အရှေ့တောင်တိုင်းမှ မွန်ပြည်သစ်ပါတီအား တရားမဝင်အသင်းဟု ကြံ့ဖွံ့ကို ပြော

အရှေ့တောင်တိုင်းမှ မွန်ပြည်သစ်ပါတီအား တရားမဝင်အသင်းဟု ကြံ့ဖွံ့ကို ပြော
by -
ဂျုရီချိုင်း၊ မိယဉ်မွန်
မွန်ပြည်သစ်ပါတီသည် တရားဝင်လက်နက်ကိုင်ပါတီမဟုတ်တော့ကြောင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုိးရေးအသင်းဝင် အရာရှိများ အစည်းအဝေးတွင်...

မွန်ပြည်သစ်ပါတီသည် တရားဝင်လက်နက်ကိုင်ပါတီမဟုတ်တော့ကြောင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုိးရေးအသင်းဝင် အရာရှိများ အစည်းအဝေးတွင် ပြောကြားသည်။

တိုင်းမှူး ဒုဗိုလ်ချုပ်ကြီး သက်နိုင်ဝင်မှ မေလ ရ ရက်နေ့တွင် မော်လမြိုင်နှင့် မုဒုံမြို့နယ်အတွင်းရှိ ကြံ့ခိုင်ရေးအဖွဲ့ခေါင်းဆောင်များကို အရှေ့တောင်တိုင်းဌာနချုပ်တွင် အစည်းအဝေးခေါ်ယူပြီး မွန်ပြည်သစ်ပါတီသည် တရားဝင်လက်နက်ကိုင်ပါတီမဟုတ်တော့ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူ ကြံ့ဖွံ့အသင်းဝင်တစ်ဦးက ပြောသည်။

အစည်းအဝေးတက်ရောက်ခဲ့သူ ကြံ့ဖွံ့အသင်းဝင်နှင့် နီးစပ်သူတစ်ဦးကလည်း “မွန်ပြည်သစ်ပါတီကို စစ်အစိုးရတို့က တရားမဝင်လက်နက်ကိုင်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့အတွက် သတိနဲ့ နေသွားဖို့ ကြံ့ဖွံ့အဖွဲ့ဝင်တွေကို အစည်းအဝေးမှာ ပြောတယ်” ဟု သူက ပြောသည်။

စစ်အစိုးရဘက်မှ မွန်ပြည်သစ်ပါတီကို တရားမဝင်အဖွဲ့ဖြစ်သည်ဟု ကြေငြာခြင်းမရှိသေးပါ။ နေ့ရက် အကန့်အသတ် သတ်မှတ်ထားခြင်းမရှိသည့်အတွက် ယနေ့ ကြေငြာချင်ကြေငြာနိုင်သလို ဒါကို နောင်နှစ်မှ ကြေငြာချက် ထုတ်ပြန်ချင် ထုတ်နိုင်သည်ဟု မွန်ပြည်သစ်ပါတီ အရာရှိသူတစ်ဦးက ပြောသည်။

“မွန်ပြည်သစ်ပါတီကို တရားမဝင်သတ်မှတ်ထားတဲ့အတွက် ပါတီဝင်တွေကို အချိန်မရွေး စွပ်စွဲလို့ရတယ်၊ ဒါကြောင့် သတိနဲ့နေဖို့ ကြံ့ဖွံ့တွေက ပြောထားတာရှိတယ်” ဟု ကြံ့ဖွံ့ အဖွဲ့ဝင်နှင့် နီးစပ်သူက ပြောသည်။

လွန်ခဲ့သည့် ဧပြီလ ၂၈ ရက်နေ့ နောက်ပိုင်းမှစ၍ မွန်ပြည်သစ်ပါတီအား တရားမဝင်ပါတီအဖြစ် သတ်မှတ်ထားသည်ဟု ကြံ့ဖွံ့အသင်းဝင်များအစည်းအဝေးတွင် အရှေ့တောင်တိုင်း တိုင်းမှူးက ပြောကြားသည်။

၄င်းအစည်းအဝေးတွင် အောက်ခြေကြံ့ဖွံ့အသင်းဝင်များကို မပါဝင်ပဲ၊ ခေါင်းဆောင်အသင်းဝင်များကိုသာ ရွေးချယ်ခေါ်ယူသည်ဟု ၎င်းက ပြောသည်။

“မွန်ပြည်သစ်ပါတီနဲ့ စစ်အစိုးရဟာ အပစ်အခက်ရပ်ဆဲဲလာတာ ၁၅ နှစ်တိုင်တိုင်ရှိခဲ့ပြီး၊ ပြည်သူလူထုတွေကလည်း ကိုယ့်ရပ် ကိုယ့်ရွာမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေလာခဲ့ကြတာ၊ နောက်နောင်လည်း ငြိမ်းချမ်းတာကိုပဲ လိုလားကြတယ်၊ ပြည်သူလူထုအတွက် ဘယ်သူမှ ဝိုင်းပြီးမစဉ်းစားတော့ဘူးလား” ဟု သံဖြူဇရပ်မြို့နယ်ရှိ ဝန်ထမ်းတစ်ဦးက ပြောသည်။

မွန်ပြည်သစ်ပါတီ အပစ်ခတ်ရပ်စဲရေးအဖွဲ့နှင့် စစ်အစိုးရတို့ တိုက်ပွဲဖြစ်ခဲ့လျှင် အထက်လူကြီးတွေရဲ့ အမိန့်တစ်ခွန်းကြောင့် တိုက်ပွဲဝင်ရမည့် စစ်သားများနှင့် ၄င်းတို့ မိသားစုအပါအဝင် ပြည်သူတွေလည်း ဒုက္ခရောက်ကြမှာဟု မုဒုံမြိုရှိ ရဲဝန်ထမ်းတစ်ဦးက ပြောသည်။

“တစ်ကယ်လို့ ငြိမ်းချမ်းရေးပျက်ပြယ်သွားခဲ့မယ်ဆိုရင် ကျနော်တို့အတွက် သွားရေး လာရေးလည်းမလွယ်တော့ဘူး၊ အခက်အခဲလည်း ဖြစ်ကြမယ်” ဟု ထိုရဲဝန်ထမ်းက ပြောသည်။