မုံရွာတွင် မိုးသက်လေပြင်း ကျရောက်

မုံရွာတွင် မိုးသက်လေပြင်း ကျရောက်
by -
မြင့်မောင်
နေအပူရှိန် ပြင်းထန်သဖြင့် သောက်သုံးရေ ရှားပါးနေသော စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းတွင် မိုးသက်လေပြင်းများ ကျရောက်ခဲ့ရာ သစ်ပင်နှင့် နေအိမ်အချို့ ကျိုးပဲ့ပျက်စီးမှုများပင် ရှိခဲ့ကြောင်း....

နေအပူရှိန် ပြင်းထန်သဖြင့် သောက်သုံးရေ ရှားပါးနေသော စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းတွင် မိုးသက်လေပြင်းများ ကျရောက်ခဲ့ရာ သစ်ပင်နှင့် နေအိမ်အချို့ ကျိုးပဲ့ပျက်စီးမှုများပင် ရှိခဲ့ကြောင်း သိရသည်။

မုံရွာမြို့တွင် ၂၈ ရပ်ကွက်ရှိသည့်အနက် လေကြောင်းသင့်သည့် ဘုရားကြီး၊ အလယ်ရပ်၊ ဆူးလေကုန်း၊ အုန်းခြံ၊ အောင်မင်္ဂလာ၊ လယ်တီ၊ ရတနာပုံ စသည့် ရပ်ကွက်များရှိ သစ်ပင်များနှင့် အဆောက်အဦးအချို့၏ အမိုးအကာ ပျက်စီးဆုံးရှုံးမှု ရှိခဲ့သည်။

“တချို့နေရာတွေမှာ အိမ်အမိုးတွေ လန်တယ်။ လမ်းဘေးက သစ်ပင်တွေဘာတွေ လဲတယ်။ မိုးရော၊ လေရောက မြောက်ဖက်ကနေ စတိုက်လာတယ်။ အလုံလမ်းမပေါ်က သစ်ပင်တွေ ဓာတ်တိုင်တချို့ လဲတယ်။ သာစည်လမ်းမှာလည်း သစ်ပင်ကြီးတွေ ကျိုးကျတာတွေ ရှိတယ်။ တနာရီလောက်ပဲ ကြာပါတယ်။ လူအသေအပျောက်တော့ မရှိဘူး။ မိုးလေးရွာတော့ နည်းနည်း နေရထိုင်ရတာ သက်သာတာပေါ့” ဟု အလယ်ရပ်ရှိ မြို့ခံတဦးက မဇ္စျိမကို ပြောသည်။

လေနှင့်အတူ မိုးပါရွာသွန်းသော်လည်း ကုန်းတွင်းပိုင်းရှိ ရပ်ကွက်များတွင် ရေရှားပါးသည့် အခြေအနေမှာ ဆက်လက်တည်ရှိနေသည်။  

“မိုးသက်လေ ၁ နာရီလောက် တိုက်ရုံနဲ့  ရေတွင်းတွေက ဘယ်လိုလုပ် ရေရဦးမလဲ။ မြေအောက်ရေက အလာနည်းသေးတယ်လေ။ မြေအောက်ရေကြောမီဖို့ နောက်ထပ် ရေတွင်းအောက်ပိုင်းကို ၄- ၅ တောင်လောက် တူးရင် ရေကြောတွေ ပြန်ရလာပြီလို့ ပြောတယ်” ဟု မြို့ခံတဦးက ဆိုသည်။

မြို့ခံအများအပြားသည် ရေရှိရေးအတွက် အဝီစိတွင်းများ တူးဖော်နေကြပြီး၊ မြို့အနောက်ဘက်တွင် ကပ်လျက်စီးဆင်းနေသည့် ချင်းတွင်းမြစ်သည်ပင် သောင်ပြင်များ ပေါ်ထွန်းကာ ရေနည်းပါးနေသဖြင့် မြစ်ရေရရှိရန် မလွယ်ကူကြောင်း ဒေသခံများအဆိုအရ သိရသည်။

ထို့အပြင် နေအပူရှိန် ပြင်းထန်သဖြင့် သက်ကြီးရွယ်အိုများနှင့် အရက်သောက်သုံးသူများသည် ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးမှုများ ရှိနေပြီး၊ တနေ့လျှင် တဦးမှ ၃ အကြား ရှိနေကြောင်း အောင်ချမ်းသာရပ်ကွက်တွင် ဆေးခန်းဖွင့်လှစ်ထားသည့် အမည်မဖော်လိုသူ ဆရာဝန်တဦးက မဇ္စျိမကို ပြောဆိုသည်။

အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ မုံရွာမြို့ ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဋ္ဌာနသို့ ဆက်သွယ်မေးမြန်းကြည့်ရာ နေအပူရှိန် ပြင်းထန်မှုကြောင့် အသက်အရွယ်ကြီးရင့် သူများ၊ ကလေးငယ်များနှင့် အလုပ်ကြမ်းလုပ်ကိုင်သူများ နေ့စဉ်နှင့်အမျှ သေဆုံးမှု ရှိနေသော်လည်း အရေအတွက်နှင့် အသေးစိတ် သိရှိလိုသည်များအတွက် ဖြေကြားခွင့် မရှိကြောင်း တာဝန်ကျ ဆရာဝန်အမျိုးသမီးက ပြောသည်။

မုံရွာမြို့ ကုန်းမြင့်ပိုင်းရှိ ဘုရားကြီး၊ အလယ်ရပ်၊ ဆူးလေကုန်း၊ အုန်းခြံ အပါအဝင် ၁၁ ရပ်ကွက်ခန့်တွင် ရေတွင်းများနှင့် မူလကတည်းက မုံရွာမြို့အရှေ့ဘက် ကန်ပြားကြီး၊ ကန်ပြားလေး၊ ဇလုပ်၊ ကျောက်ဆစ်ပုံ၊ ကျောက္ကာ (မြောက်ပိုင်း) ကျေးရွာများတွင် ရေရှားပါးနေသည်။ မြန်မာတနိုင်ငံလုံးတွင် တိုင်းနှင့်ပြည်နယ်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာအချို့တို့တွင် ရေပြတ်လပ်နေသည်။

မိုးလေဝသနှင့် ဇလဗေဒဌာန၏ ယနေ့ သတင်းထုတ်ပြန်ချက်အရ မကွေးတိုင်း ချောက်မြို့ ၄၅ ဒဿမ ၉ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်း မုံရွာမြို့၊ မကွေးတိုင်း မကွေး၊ ပခုက္ကူမြို့၊ မန္တလေးတိုင်း ညောင်ဦးနှင့် မြင်းခြံမြို့များတွင် ၄၅ ဒဿမ ဒီဂရီစင်တီဂရိတ်အထက်၊ စစ်ကိုင်းတိုင်း ကလေးမြို့ (၄၅ ဒီဂရီစင်တီဂရိတ်)နှင့် မကွေးတိုင်း မင်းဘူးမြို့တွင် (၄၄ ဒဿမ ၆ ဒီဂရီစင်တီဂရိတ်) ရှိနေကြာင်း သိရသည်။

Most read this week