်းစိုပြေရေး ရည်ရွယ်ချက်ဖြင့် ချင်းပြည်နယ် ၈ မြို့နယ်တွင် ဝါရှင်တန်ပင် ၆၀၀၀ ခန့်စိုက်ပျိုးရန် အမှတ် ၁ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီးသာအေးက ညွှန်ကြားထား၍ စိုက်ပျုုိးနေကြောင်း သိရသည်။

ချင်းပြည်နယ် စိုက်ပျိုးရေး ထွန်းကားရန်နှင့် သဘာဝ ပတ်ဝန်းကျင် စိမ်းလမ်းစိုပြေရန်ဟူသော စီမံကိန်းဖြင့် ကစထမှူး ၁ ၏ ညွှန်ကြားချက်ကြောင့် ဝါရှင်တန်ပင်များကို စိုက်ပျိုးရန် နိုင်ငံပိုင် မြေလွတ် မြေဧက ၄၅ ခန့်တွင် ရှင်းလင်းမှုများ မေလ ၁ ရက်နေ့က စတင်နေသည်

ကစထမှူးများသည် စစ်တိုင်းမှူးများ၏ အပေါ်တွင်ရှိပြီး စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးများကို ကြီးကြပ်ရသူများဖြစ်ကာ ကစထမှူး ၁ အနေဖြင့် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ကို တာဝန်ယူရသည်။

“ဒီအပင်တွေက ရှားတယ်။ ဒီပင်က ရှောက်ပင်မျိုးနွယ်တွေပါ။ အသီးစားပင်ပါ။  အချိုနဲ့ အချဉ်ဓာတ်ရှိတယ်။ အပင်က ၈ ပေ လောက်ပဲ၊ သိပ်မမြင့်ဘူး။ ထူးခြားတာက ၁၂ ရာသီ အရွက်သိပ်မခြောက်ဘူး။ သဘာဝ ထိန်းသိမ်းတယ်၊ အစိုဓာတ်ဆောင်တယ်။ သက်တမ်းကနှစ် ၃၀ လောက် ရှိနိုင်တယ်။ တောင်ပေါ်ဒေသတွေမှာ ပိုဖြစ်နိုင်တယ်။ အအေးဓာတ် ပိုကြိုက်တယ်။ ချင်းပြည်နယ်မှာ ဖြစ်မယ်” ဟု ချင်းပြည်နယ် စိုက်ပျိုးရေး မန်နေဂျာ ဦးတင်မောင်ဝင်းက မဇ္စျိမကို ပြောသည်။

ဝါရှင်တန်သီးများသည် ဂရိတ်ဖရု (Grapefruit) သီးများနှင့် ခပ်ဆင်ဆင်ရှိသည်ဟုလည်း သူက ပြောသည်။

“စိုက်ပျိုးရေး ထွန်းကားဖို့နဲ့ သဘာဝ ပတ်ဝန်းကျင် စိမ်းလမ်းစိုပြေဖို့အတွက် ချင်းပြည်နယ်မှာ ဝါရှင်တန်ပင် စိုက်ပါလို့ ပြောတယ်” ဟု ဦးတင်မောင်ဝင်းက ဒုဗိုလ်ချုပ်ကြိီးသာအေးကို ကိုးကား၍ပြောသည်။

တောင်ယာစိုက်ပျိုးမှုဖြင့် အဓိက အသက်မွေးဝမ်းကျောင်းသော ချင်းပြည်နယ်တွင် ပထမဆုံးအကြိမ် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးသည့် စီမံကိန်း အတွက်  ဘတ်ဂျတ်ငွေထုတ်ပေးခြင်းမရှိဘဲ ဌာနဆိုင်ရာများအနေဖြင့် ဝန်ထမ်းများကကျခံ၍ စိုက်ပျိုးရမှာဖြစ်သည်။

“အနက် ၁ ပေနဲ့  ၄ ပေပတ်လည် အကျယ်တွင်းတူးရတယ်။ တတွင်းနဲ့ တတွင်း ၁၅ ပေအကွာစီ တူးဖော်ရတယ်။ ဌာနဆိုင်ရာများက စိုက်ခင်းများ အတွက် ကွင်းရှင်းခြင်းနဲ့ မြေတူးဖော်ခြင်းများကို လုပ်နေကြပြီ။ ပျိုးပင်များကိုတော့ နေပြည်တော်က မကြာမီ ချပေးမယ်” ဟု ချင်းပြည်နယ် စိုက်ပျိုးရေး မန်နေဂျာ ဦးမြင့်အောင်က မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့်လ ၃ဝ ရက်နေ့က ချင်းပြည်နယ် မြို့တော်ဟားခါးတွင် အခြေစိုက်သည့် ပြည်နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးရုံး (ပယက) က လက်အောက်ရှိ မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး (မယက) တာဝန်ရှိသူများကို ဖိတ်ခေါ်ကာ မြို့နယ်အသီးသီးရှိ ဌာနဆိုင်ရာများကို ခွဲတမ်းကျ စိုက်စေသည်။

“ဖလမ်းမြို့နယ်အတွက် မြေဧက ၅ ဧကနဲ့ ရ၂၅ ပင် ခွဲတမ်းရတယ်။ မြို့နယ်ပေါင်းစုံကို ခွဲတမ်းများ ချပေးတယ်။ ဖလမ်းမြို့နယ်အတွက် ဖလမ်းမြို့ အနောက်ဘက် ရ မိုင် အကွာရှိတဲ့ အစိုးရပိုင် ကွင်းအမှတ် (၄ က) လုံပီး/လုံရန်း စိုက်ခင်းမှာ စိုက်ပျိုးမယ်။ စိုက်ခင်းကို ကွင်းရှင်းလုပ်နေကြပြီ” ဟု ဖလမ်းမြို့ပေါ်ရှိ ကျမ်းမာရေးဌာနမှ ဝန်ထမ်းတဦးက ပြောသည်။

စိုက်ပျိုးရမည့် မြို့နယ်များမှာ ဟားခါး၊ ဖလမ်း၊ တီးတိန််၊ တွန်းဇံ၊ ထန်တလန်၊ ကန်ပက်လက်၊ မတူပီ်နှင့် မင်းတပ်မြို့နယ်တို့ဖြစ်ပြီး သီးလာလျှင် စိုက်ပျိုးရေးဌာနက ပိုင်ဆိုင်မှာဖြစ်သည်။ စမ်းသပ်စိုက်ပျိုးခြင်းဖြစ်ပြီး အောင်မြင်ဖြစ်ထွန်းလျှင် ပုဂ္ဂလိကသို့စိုက်ရန် တိုက်တွန်းသွားမည့် အလား အလာ ရှိသည်ဟု စိုက်ပျိုးရေးအရာရှိတဦးက ပြောသည်။

သက္ကရာဇ် ၂၀၀၀ က စစ်အစိုးရက ချင်းပြည်နယ်သည် လက်ဖက်ပြည်နယ် ဖြစ်ရမည်ဟူ၍ လက်ဖက်ပင်များကို စစ်အစိုးရက စိုက်ခိုင်းခဲ့ သော်လည်း အထွက်နှုန်းနည်းပါးလွန်းလှကာ မအောင်မြင်ဟု စိုက်ပျိုးသူများက ပြောသည်။