ရွေးကောက်ပွဲ ဥပဒေအရ ကရင်နီနှင့် ကရင်ကြား လူမျိုးရေးပြသာနာ စိုးရိမ်ရဟု KNPP ဖွင့်ဟပြောဆို

ရွေးကောက်ပွဲ ဥပဒေအရ ကရင်နီနှင့် ကရင်ကြား လူမျိုးရေးပြသာနာ စိုးရိမ်ရဟု KNPP ဖွင့်ဟပြောဆို
by -
နှောင်းလှိုင်
ရွေးကောက်ပွဲဥပဒေအရ ကယား(ကရင်နီ) ပြည်နယ်တွင် ကရင်ပြည်သူ့ပါတီမှ မဲဆန္ဒနယ်မြေ ပါ၀င်သည်ဟုဆိုထားသည့်အတွက် လူမျိုးရေးအရ နောက်ဆက်တွဲအခြေအနေများကို စိုးရိမ်ရသည်ဟု KNPP ကထုတ်ဖော်...

ရွေးကောက်ပွဲဥပဒေအရ ကယား(ကရင်နီ) ပြည်နယ်တွင် ကရင်ပြည်သူ့ပါတီမှ မဲဆန္ဒနယ်မြေ ပါ၀င်သည်ဟုဆိုထားသည့်အတွက် လူမျိုးရေးအရ နောက်ဆက်တွဲအခြေအနေများကို စိုးရိမ်ရသည်ဟု KNPP ကထုတ်ဖော် ပြောဆိုသည်။

“ကရင်ပြည်သူပါတီလို့ ကြော်ငြာထားပြီးတော့ ကရင်လူမျိုးတွေ နေထိုင်တဲ့ ဒေသတွေကို အမှီပြုပြီးတော့ မဲဆန္ဒနယ်မြေတွေလည်း ခွဲခြားပြီး သတ်မှတ်ကြေညာထားပြီးတော့ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောတဲ့  အနေအထားပေါ်မှာ ကျနော်တို့ လူမျိုးရေး အရ ဖြစ်ပေါ်လာမဲ့ နောက်ဆက်တွဲ (ပြဿနာ) တွေကို ကျနော်တို့ စိုးရိမ်လို့ပဲ ကျနော်တို့ ခုလို လက်မခံဘူးလို့ ပြောရတာဖြစ်တယ် ”ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီမှ အတွင်းရေးမှူး ၁ ခူဦးရယ်က ပြောပါသည်။

မြန်မာပြည် လွတ်လပ်ရေး မတိုင်ခင်ဖြစ်ခဲ့သည့် ကရင်နီ နိုင်ငံရေး အခြေအနေနှင့် လွတ်လပ်ရေး ရပြီးခါစ နှစ်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည့် ကရင်နီပြည်တွင်းမှ နိုင်ငံရေး အခြေအနေမှာ ကရင်နှင့် မျိုးနွယ်နေသည့်အတွက်ကြောင့် ခါးသီးစွာ ဖြတ်သန်းခဲ့ရသည့်အခြေအနေများရှိခဲ့ဖူးဟုဆိုသည်။ နောက်ပိုင်းတွင်လည်း ကြီးကြီးငယ်ငယ် မထင်မရှားသည့်ပြသာနာများ ရှိနေမြဲ ဖြစ်သည်။ ထို့ကြောင့် ကရင်နီပြည်နယ်မှ ကယားပြည်နယ်ဟု နာမည်ပြောင်းရသည့် အခြေနေသို့ ရောက်ခဲ့ရသည်။

ရွေးကောက်ပွဲတွင် မှတ်ပုံတင်ထားသည့် ကရင်ပြည်သူ့ပါတီသည် စစ်အစိုးရ ဥပဒေအရ ကယားပြည်နယ်တွင် မဲဆန္ဒ နယ်မြေ ၂ ခု ပါ၀င်သည်။ ထိုသို့ပါ၀င်ခြင်းသည် လူမျိုးရေးကို အခြေမခံဘဲ နိုင်ငံတခုလုံးအတိုင်းအတာနှင့် ၀င်ရောက်ယှဉ်ပြိုင်သည့်အနေအထားမျိုး ဖြစ်ပါက ကေအဲန်ပီပီ အနေဖြင့် ငြင်းပယ်စရာ အကြောင်းမရှိပါဟု ပြောပါသည်။

“ဒီပါတီကိို ထူထောင်တယ်ဆိုတာ တဖက်ကတော့ သူတို့ကို အသိမှတ်ပြုရမှာပဲ တဖက်ကတော့ အင်မတန်တင်းကျပ်တဲ့ ဒီရွေးကောက်ပွဲ ဥပဒေတွေဆို သူတို့အနေနဲ့ သိပ်ပြီးတော့ အလားအလာမကောင်းဘူးလို့ ဦးကတော့ မြင်တယ် ပိုဆိုးတာက ဒီကရင်ပါတီတွေက အခုလို တိုင်းပြည်ထဲမှာ ရွေးကောက်ပွဲ ကော်မရှင်တွေ လုပ်ထားတဲ့ ဒီတင်းကျပ်တဲ့ဥပဒေတွေကိုသူတို့ ဘယ်လိုကျော်နိုင်မလဲ သူတို့ မကျော်နိုင်ရင် သူတို့လည်း စုံစုံမြုပ်သွားမှာပဲ” ဟု ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင်နှင့် တိုင်းရင်းသား လူမျိုးများ ကောင်စီအတွင်းရေးမှူး ( ၁ ) ဖဒို ဒေးဗစ်ထောက ပြောပါသည်။

၎င်းးပါတီသည် ကယားပြည်နယ်ထဲတွင် မဲဆန္ဒနယ်မြေနှင့်ပတ်သက်ပြီး နေရာဒေသကို မည်သို့ ခွဲခြားသတ်မှတ်ထားသည်ကို တိတိကျကျ မသိသေးသော်လည်း ယေဘုယျအားဖြင့် ဖာဆောင်းမြို့နယ်မဲဆန္ဒနယ်မြေနှင့် လွိုင်ကော်မဲဆန္ဒနယ်မြေတွင် ဖြစ်နိုင်ချေ ရှိသည်ဟု ခူဦးရယ်က ပြောပါသည်။

ကေအဲန်ပီပီ၏ မေလ ၁၁ ရက်နေ့ထုတ်ပြန်ချက်အရ “ ကရင်ပြည်သူ့ပါတီ အနေဖြင့် ကယားပြည်နယ်အတွင်းရှိ မည်သည့် မဲဆန္ဒနယ်မြေတွင်မဆို ပါ၀င်ယှဉ်ပြိုင်သွားခြင်းကို လက်ခံမည်မဟုတ်ကြောင်းနှင့် ၄င်းပါတီဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေရှိ မဲဆန္ဒရှင်များမှလည်း မဲထည့်ဝင်ခြင်း မပြုလုပ်ကြရန် အသိပေးထုတ်ပြန်အပ်ပါသည်” ဟု ရေးသားထားသည်။

ကရင်ပြည်သူ့ပါတီကို စစ်ဗိုလ်ဟောင်း ဗိုလ်မှူးကြီး ထွန်းအောင်မြင့်က ဦးဆောင်သည်။ အနှစ်၂၀အလွန် ပထမဆုံး ရရှိတဲ့ နိုင်ငံရေးပါတီ ထူထောင်ခွင့်ဖြစ်သည့်အတွက် လူထုမည်သို့ သဘောထားသည်ကို ၂၀၁၀ ရွေးကောက်ပွဲတွင် အဖြေထွက်လာပါလိမ့်မည်ဟု ဒေးဗစ်ထောက ပြောပါသည်။

Most read this week