ရေရှားပါးမှုကြောင့် ကျွဲ၊နွားများ ရေငတ်သေဆုံး

ရေရှားပါးမှုကြောင့် ကျွဲ၊နွားများ ရေငတ်သေဆုံး
ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စုများတွင် ရေရှားပါးမှုဒဏ်ကြောင့် ကျွဲ၊ နွားများ ရေငတ်၍ သေဆုံးမှုများကြံုတွေ့နေကြရ....

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စုများတွင် ရေရှားပါးမှုဒဏ်ကြောင့် ကျွဲ၊ နွားများ ရေငတ်၍ သေဆုံးမှုများကြံုတွေ့နေကြရသည်။

“၁၀ရက်နေ့က တောထဲမှာကျွဲမကြီးတစ်ကောင်သေသွားတယ်။ ဟိုဘက်ရွာကလည်း နွားပေါက်ကလေးတွေ သေတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေါဖုကျေးရွာအုပ်စုဖြစ်သော ဒေါပဲ့ဒူရွာ၊ ဒေါပဲ့ရွာနှင့် ဒေါဆိုခူရွာများရှိရွာသူ/သားများသည် ဆယ့်နှစ်ရာသီပတ်လုံး စိမ့်စမ်းရေထွက်ပေါက်ရှိရာ (၃)မိုင်ခန့်ဝေးသော တောတောင်ထဲများတွင် ရေများကို ခပ်ယူသုံးစွဲကြရသည်။ ထိုမှ စီးဆင်းလာသောရေများကို ကျွဲ၊ နွားများက သောက်သုံးကြရသည်။

စိမ့်စမ်းရေထွက်ပေါက်များ ခမ်းခြောက်ကုန်သဖြင့် ယခုထက်ဝေးသော ရေထွက်ပေါက်များကိုရှာကြံကာ သွားရောက်ခပ်ယူကြရခြင်းကြောင့် ကျွဲ၊ နွားများမှာ ရေကိုမသုံးစွဲနိုင်ကြတော့ကြောင်း သိရသည်။

“ရေနည်းနည်းလေးထွက်နေသေးတဲ့ ဟိုးအဝေးကတစ်ကန်ကို ရေသွားခပ်ရလို့ ကျနော်တို့ရဲ့ ကျွဲ၊ နွားတွေလည်း ဘာမှသောက်စရာ ရေမရှိတော့ဘူး”ဟု ဒေသခံ ကျွဲ၊ နွားပိုင်ရှင် တစ်ဦးက ပြောသည်။

ကျေးရွာသူ/သားများပင် ရေကိုလုံလောက်စွာ မသုံးနိုင်၍ ကလေးငယ်များတွင်လည်း ပါးစပ်တွင် အပူဖုများ ပေါက်ကာ နာမကျန်းဖြစ်ကြရသည်။