မြဝတီ အနီးမှာ ဗုံးပေါက်ပြန်ပြီ

မြဝတီ အနီးမှာ ဗုံးပေါက်ပြန်ပြီ
by -
မင်းထက်အောင်
ဗုံးပေါက်ကွဲမှု မကြာခဏဖြစ်ပေါ်လျှက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နှင့်ငါးကီလိုမီတာခန့်ဝေးကွာသော ကုန်သွယ်ရေးဇုံ အဆောက်အဦး တစ်ခုနောက်ဖက်၌ ယနေ့နံနက်အစောပိုင်း တစ်နာရီမထိုးမီ မိနစ်ပိုင်းအလိုတွင် ဗုံးပေါက်ကွဲမှုတစ်ရပ် ဖြစ်ပေါ် ခဲ့ကြောင်း မြို့ခံမွန်ကုန်သည် တစ်ဦးက ကောင်းဝါသတင်းဌာနသို့...

မင်းထက်အောင်(မေ-၂၁)။    ။ ဗုံးပေါက်ကွဲမှု မကြာခဏဖြစ်ပေါ်လျှက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နှင့်ငါးကီလိုမီတာခန့်ဝေးကွာသော ကုန်သွယ်ရေးဇုံအဆောက်အဦးတစ်ခုနောက်ဖက်၌ ယနေ့နံနက်အစောပိုင်း တစ်နာရီမထိုးမီ မိနစ်ပိုင်းအလိုတွင် ဗုံးပေါက်ကွဲမှုတစ်ရပ် ဖြစ်ပေါ် ခဲ့ကြောင်း မြို့ခံမွန်ကုန်သည်တစ်ဦးက ကောင်းဝါသတင်းဌာနသို့ ပြောကြားခဲ့သည်။

“ဗုံးသံကြားရပြီးနောက်မှာ သေနတ်သံတွေလည်း ကြားရတယ်၊ လုံခြုံရေးအဖွဲ့က ပစ်ခတ်တာမဟုတ်ဘူးဆိုတော့ ဗုံးလာခွဲသူတွေရဲ့ လက်ချက်ပဲလို့ ပြောလို့ရတယ်၊ အဲဒီနေရာကိုချက်ချင်း ဘယ်သူမှ မသွားရဲကြဘူး၊ အာဏာပိုင်တွေလည်း မိုးလင်းမှသွားစစ်ဆေးကြတယ်” ဟု အဆိုပါကုန်သည်က ဖြစ်စဉ်ကို ပြောကြားပါသည်။

မြဝတီမြို့ပေါ်ရှိ ဝန်ထမ်းအသိုင်းအဝိုင်းများလည်း အဆိုပါဗုံးပေါက်ကွဲမှုမှန်ကန်ကြောင်း အတည်ပြုပြောကြားပြီး ထိုအနီးအနားတွင် မပေါက်ကွဲရ သေးသော နောက်ထပ်ဗုံးတစ်လုံး ကျန်ရှိနေသည်ကို မြန်မာစစ်အာဏာပိုင်များ သိမ်းဆည်းရမိသည်ဟု ဆိုပါသည်။

အဆိုပါဗုံးအမျိုးအစားကိုကြည့်၍ လက်လုပ်ဆွဲမိုင်းအမျိုးအစားဟု မြန်မာစစ်အာဏာပိုင်များသတ်မှတ်ကာ ကေအင်န်ယူ လက်ချက်ဟုသာ ကောက်ချက်ချပြောဆိုနေသည်။

သို့ရာတွင် နယ်စပ်ရှိကုန်သည်အသိုင်းအဝိုင်းများကြားတွင် ထိုသို့မယူဆပဲ မြို့ပေါ်ရှိလက်နက်ကိုင်တပ်ဖွဲ့များအကြား စီးပွားရေးစားကျက်လုကြရာမှ ဖြစ်ပေါ်လာသော ဗုံးဖေါက်ကွဲမှုများဟုသာ ပြောဆိုအကဲဖြတ်နေကြသည်။

ထိုကုန်သွယ်ရေးဇုံတွင် ထိပ်တန်းမြန်မာစစ်ခေါင်းဆောင်များနှင့်နီးစပ်သူများ၊ အပစ်ရပ်၊ လက်နက်ချတိုင်းရင်းသားအဖွဲ့အစည်းများနှင့် ဒေသခံ ကုန်သည် ကုန်ပစ္စည်းများ သိုလှောင်ဖြန့်ဖြူးရာနေရာလည်း ဖြစ်သည်။

အလားတူ ယခုလ(၇) ရက်နေ့၊ နံနက်အစောပိုင်းတွင်လည်း မြဝတီနယ်စပ်မြို့ပေါ်၌ လက်ပစ်ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ ဒီကေဘီအေ အရာရှိ စောနေစိုး(ခေါ်) ဗိုလ်နေစိုးဒဏ်ရာရရှိသည်ကို သတင်းများတွင်ဖေါ်ပြခဲ့ပြီး ယခုတိုင်လက်သည်ရှာမရဖြစ်နေသည်။

သို့သော်လည်း ယခုလ(၉) ရက်နေ့ညပိုင်း ဘုရားသုံးဆူမြို့နယ်စပ်ဗုံးပေါက်ကွဲမှုတစ်ရပ်၌ KPF ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့(ဟောင်သရော)နှင့် ဆက်နွယ်နေသူနှစ်ဦးကို အဆိုပါဗုံးဒဏ်ရာနှင့်အတူ မြန်မာအာဏာပိုင်များ ပထမဆုံးအကြိမ်ဖမ်းဆီးမိသည့်ဖြစ်ရပ် သတင်းများတွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည်။