ဘရိတ်ပေါက်သွားသော သစ်လုံးတင်ကားပေါ်မှ သစ်လုံးများ ပိ၍ လူ ၃ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိသွားမှု ရန်ကုန်တိုင်း ဒေါပုံမြို့နယ်တွင် ကြာသာပတေးနေ့ နံနက်က ဖြစ်ပွားခဲ့သည်။
Takecareee
သစ်လုံးတင် ဆယ်ဘီးကား အ / ရ၉၉၄ သည် နံနက် ၁၁ နာရီခန့်က ဒေါပုံမြို့နယ် ဒေါပုံသင်္ဘောကျင်း အဝင်လမ်းဆုံတွင် ဘရိတ်ပေါက်သွားပြီး လမ်းလယ်ကျွန်းကို ဝင်တိုက်မိရာက သစ်လုံးများ ပြုတ်ကျကာ အနီးရှိ အငှားယဉ်နှစ်စီးနှင့် လမ်းသွားတဦးကို ပိကုန်တော့သည်။
အချင်းနှစ်ပေခန့်ရှိသော သစ်လုံးများပိ၍ လမ်းဖြတ်ကူးနေသော အမျိုးသမီးတဦးနှင့် အငှားယဉ်တစီးပေါ်မှ အမျိုးသမီးတဦး၊ အမျိုးသားတဦး ပွဲချင်းပြီး သေဆုံးသွားသည်။
အခင်းဖြစ်ပွားရာတွင် ရှိနေသော ယဉ်ထိန်းရဲတဦးက သေသူများအနက် ၂ ဦးမှာ အသက် ၄၈ နှစ်အရွယ်ရှိ ဦးကျော်ခိုင်နှင့် ဒေါ်နုနုဝေ ဇနီးမောင်နှံ ဖြစ်ကြပြီး ကျန်တဦးအတွက်မူ စုံစမ်းဆဲဖြစ်သည်ဟု ပြောသည်။
Takecareee
အခြားသော အငှားယဉ်တစီးပေါ်မှ ယဉ်မောင်းနှင့် ခရီးသည် နှစ်ဦးတို့လည်း ဒဏ်ရာပြင်းထန်၍ ရန်ကုန်ဆေးရုံုကြီးတွင် ဆေးကုသမှု ခံယူနေရသည်။
သစ်လုံး ၃ဝ ခန့် ကားတွင် တင်ဆောင်လာခဲ့ပြီး ၆ လုံးအောက်သို့ ပြုတ်ကျခဲ့သည်။ သစ်ကားမောင်းသူကတော့ ထွက်ပြေး တိမ်းရှောင်သွားသည်။
ထိုနေရာအနီး လွန်ခဲ့သောနှစ်အတွင်းက သစ်လုံးတင်ကားတစီး ဘရိတ်ပေါက်၍ လမ်းဘေးရှိ ဆေးဆိုင်ကို ဝင်တိုက်ရာ လူတဦး ပွဲချင်းပြီးသေဆုံးခဲ့ဖူးသည်ဟု ရန်ကုန်တိုင်း မော်တော်ယာဉ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ အရာထမ်းတဦးက ပြောသည်။