မိုးရွာရန် ပဲခူးတွင် လွန်ဆွဲ

မိုးရွာရန် ပဲခူးတွင် လွန်ဆွဲ
by -
ဆလိုင်း ဟံသာစန်း
ပဲခူးတိုင်းအတွင်း မိုးခေါင်ရေရှား ဖြစ်နေသဖြင့် လူဦးရေ ၁ဝဝဝ ထက်မနည်းသော ပဲခူးမြို့ခံများက မိုးခေါ်သည့် လွန်ဆွဲပွဲများကို ယမန်နေ့က ကျင်းပ....

ပဲခူးတိုင်းအတွင်း မိုးခေါင်ရေရှား ဖြစ်နေသဖြင့် လူဦးရေ ၁ဝဝဝ ထက်မနည်းသော ပဲခူးမြို့ခံများက မိုးခေါ်သည့် လွန်ဆွဲပွဲများကို ယမန်နေ့က ကျင်းပခဲ့ကြသည်။

မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၆ဝ ကျော်တွင် ရေတွင်းရေကန်များ ခန်းခြောက်ကာ သောက်သုံးရေ ရှားပါးနေသဖြင့် ပဲခူးမြို့ခံများက မိုးခေါ်သည့် လွန်ဆွဲပွဲကို မြို့အရှေ့ဘက် ရွှေအောင်ရွေး ဘုရားခြေတော်ရင်းနှင့် ကျောက်တွင်းကုန်းရပ်ကွက် နေရာများတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

“လွန်ဆွဲပွဲဆိုတာက လွတ်လပ်ရေးနေ့ အားကစားပွဲမှာ ပြိုင်ပွဲတရပ်အနေနဲ့ ကစားကြတာမျိုးပဲ ရှိပါတယ်။ အခုကတော့ မိုးရွာစေဖို့ကို ရည်ရွယ်ပြီး အုန်းပွဲ၊ ငှက်ပျောပွဲနဲ့ မိုးခေါင်ကျော်စွာနတ်ကို ပသကြတာပေါ့နော်။ ကျနော့်တသက်တော့ ဒါက ပထမဆုံး ကြံုဖူးတာပါ” ဟု ပဲခူးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်  ကိုကျော်ဝင်းက မဇ္စျိမကို ပြောသည်။

လွန်ဆွဲပွဲကို ပဲခူးမြို့ပေါ်ရှိ ရွှေတောင်ရွေးနှင့် စိန်ပန်း ဘုန်းကြီးကျောင်းတိုက်များက ကမကထပြုကာ ကျင်းပပေးခဲ့ကြခြင်း ဖြစ်သည်။

ပဲခူးမြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း ကဆန်လပြည့်နေ့ ဝန်းကျင်တွင် စတင်၍ မိုးရွာသွန်းလေ့ရှိကြောင်းနှင့် ယခုနှစ်မှာ ပုံမှန်ရွာသွန်းချိန်ထက် ရက်သတ္တပတ် ၃ ပတ်ခန့် နောက်ကျနေကြောင်း ပဲခူးမြို့ခံများက ပြောဆိုကြသည်။

အလားတူပင် မိုးရွာသွန်းရန် ကြိုးပမ်းသည့်အနေဖြင့် ပဲခူးမြို့ ကြခတ်ဝိုင်းကျောင်းတိုက်မှ ဆရာတော်ကြီး အမှူးပြုသော သံဃာတော်များကလည်း ယခုလ ၁၅ ရက်နေ့မှ စတင်ကာ နေ့စဉ်ရက်ဆက် မြို့ကိုပတ်၍ ငါးရံ့မင်းပရိတ် ရွတ်ဖတ်နေကြသည်။

“ဦးဇင်းတို့ ငရံ့မင်းပရိတ် ရွတ်နေတာ ၃ ရက်ရှိပါပြီ။ ဆရာတော်ကြီး ဦးဇောတိပါလ ဦးဆောင်ပြီး လုပ်နေတာပါ။ ပဲခူးမှာ မိုးခေါင်နေတဲ့အတွက် မိုးရွာစေတဲ့ ငရံ့မင်း ပရိတ်ကို ရွတ်ခြင်းဖြစ်ပါတယ်” ဟု ကိုယ်တိုင်ပါဝင် ပရိတ်ရွတ်သူ ကြခတ်ဝိုင်းကျောင်းတိုက်မှ စာသင်သား ဦးဇင်းတပါးက မဇ္စျိမကို မိန့်တော်မူသည်။

ပဲခူးတိုင်းအတွင်းရှိ ပဲခူး၊ ကဝ၊ ဝေါ၊ သနပ္ပင်၊ ဒိုက်ဦးနှင့် အင်းမစသည့် ဒေသများမှ ကျေးရွာပေါင်း ၆ဝ ကျော်မှ ဒေသခံ ရ သောင်းကျော်မှာ သောက်သုံးရေရှားပါးမှု ကြံုတွေ့နေရသည့်အတွက် အလှူရှင်များ လှူဒါန်းသည့် သောက်သုံးရေကို အားထားနေရသည်။

မိုးခေါ်သည့် လွန်ဆွဲပွဲများကို မကွေးတိုင်း၊ မန္တလေးတိုင်းများအတွင်းရှိ မြို့နယ်အချို့တွင် နှစ်စဉ် ကျင်းပလေ့ရှိကြောင်း သိရသည်။