လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ All Mon Region Democracy Party မှ ကိုယ်စားလှယ်လောင်းနေရာ ၅၃ ဦးလျာထားကြောင်း ယင်းပါတီအဖွဲ့ခေါင်းဆောင် နိုင်ငွေသိန်း(နိုင်ဂျနူမွန်)နှင့် ယနေ့ဆက်သွယ်မေးမြန်းချက်တစ်ရပ်တွင် ကောင်းဝါသို့ ပြောကြားပါသည်။
“မွန်ပြည်နယ်မှာ ၄၂ နေရာ၊ ပဲခူး၊ တနင်္သာရီနဲ့ ကရင်ပြည်နယ်တို့မှာ ၁၃ နေရာဝင်ပြိုင်ဖို့ ရည်ရွယ်ထားတယ်” ဟု နိုင်ငွေသိန်း အတည်ပြု ပြောကြားခဲ့သည်။
သို့ရာတွင် ဆက်လက်လျှောက်ထားဆဲဖြစ်သော နိုင်ငံရေးပါတီမှတ်ပုံတင်မကျသေးသဖြင့် အဆိုပါရွေးကောက်ပွဲဝင် ကိုိယ်စားလှယ်လောင်းအမည် အတိအကျ မပြောနိုင်သေးဟု ဆိုပါသည်။
အကယ်၍ နိုင်ငံရေးပါတီမှတ်ပုံတင်ကျလာပါက ကနဦးပါတီဝင် အနည်းဆုံးတစ်ထောင်ခန့် စုစည်းနိုင်လိမ့်မည်ဟု ယူဆကြောင်း ဆက်လက် ပြောကြား ပါသည်။
AMRDP မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီသည် မွန်တိုင်းရင်းသားများအတွင်း ကိုယ်စားပြုပါတီတစ်ရပ်သာ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည့်အတွက် မွန်လူငယ်အများအပြား ယင်းပါတီသို့ဝင်ရောက်လာဖွယ်ရှိနိုင်ကြောင်း အကဲခတ်များယူဆနေကြသည်။
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံကိုလက်မခံနိုင်သဖြင့် ယခင် ၁၉၉၀ ရွေးကောက်ပွဲဝင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့MNDF အပြင် အပစ်ရပ်မွန်ပြည်သစ် ပါတီ NMSP တို့သည်လည်း လာမည့်ရွေးကောက်ပွဲကို ဝင်ရောက်မည်မဟုတ်ကြောင်း သတင်းဌာနများသို့ ထုတ်ဖေါ်ပြောကြားခဲ့ပြီး ဖြစ်သည်။
အဆိုပါ မွန်နိုင်ငံရေးအဖွဲ့အစည်းနှစ်ရပ်ဖြစ်ကြသည့် MNDF နှင့် NMSP မှ အချို့အဖွဲ့ဝင်ဟောင်းများလည်း AMRDP တွင် ဝင်ရောက်လှုပ်ရှား နေကြသည်ကို သိရှိနေရသည်။
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကို ပြီးခဲ့သည့်ဧပြီလ (၇)နေ့၌ မော်လမြိုင်မြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီသည် လွန်ခဲ့သည့်ဧပြီလ ၃၀ ရက်နေ့တွင် သက်ဆိုင်သည့် ရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး မေလ (၄) ရက်နေ့တွင် ခွင့်ပြုမိန့်ရခဲ့သည်။
ထို့နောက် ပါတီဖွဲ့စည်းပုံအရပ်ရပ်ကို ရွေးကောက်ပွဲကော်မရှင်မှ ချပေးထားသောလုပ်နည်းလုပ်ဟန်များ အတိုင်း ဆက်လက်တင်ပြ ထားဆဲ ဖြစ်သည်ဟု သိရသည်။
သို့သော်လည်း ပါတီဥက္ကဌ၊ အတွင်းရေးမှူးများနှင့် ထိပ်ပိုင်းခေါင်းဆောင်နေရာများ အတိအကျ မသတ်မှတ်ရသေးပေ။