ဘင်္ဂလားပင်လယ်အော် တောင်းပိုင်းမှ စခဲ့သည့် လိုင်လာ ‘Laila’ ဆိုင်ကလုန်း မုန်တိုင်းသည် နောက်ထပ် ၃ ရက် အကြာတွင် မြန်မာနိုင်ငံ စစ်တွေမြို့ဘက်သို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က ပြောသည်။
ယင်းမုန်တိုင်းသည် ယခုအခါ အိန္ဒိယနိုင်ငံ ကမ်းရိုးတမ်းတလျောက်ရှိ ကုန်းပိုင်းဒေသတွင် ၁ နာရီ လျင် ၁၄၀ ကီလိုမီတာ နှုန်းဖြင့် တိုက်ခတ်လျက် ရှိပြီး နောက်ထပ် ရ၂ နာရီအကြာတွင် စစ်တွေမြို့ဘက်သို့ ဦးတည် ဝင်ရောက်ဖွယ်ရှိသည်ဟု ဆိုသည်။
“ကျနော်တို့တွက်လိုက်တဲ့ အခါမှာ ရခိုင်ပြည်နယ် မြောက်အစွန်းဘက်ကို ဝင်နိုင်တာပေါ့နော်။ ကုန်းပိုင်းအတိုင်း တောက်လျောက်သွားမယ် ဆိုရင်တော့ မုန်တိုင်းက အားပျော့သွားနိုင်ပါတယ်။ မိုးသဲသဲထန်ထန်ရွာလောက်ရုံပဲ ဖြစ်မှာပါ။ ရေထဲကနေဖြတ်ပြီး ဝင်မယ်ဆိုဆိုရင်တော့ ပြန်ပြီး အားပြင်းသွားနိုင်ပါတယ်” ဟု ဦးထွန်းလွင်က မဇ္စျိမ ကို ပြောသည်။
montai
မုန်တိုင်းသည် လတ်တလော အိန္ဒိယနိုင်ငံကုန်းပိုင်းဒေသများတွင် ၁ နာရီလျင်မိုင် ၁၄ဝ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်နေသော်လည်း ရခိုင် ပြည်နယ်သို့ ဝင်ရန် နောက် ၃ ရက်ကြာဦးမည်ဖြစ်သဖြင့် တိုက်နှုန်းအား အတိအကျကို ကြိုတင်ပြောဆိုနိုင်ခြင်း မရှိသေးဟု သူက ပြောသည်။
“အိန္ဒိယကုန်းပိုင်းဒေသတွေကို ဝင်နေပါတယ်။ တော်တော်လေး ပြင်းတယ်လို့ သိရပါတယ်။ အမှန်ကတော့ မိုးတွင်းကာလမှာ အနောက်မြောက်ကို ဆက်သွားရမှာပါ။ အခု မုတ်သုန်က မဝင်သေးတော့ အဲဒီအနောက် မြောက်ဘက်ကို သွားလို့မရတော့ဘူးပေါ့။ အဲဒီတော့ ဒီဘက်ကို ကွေ့လာ တာပေါ့” ဟု သူကပြောသည်။
ယင်း လိုင်လာ ဆိုင်ကလုန်းသည် ယခုလ ၁၇ ရက်နေ့က ဘင်္ဂလားပင်လယ်တောင်ပိုင်း လေဖိအားနည်း ရပ်ဝန်းမှ စတင်ဖြစ်ပေါ်ခဲ့ပြီး ၁၈ ရက်နေ့ တွင် မုန်းတိုင်းငယ်အဖြစ်သို့ အင်းအားကြီးထွားလာခဲ့ကာ “လိုင်လာ” ဟု အမည် တပ် နိုင်လောက်သည့် အားကောင်းသော အဝါရောင်အဆင့် ရောက်ရှိခဲ့ကြောင်း သိရသည်။
စင်္ကာပူအခြေစိုက် ရေကြောင်း မိုးလေဝသပညာရှင် ဒေါက်တာတင်ထွန်းမြင့်ကမူ မုန်တိုင်းသည် အိန္ဒိယနိုင်ငံမှ တဆင့် ဘင်္ဂလားဒေရှ့်နယ်စပ်နှင့် ရခိုင်ပြည်နယ်ထဲသို့ ဝင်ရောက်နိုင်သော်လည်း စိုးရိမ်ဖွယ်ရာအဆင့်တွင် ရှိတော့မည် မဟုတ်ဟု သုံးသပ်သည်။
“မြန်မာနိုင်ငံဘက်ကို လည်သွားမယ်ဆိုရင် အဲဒီအချိန်ကျလို့ရှိရင် ရေမိုင်က တနာရီကို ၂၅ မိုင်ကနေ ၃ဝ အကြားပဲ ရှိတော့မယ်။ စိုးရိမ်စရာအဆင့် မရှိတော့ပါဘူး။ သူ လိုချင်တဲ့ ရေငွေ့ မရတော့တဲ့အတွက် ကုန်းပိုင်းဒေသမှာတင် ပျော့ကျသွားပါလိမ့်မယ်” ဟု ဒေါက်တာတင်ထွန်းမြင့်က ပြောသည်။
“မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်” များ ပါဝင်သည့် ယနေ့ထုတ် သတင်းစာ၌မူ ဘင်္ဂလားပင်လယ်အော် အနောက် တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း လိုင်လာ Laila သည် အားကောင်းသည့်အဆင့် ရောက်နေသော် လည်း မြန်မာနိုင်ငံသို့ ဝင်မည် မဟုတ်ဟု ဖော်ပြထားသည်။
မုန်တိုင်း၏ “အမြင့်ဆုံး လေတိုက်နှုန်း” မှာ တနာရီ ရ၅ မိုင်ခန့် ရှိသည်ဟုလည်း ဆိုထားသည်။ မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန်ပင်လယ်တို့တွင် နေရာအနှံ့ မိုးထစ်ချုန်းရွာပြီး တခါတရံ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းကြီးပြီး လေပြင်း တိုက်စဉ် “ရေပြင်မြေပြင်” လေသည် တနာရီ မိုင် ၄ဝ အထိရှိမည်ဟု ရေးသားထားသည်။
ဆိုင်ကလုန်းမုန်တိုင်းအမည် "Laila" သည် ပါကစ္စတန်နိုင်ငံက အကြံပြုထားသည့် အမည်ဖြစ်ပြီး ယခု မုန်တိုင်းပြီး နောက်တကြိမ် မုန်တိုင်းဖြစ်လျင် သီရိလင်္ကာနိုင်ငံက အကြံပြုထားသော "Bandu" ဟု သတ်မှတ်မှာဖြစ်သည်။